နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၅ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM
politics||8 MIN READ

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၅ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM

AI Summary

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် အကျဉ်းဦးစီးအရာရှိနှင့် ထောင်တန်းစီးတစ်ဦး ပစ်ခတ်ခံရပြီး၊ နတ်မောက်တွင် PDF အယောင်ဆောင် လူသတ်/အဓမ္မပြုကျင့်သူ ဖမ်းမိခဲ့ကြောင်း NUG နှင့်သက်ဆိုင်သည့် သတင်းများက ဖော်ပြသည်။ ထို့အပြင် NUG ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ကျင်းပခဲ့ပြီး၊ ကချင်ပြည်နယ်တွင် PDF Putao က စစ်တပ်ရိက္ခာနှင့် Non-CDM ဝန်ထမ်းများ မတင်ဆောင်ရန် အရပ်သားယာဉ်များကို သတိပေးခဲ့သည်။ တော်လှန်ရေးလှုပ်ရှားမှုများအနေဖြင့် မကွေးတိုင်း၊ မြစ်ခြေမြို့နယ်တွင် စစ်အုပ်စု၏ သတ်ဖြတ်မှုကြောင့် ရုပ်အလောင်း ၃၀ ကျော် တွေ့ရှိခဲ့ရပြီး၊ စစ်ကိုင်း လဝကရုံး ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးဆရာတစ်ဦး သေဆုံးခဲ့ကာ၊ ချင်းပြည်နယ်တောင်ပိုင်းတွင်လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထုတ်ပြန်သည်။ စစ်ကောင်စီဘက်မှ မင်းအောင်လှိုင်သည် ရုရှားထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ကြောင်း သိရပြီး၊ အိန္ဒိယခရီးစဉ်အတွင်း PDF များကို ဦးစားပေးနှိမ်နင်းမည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံခြားရေးဝန်ကြီး၏ တရုတ်ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါကြောင်း ပြောဆိုခဲ့ပြီး၊ ဒုတိယသမ္မတညိုစောကလည်း ရုရှားစီးပွားရေးဖိုရမ်တွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။

အမျိုးသားညီညွတ်ရေး အစိုးရ

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် KTV ဆိုင်မှ ပြန်လာသည့် အကျဉ်းဦးစီးအရာရှိတစ်ဦးနှင့် ထောင်တန်းစီးတစ်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင်တပ်ရင်း(၅)က ယနေ့ ဇွန်လ ၅ ရက်တွင် ထုတ်ပြန်သည်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်ဟု အယောင်ဆောင်ကာ လူသတ်မှုနှင့် အဓမ္မပြုကျင့်မှုများ ကျူးလွန်ခဲ့သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၂၆) ကို ဇွန်လ ၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းပိုင်းတွင် သွားလာနေသည့် အရပ်သားယာဉ်များအနေဖြင့် စစ်တပ်၏ ရိက္ခာများနှင့် Non-CDM ဝန်ထမ်းများကို တင်ဆောင်ခြင်း မပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်-ပူတာအို (PDF Putao) က သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ လင်းလဲကျေးရွာအုပ်စု၊ လင်းလဲကျေးရွာ၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ခင်ဝင်း (ခ) ရှမ်းကြီးကို ဖမ်းဆီးရာတွင် သေဆုံးသွားခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၁) ၏ စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow ၏ပြောကြားချက်ကိုကိုးကား၍ PVTV သတင်းတွင် ဖော်ပြထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ပေါ်နှင့် မြို့နီးအနားပတ်ဝန်းကျင်ကျေးရွာများတွင် စစ်အုပ်စုတပ်ဖွဲ့ က ဖမ်းဆီးသတ်ဖြတ်ထားခဲ့သည့် ရုပ်အလောင်း ၃၀ ကျော် တွေ့ရှိထားပြီဖြစ်ကြောင်း မြစ်ခြေမြို့နယ် တွင် စစ်ဘေးရှောင်ပြည်သူများကို ကူညီပေးနေသူများနှင့် ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များ စဥ်ဆက်မပြတ်ဝင်ရောက်နေခြင်းသည် ပြည်နယ်အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတခုဖြစ်လာနေကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လားလ်သုအောမ်မာ က ထုတ်ဖော် ပြောကြားလိုက်သည်။

