
AI Summary
အိန္ဒိယအစိုးရက စစ်အာဏာရှင် မင်းအောင်လှိုင်ကို သမ္မတအဖြစ် သုံးနှုန်းဖော်ပြကာ ဧည့်ခံကြိုဆိုခဲ့သည့်အပေါ် မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF) က ပြတ်ပြတ်သားသား ကန့်ကွက်ပယ်ချခဲ့သည်။ ၎င်းတို့က အိန္ဒိယ၏ လုပ်ရပ်သည် စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး သံတမန်ရေးရာ ကျင့်ထုံးမဟုတ်ကြောင်း ထောက်ပြသည်။ အိန္ဒိယသည် စစ်အုပ်စု၏ မတရားသော ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက် အီလက်ထရွန်နစ်မဲပေးစနစ်နှင့် ဇီဝအချက်အလက်စနစ်များကို ထောက်ပံ့ပေးခဲ့ပြီး ယခုအခါ စစ်အာဏာရှင်ကို နိုင်ငံတော်အကြီးအကဲအဖြစ် လက်ခံတွေ့ဆုံနေခြင်းဖြစ်သည်။ ဤလုပ်ရပ်ကြောင့် အိန္ဒိယ၏ ဒီမိုကရေစီအပေါ် ယုံကြည်ကိုးစားမှု ဂုဏ်သိက္ခာ ထိခိုက်နစ်နာမည်ဖြစ်ပြီး မြန်မာပြည်သူများအတွက် မည်သည့်အကျိုးကျေးဇူးမှ ရရှိမည်မဟုတ်ကြောင်း SIF က ပြောကြားသည်။ မင်းအောင်လှိုင်သည် မေ ၃၀ မှ ဇွန် ၃ အထိ အိန္ဒိယသို့ ခရီးသွားရောက်နေပြီး ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံရန်ရှိရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ၎င်း၏ခရီးစဉ်ကို ကန့်ကွက်ကြောင်း သဝဏ်လွှာပေးပို့ထားသည်။

အိန္ဒိယအစိုးရက မိမိနိုင်ငံတွင်း ဒီမိုကရေစီကို ဖျက်ဆီးသူကို ဧည့်ခံကြိုဆိုပြီးတော့ နိုင်ငံတကာမှာ ဒီမိုကရေစီ ဘက်တော်သားအဖြစ် ဟန်ဆောင်လို့ မရနိုင်ကြောင်းနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ စစ်အာဏာရှင် မင်းအောင်လှိုင်ကို သမ္မတလို့ သုံးနှုန်းဖော်ပြခဲ့တဲ့အပေါ် မဟာဗျူဟာညှိနှိုင်းဖော်ဆောင်ရေးအင်အားစု (SIF) အနေနဲ့ ပြတ်ပြတ်သားသား ကန့်ကွက်ပယ်ချကြောင်း ထုတ်ပြန်ပါတယ်။
မေ ၃၁ ရက်စွဲနဲ့ နိုင်ငံရေးသဘောထားထုတ်ပြန်ချက်မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ဒါက သံတမန်ရေးရာ ကျင့်ထုံးလုပ်ထုံးတခု မဟုတ်ဘဲ မြန်မာနိုင်ငံမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို တရားဝင်ဖြစ်စေဖို့ လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်ရဲ့ အိန္ဒိယနိုင်ငံဆီ ပထမဆုံးအကြိမ် ခရီးစဉ်က တရုတ်နိုင်ငံနဲ့ လမ်းခွဲလိုတဲ့ ဆန္ဒကို ပြသနေတယ်ဆိုတဲ့ လူပြောများတဲ့ အယူအဆကလည်း မှားယွင်းနေတယ်လို့ ပြောလိုက်သလို မင်းအောင်လှိုင်က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာ မဟုတ်ကြောင်းနဲ့ သမ္မတ မဟုတ်ကြောင်းလည်း ဖော်ပြထားတာပါ။
