
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကမ်ပိန်း ပြည်တွင်းမှ အပြည့်အဝ ပါဝင်နိုင်ချေရှိရဲ့လား
AI Summary
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့တွင် နှင်းဆီလှုပ်ရှားမှုအဖြစ် လူထုလှုပ်ရှားမှုများ ပြုလုပ်ရန် တိုက်တွန်းမှုများရှိနေသည်။ အဆိုပါလှုပ်ရှားမှုသည် အမေစုအပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေးနှင့် စစ်အုပ်စု၏ ဖိနှိပ်မှုများကို ဆန့်ကျင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော် စစ်အုပ်စုက ကမ်ပိန်းတွင် ပါဝင်သူများကို စောင့်ကြည့်ဖမ်းဆီးရန် အမိန့်ပေးထားသဖြင့် ပြည်တွင်းနေထိုင်သူများအတွက် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသည်။ ယခင်နှစ်များကလည်း အလားတူလှုပ်ရှားမှုများကြောင့် ပြည်သူများစွာ ဖမ်းဆီးထောင်ချခံခဲ့ရသည်။ လက်ရှိတွင် ပြည်သူများသည် မိမိတို့၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားရင်း သင့်တော်သည့်နည်းလမ်းများဖြင့် ပါဝင်ရန် ကြိုးပမ်းနေကြသည်။
ထင်ရှားသော ပြောကြားချက်များ
"ဘုရားပန်း တင်ဖို့တော့ လုပ်မှာပါ။ ဒါပေမဲ့ အဲ့ဒီနေ့မှာမှ မဝယ်ဘဲ ကြိုဝယ်ဖို့ စဉ်းစားထားတယ်။ အန္တရာယ်ကင်းဖို့ကလည်း အရေးကြီးတယ်"
"ပါဝင်ချင်တာပေါ့ အရင်တခေါက် ပန်းသပိတ်တုန်းက ကျွန်တော့်သူငယ်ချင်းတယောက် သုံးနှစ်ထောင်ကျသွားတယ်။ ပြည်တွင်းမှာ ကျွန်တော်တို့ရှိနေတာကို သိကောင်းလည်းသိနေမှာပေါ့။ အဖွဲ့ချုပ်ဆိုင်းဘုတ်ကို ခိုးယူသွားတာလည်း မွေးနေ့အမီအကြို ခြိမ်းခြောက်တာပေါ့"
YT (ဇွန် ၁၆)
မဇ္ဈိမ။ ။ မကြာခင်ရက်ပိုင်းအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့ ကျရောက်တော့မည်ဖြစ်သည်။ မွေးနေ့ရက်ဖြစ်သည့် ဇွန်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ “လူထုလှုပ်ရှားမှုကြီးအဖြစ် နှင်းဆီလှုပ်ရှားမှု – ROSE Movement: Roses of Hope” ပြုလုပ်ရန် တိုက်တွန်းမှုများ ပြုလုပ်နေသည်။
နှင်းဆီပန်းများ (သို့မဟုတ် လက်လှမ်းမီရာ အခြားပန်းတမျိုးမျိုး) ကို ဘုရားတင်ခြင်း၊ ပန်ဆင်ခြင်းနှင့် အပြန်အလှန် ဝေငှခြင်း၊ လူမှုကွန်ရက် (Online) စာမျက်နှာများတွင် ဓာတ်ပုံများ တင်ပြခြင်းနှင့် မြေပြင် လူထုသပိတ်လှုပ်ရှားမှုများတွင် ကိုင်ဆောင်ဆန္ဒပြခြင်းများအား ဒေသနှင့် လုံခြုံရေးအခြေအနေများအရ သင့်တော်မည့် နည်းလမ်းများဖြင့် ကမ်ပိန်းတွင် ပါဝင်ကြရန် နှိုးဆော်နေကြခြင်းဖြစ်သည်။ သို့သော် စစ်အုပ်စု၏ ဖိနှိပ်၊ ဖမ်းဆီး၊ နှိပ်စက်မှုများကြားတွင် ထိုကမ်ပိန်း၌ ပါဝင်ရန် ပြည်တွင်းနေထိုင်သူများအဖို့ စိန်ခေါ်မှုများ ရှိနေသည်။
ကမ်ပိန်းတွင် ပါဝင်မည့်သူများကို စောင့်ကြည့်ဖမ်းဆီးရန် စစ်အုပ်စု လက်အောက်ခံ ရဲတပ်ဖွဲ့ကို အမိန့်ပေးထားကြောင်းလည်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ လူသွားလာမှုများသည့် နေရာများ၊ ဈေးများနှင့် ဘုရားများတွင် အရပ်ဝတ်များဖြင့် စောင့်ကြည့်ကာ စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်သွားမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။
