သွားမပါတဲ့ လုံခြုံရေးကောင်စီနဲ့ မွှေးမြမြဲ နှင်းဆီနီ
politics||10 MIN READ

သွားမပါတဲ့ လုံခြုံရေးကောင်စီနဲ့ မွှေးမြမြဲ နှင်းဆီနီ

DVB
SourceDVB
Back to News

AI Summary

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာ့အရေးနှင့်ပတ်သက်၍ ထိရောက်သော အရေးယူမှုများ မလုပ်ဆောင်နိုင်ဘဲ အသံသာရှိပြီး အနှစ်သာရမရှိသည့် အဖွဲ့အစည်းတစ်ခုအဖြစ် မြန်မာပြည်သူများက ရှုမြင်နေကြသည်။ လုံခြုံရေးကောင်စီအတွင်းရှိ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ၏ ဗီတိုအာဏာအလွဲသုံးစားလုပ်မှုကြောင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းများကို ဖြေရှင်းရာတွင် အဟန့်အတားဖြစ်နေသည်။ စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် ပြည်သူများစွာ သေဆုံးနေရသော်လည်း လုံခြုံရေးကောင်စီက ထိရောက်သော ဆုံးဖြတ်ချက်များ မချမှတ်နိုင်ခြင်းမှာ ၎င်းတို့၏ ပျက်ကွက်မှုပင်ဖြစ်သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း လုံခြုံရေးကောင်စီ၏ လုပ်ဆောင်ချက်များအပေါ် ယုံကြည်မှုမရှိတော့ကြောင်းနှင့် ဗီတိုခြိမ်းခြောက်မှုများကြောင့် မြန်မာ့အရေး ဆိုင်းငံ့ခံနေရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ လက်ရှိတွင် စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုချက်များကို လျစ်လျူရှုထားပြီး အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်။

ထင်ရှားသော ပြောကြားချက်များ

"ဗီတိုခြိမ်းခြောက်မှုကြောင့် မြန်မာနိုင်ငံအရေး လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းဆောင်တာတွေကို ဆိုင်းငံ့ပိတ်ဆို့နေပြီး လုံခြုံရေးကောင်စီဟာ ထိရောက်မှုကင်းမဲ့ အဖွဲ့အစည်းတရပ် ဖြစ်နေကြောင်း သံအမတ်ကြီးက ဇွန် ၅ ရက်၊ ကုလသမဂ္ဂရင်ပြင်မှာ ကျင်းပတဲ့ လုံခြုံရေးကောင်စီရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးရာမှာ တည့်တည့်ပြောခဲ့တယ်။"

"လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတို့ရဲ့ ယုံကြည်ကိုးစားမှုကို ပြန်လည်တည်ဆောက်နိုင်ဖို့ ဆိုရင် ထိရောက်တဲ့ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ နောက်ဆက်တွဲ ဆုံးဖြတ်ချက်တရပ် မြန်မြန်ချမှတ်ဖို့လည်း သံအမတ်ကြီးက တောင်းဆိုလိုက်တယ်။"

ကျားဆိုတော့လည်း ဟိန်းသံဟောက်သံတွေ ကြားရရုံနဲ့ ဖြုံကြရတာ ဘယ်ဆန်းမလဲ။ ဒါပေမဲ့ သွားမပါတဲ့ ကျားအိုကြီးတကောင် ဖြစ်နေရင်တော့ ကျားမဟုတ်တော့တဲ့ ကျားတကောင်ပါပဲ။ ကွန်မြူနစ်တွေက အဲဒီလိုကျားမျိုးတွေကို စက္ကူကျားလို့ ပြောလေ့ရှိတယ်။ စက္ကူကျား ဆိုတာက ကျားတော့ ကျား၊ အသက်မရှိ၊ အန္တရာယ်မပြုနိုင်တဲ့ ကျားအမျိုးအစား။