အိန္ဒိယနိုင်ငံအစိုးရဟာ စစ်အုပ်စုရဲ့ မတရားသော ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ အသုံးပြုခဲ့တဲ့ အီလက်ထရွန်နစ် မဲပေးစနစ်နဲ့ ဇီဝအချက်အလက်စနစ်တွေကို ထောက်ပံ့ပေးခဲ့ပြီး အခုအခါ စစ်အာဏာရှင်ကို နိုင်ငံတော်အကြီးအကဲအဖြစ် လက်ခံတွေ့ဆုံနေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဒီခရီးစဉ်က မြန်မာနိုင်ငံအနေနဲ့ တရုတ်ရဲ့ တခြားရွေးချယ်စရာ လမ်းကြောင်းတွေကို ရှာဖွေနေတဲ့ မဟာဗျူဟာမြောက် အချိုးညှိမှုကို ပြသနေပြီး အိန္ဒိယအနေနဲ့ လွှမ်းမိုးချုပ်ကိုင်မှု မရှိတဲ့ ဆက်ဆံရေးမျိုးကို ကမ်းလှမ်းနေတယ်ဆိုတဲ့ ပြောဆိုချက်တွေက မြေပြင်အရှိတရားတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့လည်း SIF အဖွဲ့က ဆိုပါတယ်။
တရုတ်နိုင်ငံအစိုးရက အတုအယောင် ရွေးကောက်ပွဲတွေကို ရန်ပုံငွေထောက်ပံ့ဖို့ ၂၀၂၄ ခုနှစ် နှောင်းပိုင်းမှာ စစ်ကောင်စီကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ပေးအပ်ဖို့ ကတိပြုခဲ့သလို ၂၀၂၅ ခုနှစ် ဩဂုတ်လမှ ကျောက်မဲမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာကလည်း တရုတ်ထုတ် ဒရုန်းနဲ့ လက်နက်တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယ အစိုးရအနေနဲ့ စစ်အာဏာရှင်ကို ဖိတ်ခေါ်ခဲ့တဲ့ လုပ်ရပ်ကြောင့် အိန္ဒိယရဲ့ ဒီမိုကရေစီအပေါ် ယုံကြည်ကိုးစားမှု ဂုဏ်သိက္ခာ ထိခိုက်နစ်နာရမည်မှာ အမှန်တကယ်ဖြစ်ပြီး မြန်မာပြည်သူတွေ အတွက်ကတော့ ဘယ်လိုအကျိုးကျေးဇူးမှ ရရှိမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
ကရင်နီ၊ ကရင်၊ ကချင်၊ မွန်၊ ရခိုင်နဲ့ တခြားသော လူထုလူတန်းစားအသီးသီးကို ကိုယ်စားပြုတဲ့ SIF ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်း ၂၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားလူမျိုးတွေနဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေက အိန္ဒိယနိုင်ငံနဲ့ စစ်မှန်တဲ့ မိတ်ဖက် ဆက်ဆံရေးကိုသာ လိုလားကြောင်းနဲ့ စစ်အုပ်စုရဲ့ မြို့ရွာတွေကို ဗုံးကြဲ၊ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး မြေယာတွေကို တရုတ်ဆီ ပုံအောပေးနေတဲ့ စစ်အစိုးရကို အရောင်ဆိုး တရားဝင်ဖြစ်အောင် လုပ်ပေးမဲ့ ဆက်ဆံရေးမျိုးကို လုံးဝလက်မခံဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ဝန်ကြီးချုပ် မိုဒီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံကို မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ တရားဝင်ခရီးသွားရောက်နေတာဖြစ်ပြီး ဒီကနေ့ နယူဒေလီမြို့မှာ ဝန်ကြီးချုပ် မိုဒီနဲ့ တွေ့ဆုံဖို့ရှိပါတယ်။
စစ်အာဏာရှင်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေ၊ အဆင့်မြင့်အရာရှိကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း လိုက်ပါသွားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ကန့်ကွက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံ သဝဏ်လွှာပေးပို့ထားပါတယ်။