ရွှေဘိုတွင် စစ်တပ်ဗုံးကြဲသဖြင့် ဒေသခံ ၃ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ

ရွှေဘိုတွင် စစ်တပ်ဗုံးကြဲသဖြင့် ဒေသခံ ၃ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ

DVB
SourceDVB

Photo: DVB

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ကို တိုက်ပွဲမရှိဘဲ စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော့ပတာနဲ့ အသေခံ ဒရုန်း တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာ ရခဲ့တယ်လို ဒေသခံတွေက ပြောပါတယ်။

မေ ၂၇ ရက် မနက် ၁၁ နာရီနဲ့ ၁၂ နာရီခွဲဝန်းကျင်လောက်မှာ မုံရွာ နမခ တပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော့ပတာ ၁ စင်းနဲ့ ရွှေဘိုမြို့အခြေစိုက် ခလရ ၄၂ တပ်က အသေခံဒရုန်း ၃ စင်းတို့ဟာ ရေတော်မူ၊ ဘုန်းဘွဲ့နဲ့ ချီပါ ကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရေတော်မူရွာ နေအိမ်ဝင်းထဲကို ဗုံး ၂ လုံး၊ ချီပါမြောက်ရွာ ဈေးဆိုင်ရှေ့ ပေလမ်းဘေးကို ဗုံး ၁ လုံးနဲ့ ဘုန်းဘွဲ့ရွာ အကင်ဆိုင်အနီးကို ဗုံး ၁ လုံး၊ စုစုပေါင်း ဗုံး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရေတော်မူရွာက အသက် ၅၀ အရွယ် ဦးသိန်း၊ အသက် ၃၉ နှစ်အရွယ် မရီသန့်နဲ့ ဘုန်းဘွဲရွာက အသက် ၂၉ နှစ်အရွယ် မမိုးတို့ ဗုံးစထိမှန်လို့ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

အသက် ၆၀ အရွယ် အမျိုးသားတယောက်နဲ့ အသက် ၅၀ အရွယ် အမျိုးသမီး တယောက် တို့လည်း ဒဏ်ရာရခဲ့ပြီး ချီပါမြောက်ရွာဘက်က ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ စုံစမ်း နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် နေအိမ် ၆ လုံး ပျက်စီးခဲ့ပြီး နွား ၇ ကောင်လည်း သေဆုံးခဲ့တယ်လို ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “ချီပါကျတဲ့အလုံးက ထိခိုက်မှု မသိရသေးဘူး။ ဘုန်းဘွဲ့ကတော့ အကင်ဆိုင်နားကျလို့ အကင်ရောင်းတဲ့ အမျိုးသမီးတယောက် သေတယ်။ ရေတော်မူကတော့ အိမ်ဝန်း နှစ်ဝန်းထဲ ကျတာ။ တအိမ်ကတော့ မီးဖိုဆောင်ပေါ်ကျလို မီးလောင်သွားတယ်။ ကျန်တအိမ်ကတော့ အိမ်ခေါင်းရင်းကျလို့ တအိမ်လုံး ပျက်စီးသွားတယ်။ မိသားစု ၅ ယောက်ရှိတာ ကလေးတယောက်ပဲ လွတ်တယ်။ ၄ ယောက် ဗုံးစမှန်တာ၊ ၂ ယောက်က ပွဲချင်းပြီး၊ ၂ ယောက်က ဒဏ်ရာရတယ်။ ဗုံးချတဲ့ ရွာတွေနဲ့ ကျတဲ့နေရာတွေက လူကြီးနဲ့ လူလတ်ပိုင်းတွေပဲ ရှိတာ။ ဘာတိုက်ပွဲမှမရှိဘဲနဲ့ ပြည်သူကို အကြောင်းမဲ့ သတ်နေတာပါ” လို့ ပြောပါတယ်။

ရေတော်မူနဲ့ ချီပါရွာတို့ကို ပြီးခဲ့တဲ့ မေ ၆ ရက်နဲ့ ၂၂ ရက်တုန်းကလည်း စစ်တပ်က အသေခံ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း ရေတော်မူရွာက အမျိုးသား ၃ ယောက်နဲ့ ချီပါရွာက အမျိုးသမီး ၇ ယောက် ဒဏ်ရာရရှိခဲ့ပြီး၊ ချီပါရွာက အသက် ၇၀ ကျော်အရွယ်နဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသား ၂ ယောက် သေဆုံးခဲ့ပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစလို့ ရွှေဘိုအနောက်တောင်ခြမ်းက ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်းနဲ့ လက်နက်ကြီးတွေသုံးပြီး တိုက်ခိုက်နေတာ ၂ လနီးပါး ရှိနေပြီဖြစ်ပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်နိုင်ဖို့ ကတုတ်ကျင်းတွေ တူးထား ကြဖို့နဲ့ အမြဲသတိထား နေထိုင်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်း နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ရွှေဘိုတွင် စစ်တပ်ဗုံးကြဲသဖြင့် ဒေသခံ ၃ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ | YGN Daily