သွားမပါတဲ့ကျားနဲ့ စက္ကူကျားဆိုတာက မြန်မာစကားစစ်စစ်တော့ မဟုတ်ဘူး။ နိုင်ငံရပ်ခြားကနေ ရောက်ရှိလာတဲ့ စကားလုံးတွေမို့ သာမန်ပြည်သူတွေရဲ့ကြား အသုံးမများ။ အဲဒီလို ကျားတွေနဲ့ အဓိပ္ပာယ်ချင်းတူတဲ့ မြန်မာစကားလုံးစစ်စစ်က သင်္ကြန်အမြောက်။ သင်္ကြန်အမြောက်လို့ဆိုရင် မြန်မာတွေ မျက်လုံးထဲ အဓိပ္ပာယ် တန်းပေါ်လေ့ရှိတယ်။ အသံသာရှိပြီး အဆန်မပါတဲ့ အမြောက်။ အသံက ဟိန်းထနေပေမဲ့ ကြောက်စရာမလို။

အဲဒီလို အပေါ်ယံအမြင်မှာ သိပ်ကြောက်စရာကောင်းတယ်လို့ ထင်ရပြီး တကယ့်အတွင်းသား အနှစ်သာရမှာ အန္တရာယ်မရှိတဲ့ သွားမပါတဲ့ ကျား၊ စက္ကူကျား၊ သင်္ကြန်အမြောက်ကို မြန်မာပြည်သူတွေက ကမ္ဘာ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ကြီး ဖြစ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ခိုင်းနှိုင်းလေ့ရှိတယ်။

ကမ္ဘာ့အမြင့်ဆုံး အာဏာပိုင်အဖွဲ့ကြီးဖြစ်တဲ့ လုံခြုံရေးကောင်စီမှာ ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးတွေ ဖြစ်တဲ့ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နဲ့ အမေရိကန်တို့က အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေအဖြစ် မားမားမတ်မတ် ဝန်းရံထားပြီး စစ်ရေးအရ အရေးယူလို့ရတဲ့အထိ လုံခြုံရေးကောင်စီမှာ လုပ်ပိုင်ခွင့်အာဏာရှိတာကြောင့် သူ့ထက်ကဲတဲ့ အဖွဲ့အစည်းရယ်လို့ ကမ္ဘာမှာမရှိ။

ပြဿနာက လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေမှာ ဗီတိုအာဏာ ဆိုတာရှိပြီး ဗီတိုအာဏာရှင် ၅ နိုင်ငံက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အသက်ဝိညာဉ်ဖြစ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးမြှင့်တင်ရေး အထိုင်ပေါ်ထက်  မိမိနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံရေး ရပ်တည်ချက်အပေါ်သာ အခြေတည်ကာ ဗီတိုအာဏာကို လိုသလို အသုံးချနေတာကြောင့် လုံခြုံရေးကောင်စီ ဆိုတာက အာဏာကြီးပေမဲ့ အသက်မဝင်။ အဲဒါကြောင့်လည်း ခေတ်သစ်ကမ္ဘာမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေရဲ့ တညီတညွတ်တည်း သဘောတူညီမှုအရ ထိရောက်တဲ့ အရေးယူမှု တစုံတရာ လုပ်ခဲ့နိုင်တာ ရှားရှားပါးပါး။