ရန်ကုန်မြို့ခံ အမျိုးသမီးတဦးက “ဘုရားပန်း တင်ဖို့တော့ လုပ်မှာပါ။ ဒါပေမဲ့ အဲ့ဒီနေ့မှာမှ မဝယ်ဘဲ ကြိုဝယ်ဖို့ စဉ်းစားထားတယ်။ အန္တရာယ်ကင်းဖို့ကလည်း အရေးကြီးတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကမ်ပိန်းတွင် ပူးပေါင်းပါဝင်သူ အနည်းဆုံး ၁၀ ဦးခန့်ကို စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။ စစ်အုပ်စုလက်အောက်ခံများကလည်း တယ်လီဂရမ်ချန်နယ်များတွင် ကမ်ပိန်းပါဝင်သူများ၏ ကိုယ်ရေးအချက်အလက်နှင့် မှတ်တမ်းဓာတ်ပုံများကို မျှဝေကာ ဖမ်းဆီးအရေးယူရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က မွေးနေ့ပန်းပန် ဆုတောင်းကမ်ပိန်းတွင် ပါဝင်သည်ဆိုသော စွပ်စွဲချက်ဖြင့် မန္တလေးက အမျိုးသမီး ခြောက်ဦး၊ ၂၀၂၃ ခုနှစ်ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ပန်းပန်ထားသူနှင့် ပန်းရောင်းသူ စုစုပေါင်း အမျိုးသမီး ၄၀ ဦး ခန့်ကိုလည်းကောင်း၊ ထောက်ကြန့်ဈေးထဲက အမျိုးသမီး ၁၈ ဦး ၊ သာကေတ နှစ်ဦး၊ ကမာရွတ်မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်နှင့် တာမွေမြို့နယ်များမှ အမျိုးသမီး ၂၈ ဦးနှင့် အမျိုးသား တဦးကိုလည်းကောင်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးသူများရှိသလို ပုဒ်မများတပ်ကာ ထောင်ချအရေးယူလိုက်သူများလည်းရှိလည်းရှိသည်။
ကမ်ပိန်းပါဝင်မှုကြောင့် ဖမ်းဆီး ထောင်ချခံရသူအချို့ပင် လက်ရှိတွင် အကျဥ်းထောင်များမှ ပြန်လွှတ်လာပြီဖြစ်သည်။
အသက် ၆၀ ကျော် အမျိုးသမီးတဦးက “အမေစုကို ချစ်တယ်။ နေ့တိုင်း ဘုရားရှိခိုးတိုင်းလည်း ဟို–မြန်မြန်သေပါစေ ဆုတောင်းတယ်။ သားသမီး မြေးတွေနဲ့ အရင်လို ပျော်ပျော်ရွှင်ရွှင်နေပါစေ ဆုတောင်းတယ်။ တခြားထူးထူးခြားခြားတော့ မလုပ်ရဲဘူး ရပ်ကွက်ထဲမှာလည်း — တွေက လျှောက်သွားနေတာ” ဟု ပြောသည်။
ပြည်တွင်း၌ နေထိုင်သည့် NLD ပါတီဝင် တဦးက “ပါဝင်ချင်တာပေါ့ အရင်တခေါက် ပန်းသပိတ်တုန်းက ကျွန်တော့်သူငယ်ချင်းတယောက် သုံးနှစ်ထောင်ကျသွားတယ်။ ပြည်တွင်းမှာ ကျွန်တော်တို့ရှိနေတာကို သိကောင်းလည်းသိနေမှာပေါ့။ အဖွဲ့ချုပ်ဆိုင်းဘုတ်ကို ခိုးယူသွားတာလည်း မွေးနေ့အမီအကြို ခြိမ်းခြောက်တာပေါ့” ဟု ပြောသည်။
ယခုနှစ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ လူထုလှုပ်ရှားမှု ကြွေးကြော်သံမှာ “အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ” ဟူ၍ဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့တွင် ဒေသနှင့် လုံခြုံရေးအခြေအနေများအရ သင့်တော်မည့် နည်းလမ်းများဖြင့် ပါဝင်လှုပ်ရှားရန် တိုက်တွန်းထားသည်။
ယင်းလှုပ်ရှားမှုမှတဆင့် (၁) လူထုခေါင်းဆောင် အမေစုအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်ရန်၊ (၂) အဓမ္မစစ်မှုထမ်းဥပဒေ ချက်ချင်းဖျက်သိမ်းရန်နှင့် (၃) မြန်မာပြည်၏ သမ္မတသည် “ဦးဝင်းမြင့်” ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်သည် “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်” ဖြစ်ကြောင်းတို့ကို လူထုအသံအဖြစ် ထုတ်ဖော်ပြသသွားမည်ဖြစ်သည်ဟု People Movement Platform က ထုတ်ပြန်ထားသည်။
တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများတွင် ပြီးခဲ့သည့် နှစ်များကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ကမ်ပိန်းတွင် ပူးပေါင်းပါဝင်မှုကို မျှဝေထားသည့် ရုပ်သံများနှင့် ဓာတ်ပုံများမှာ လူမှုကွန်ရက်တွင် ဝေဝေဆာဆာ ထွက်ပေါ်လာနိုင်သော်လည်း စစ်အုပ်စု လက်အောက်ခံမြို့များရှိ ဒေသခံများ၏ လူမှုကွန်ရက်မျှဝေမှုများကို မြင်တွေ့နိုင်ရန်မှာ စိန်ခေါ်မှုများ ရှိနေဦးမည်ဖြစ်သည်။
စာတည်း။ ။ အောင်ကျော်ဖြိုး