မြန်မာ့အရေးကိုပဲ ကြည့်။ စစ်တပ်က ပြည်သူရွေးကောက်ခံအစိုးရကို ပြောင်ပြောင်တင်းတင်း အာဏာသိမ်းခဲ့ရုံတင်မက အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေရုံတင်မက အပြစ်မဲ့ပြည်သူများကိုပါ အာဏာသိမ်းစစ်တပ်က နေ့စဉ်မပျက် ဗုံးကြဲသတ်ဖြတ်နေလိုက်တာ အခုဆိုရင် ကျဆုံးပြည်သူ ၈,၀၀၀ ကျော်သွားပြီဖြစ်ပေမဲ့ လုံခြုံရေးကောင်စီက အေးဆေးပဲ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဗီတိုခြိမ်းခြောက်မှုလို့ သုံးနှုန်းတယ်။ ဗီတိုခြိမ်းခြောက်မှုကြောင့် မြန်မာနိုင်ငံအရေး လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းဆောင်တာတွေကို ဆိုင်းငံ့ပိတ်ဆို့နေပြီး လုံခြုံရေးကောင်စီဟာ ထိရောက်မှုကင်းမဲ့ အဖွဲ့အစည်းတရပ် ဖြစ်နေကြောင်း သံအမတ်ကြီးက ဇွန် ၅ ရက်၊ ကုလသမဂ္ဂရင်ပြင်မှာ ကျင်းပတဲ့ လုံခြုံရေးကောင်စီရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးရာမှာ တည့်တည့်ပြောခဲ့တယ်။

မြန်မာနိုင်ငံအ‌ရေး သဘာပတိကြေညာချက်တရပ်နဲ့ တခြား သတင်းထုတ်ပြန်ချက်တရပ် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၂ နိုင်ငံရဲ့ ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ခံထားရဆဲ ဖြစ်တယ်တဲ့။ ဗီတိုခြိမ်းခြောက်မှု ဆိုတာနဲ့ သံအမတ်ကြီးက ချိတ်ဆက်ပြောခဲ့တယ်၊ အမြဲတမ်းအဖွဲ့ဝင် ၂ နိုင်ငံရဲ့ အမည်ကို သံအမတ်ကြီးက ထုတ်ဖော်မပြောပေမဲ့ မြန်မာပြည်သူတိုင်းက မျက်မှောက်ကုတ် စဉ်းစားဖို့ မလိုဘဲ သိရှိပြီးသား။ ကမ္ဘာ့အာဏာရှင် ထိပ်သီး တရုတ်နဲ့ရုရှား။

မြန်မာပြည်သူတွေကို ကာကွယ်ဖို့ လုံခြုံရေးကောင်စီက ဖန်တရာတေအောင် ပျက်ကွက်နေမှုကြောင့်လည်း လုံခြုံရေးကောင်စီအပေါ် မြန်မာပြည်သူတို့ ယုံကြည်ကိုးစားမှု မရှိတော့ကြောင်း သံအမတ်ကြီးက တည့်တည့်ပဲ ထပ်ပြောတယ်။ ပြီးတော့ စစ်တပ်က ကြောက်မက်ဖွယ် အကြမ်းဖက်မှုတွေကို တောက်လျှောက် လုပ်ဆောင်နေတာဟာ လုံခြုံရေးကောင်စီ မျက်ကွယ်ပြုမှုတွေရဲ့ တိုက်ရိုက်အကျိုးဆက်ပဲလို့လည်း ဆိုတယ်။

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတို့ရဲ့ ယုံကြည်ကိုးစားမှုကို ပြန်လည်တည်ဆောက်နိုင်ဖို့ ဆိုရင် ထိရောက်တဲ့ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ နောက်ဆက်တွဲ ဆုံးဖြတ်ချက်တရပ် မြန်မြန်ချမှတ်ဖို့လည်း သံအမတ်ကြီးက တောင်းဆိုလိုက်တယ်။

နောက်ဆက်တွဲ ဆုံးဖြတ်ချက် ဆိုတာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်၊ မြန်မာ့အရေး လုံခြုံရေးကောင်စီ အစည်းအဝေးက ကန့်ကွက်သူမရှိ အတည်ပြုခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်-၂၆၆၉ ကို ဆက်လက်ဖော်ဆောင်ဖို့ တောင်းဆိုလိုက်ခြင်းလို့ နားလည်ရတယ်။

မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ဆိုတာ ၇၄ နှစ်အတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက် ဖြစ်တာကြောင့် နှယ်နှယ်ရရ ဘယ်ဟုတ်မလဲ။ ၂၀၂၂ ခုနှစ်ဆိုတာ တရုတ်က မြန်မာ့အရေး ခြံစည်းရိုးပေါ် ခွထိုင်နေဆဲကာလ။ အာဏာသိမ်းစစ်အုပ်စုကို အတိအလင်းထောက်ခံနေတာဆိုလို့ ရုရှား တနိုင်ငံတည်း။ ၂၆၆၉ ဆုံးဖြတ်ချက် ထွက်ပေါ်လာဖို့ မဲခွဲကြတော့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယက မဲမပေးဘဲ ကြားနေ။ ကျန်လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၂ နိုင်ငံက ထောက်ခံတာကြောင့် ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့။

မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ မှာ ဘာတွေ ပါပါသလဲ။ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးဖို့၊ အာဆီယံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ ၊မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ စာနာမှုအကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့ စတဲ့ အချက်တွေပါဝင်ပြီး ဗြိတိန်နိုင်ငံက ဦး ဆောင်ရေးဆွဲခဲ့ခြင်း ဖြစ်တယ်။

ဆိုတော့ ဆုံးဖြတ်ချက်-၂၆၆၉ ဆိုတာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်  ပြန်ရောက်ဖို့ လုံခြုံရေးကောင်စီရဲ့ ထည့်ဝင်ပေးမှုက ကျေနပ်ဖွယ်ရာ။ ဒါပေမဲ့ အကြီးကြီးသော ပြဿနာက ဆုံးဖြတ်ချက်-၂၆၆၉ ကို စစ်အုပ်စုက လိုက်နာဖော်ဆောင်ခြင်းမရှိပါက ဘယ်လိုတွေ အရေးယူမယ် ဆိုတာမျိုး မပါ။ ဒါ့ကြောင့် မလိုက်နာလည်း ဘာမှမဖြစ်။ ပြောရရင် စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေက လုံခြုံရေးကောင်စီအပေါ် ဖိအားတရပ် ဖြစ်လာတာကြောင့် အသက်မပါတဲ့ ဆုံးဖြတ်ချက်တရပ်နဲ့ လေပေါင်လျှော့လိုက်တဲ့ သဘော။ အဲဒီဆုံးဖြတ်ချက် နောက်ပိုင်း နောက်ဆက်တွဲ အရေးယူမှုတွေ ချမှတ်ဖို့ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ပြင်သစ်၊ ဗြိတိန်နဲ့ အမေရိကန်တို့က ကြိုစားနိုင်ခြေရှိပေမဲ့ တရုတ်နဲ့ ရုရှားရဲ့ ဗီတိုအာဏာကြောင့် ရှေ့မတိုးနိုင်ဘူးလို့ နားလည်ရ။

ဆုံးဖြတ်ချက်-၂၆၆၉ ရဲ့ ထူးခြားချက် နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်တပ်ကာ ကမ္ဘာ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ လုံခြုံရေးကောင်စီက အတိအလင်း တောင်းဆိုခဲ့ခြင်း ဖြစ်တယ်။

ဒါပေမဲ့ ဆုံးဖြတ်ချက်-၂၆၆၉ ထွက်ပေါ်လာပြီး ရက်ပိုင်းအကြာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ်အမိန့်ချကာ ဒီနေ့ထိတိုင် လူမြင်ကွင်းရှေ့ ထွက်ပေါ်လာခြင်း မရှိအောင် ထိန်းချုပ်ခဲ့သလို ခိုင်မာတဲ့ သတင်းအချက်အလက်လည်း ဘာမှမရ၊ စစ်အုပ်စုက အမှောင်ချပစ်ခဲ့တယ်။

ပြီးခဲ့တဲ့ ဧပြီ ၃၀ ကျမှ ဘယ်တုန်းက ရိုက်ထားမှန်းမသိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတပုံ ထုတ်ပြကာ သတ်မှတ်လျှို့ဝှက်နေအိမ်တလုံးဆီ ပြောင်းရွှေ့ထိန်းသိမ်းထားတယ်လို့ အာဏာသိမ်းစစ်အုပ်စုရဲ့ အစိုးရတုက ထုတ်ပြန်တယ်။

နိုင်ငံတကာအသိုင်းအဝိုင်းကရော ပြည်တွင်း၊ ပြည်ပက မြန်မာပြည်သူတွေပါ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့နဲ့ ချက်ချင်းလွှတ်ပေးဖို့ ဆက်တိုက် တောင်းဆိုနေပေမဲ့ အစိုးရတုက အရေးမလုပ်။

ဇွန် ၁၅ ရက်၊ မင်းအောင်လှိုင် တရုတ်ခရီးစဉ် မထွက်ခွာမီ ဧပြီ ၁၃ ရက်မှာ ရန်ကုန်မြို့၊ NLD ရုံးချုပ် အဆောက်အအုံထိပ်က ပါတီအမှတ်တံဆိပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စာသားကို ဖယ်ရှားပစ်ခဲ့ခြင်းနဲ့ ဇွန် ၁၄ ရက်ညမှာ ခြံအမှတ်-၅၄၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံတံခါးထိပ်မှာ ချိတ်ဆွဲထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနဲ့ ဗိုလ်ချုပ်ပြောစကား စာသား ခိုးဝှက်ဖျက်ဆီးခံရခြင်းက တိုက်ဆိုင်မှုမဟုတ်တာ သေချာတယ်။

တရုတ်မသွားမီ မင်းအောင်လှိုင် ဖြစ်စေချင်သလို ခေါင်းညိတ် အညံ့ခံဖို့ ဒေါ်အောင်ဆန်းစုကြည်ကို သွားဆွေးနွေးခိုင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ပယ်ချလိုက်တာကြောင့် မင်းအောင်လှိုင် ဒေါသူပုန်ထပြီး NLD ရုံးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ကို အကြမ်းဖက်ခြင်း ဖြစ်နိုင်သလို ပေကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဆွေးနွေးမခံလိုတာကြောင့် မင်းအောင်လှိုင်ရဲ့ သဘောထားကို ကြိုတင်ထုတ်ဖော်ပြသခြင်းများလားလို့လည်း အတွေးပွားနိုင်တယ်။

လုံခြုံရေးကောင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တရားဝင်တောင်းဆိုပေးခဲ့တာ လုံလောက်ပြီလို့ ယူဆခဲ့ပုံ။ ဆုံးဖြတ်ချက်-၂၆၆၉ ထွက်ပေါ်လာပြီးနောက် မြန်မာ့အရေးဟာ လုံခြုံရေးကောင်စီနဲ့ လုံးဝမသက်ဆိုင်တော့သလိုမျိုး။ စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် အကြမ်းဖက်မှုတွေ ဆတိုးများလာပေမဲ့ မမြင်ချင်ယောင်ဆောင်။ မလောက်လေး မလောက်စား မင်းအောင်လှိုင်နဲ့ လက်တဆုပ်စာ အကြမ်းဖက်ဗိုလ်ချုပ်တွေက ဆုံးဖြတ်ချက်-၂၆၆၉ ကို ဒီနေ့ထိတိုင် ဘာဆိုဘာမှ မဖော်ဆောင်တဲ့အပေါ်  ရှက်ရကောင်းမှန်းမသိ။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်အာဏာရှင်တွေကို ဆက်လက်တိုက်ပွဲဝင်မြဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ် ပြည့်တော့မှာဖြစ်ပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်က ပျိုမျစ်နေဆဲ။ မြန်မာပြည်သူတို့သည်လည်း ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ကာ  လေဆန် ရေဆန် ခရီးမှာ ရွက်ကုန်လွှင့်နေဆဲ။

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးတယ်ဆိုလည်း ဟာသပဲ။ တံခါးဖွင့် ဆွေးနွေးလည်း ဒါပါပဲ။

ဆက်စပ်သတင်းများ

AI Curated