မြန်မာတွင် သွေးထွက်သံယို ပြည်တွင်းစစ်ဖြစ်ပွားနေချိန်တွင် အိန္ဒိယက မင်းအောင်လှိုင်အား လက်ခံကြို ဆိုခဲ့မှုအပေါ် စိတ်မကောင်းဖြစ်မိကြောင်း ကင်မ်အဲရစ်က ပြောသည်။

စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တမူးမြို့နယ်အတွင်း တော်လှန်ရေးရဲဘော်နှစ်ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပြီး စစ်ကြောင်းထိုးမှု ဖြစ်လာနိုင်ကြောင်း သုံးသပ်ခန့်မှန်းထားကြသည်။

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမိုပေးအပ်နိုင်ရေးနှင့် အရပ်သား ပြည်သူများ၏ လုံခြုံရေးကို ကာကွယ်ပေးနိုင်ရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့ အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် လဝကရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၀ ဦးဝန်းကျင် ဒဏ်ရာ ရရှိကြောင်း စစ်ကိုင်းမြို့အခြေစိုက် ပရဟိတအဖွဲ့များ၏ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ် သတင်းတွင် ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နှစ်ခြင်းခရစ်ယာန်သာသနာဆရာ(အသက် ၃၈ နှစ်) တဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်း ရေးမှူး – ( ၂ ) ကိုဗညားက မဇ္ဈိမကိုပြောသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) သိမ်းပိုက်ထားသည့် မြို့လေးမြို့ကို စစ်အုပ်စုထံ ပြန်လည်လွှဲပြောင်းပေးရမည်ဆိုသည့် အချက်အလက်များနှင့် ပတ်သက်၍ လက်ရှိ တွင် ဆွေးနွေးခြင်းမျိုးမရှိကြောင်း TNLA က မဇ္ဈိမသို့ ပြောသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျ ဖြေရှင်း နိုင်ရေး သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU )နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC)က ယနေ့ ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် ပူးတွဲ ထုတ်ပြန်သည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့များကို စစ်တပ်သည် မေလလယ်မှစ၍ အင်အား၂ ထောင်ဝန်းကျင်ဖြင့် မြေပြင်စစ်ကြောင်းထိုးလာသော်လည်း အရေးနိမ့်သဖြင့် လေကြောင်းသုံးပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေကြောင်း ချင်းပြည်သူ့အစည်း အရုံး(CPU) /ချင်းပြည်သူ့တပ်မတော်က ယမန်နေ့ ညပိုင်း ထုတ်ပြန် သည်။

စစ်ကောင်စီ

ဇွန်လလယ်တွင် ရုရှားနိုင်ငံ၌ ကျင်းပမည့် အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေးသို့ မြန်မာစစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်မဟုတ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်အစပ်တွင် စစ်တပ်က ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲနှင့် တွဲ၍ နိုင်ငံရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ဆောင်နေသလို ရှမ်းနီဘက်ကလည်း အဆိုပါဒေသများ ၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိလိုသည်ဟု တောင်းဆိုခဲ့ကြောင်း မေလ ၄ ရက်က နေပြည်တော်၌ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နှင့် ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နှစ်ဖက် ပြောဆိုခဲ့သည်ဟု အာဏာသိမ်းအရပ်သားတပိုင်း စစ်အစိုးရအဖွဲ့ သတင်းစာ၌ ဖော်ပြသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးတင်မောင်ဆွေ၏ တရုတ်ခရီးစဉ်သည် နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက် အဝန်းကို မြှင့်တင်ရန်အတွက် နှစ်ဖက်စလုံး၏ နိုင်ငံရေး ဆန္ဒနှင့် အထူးစိတ်ဝင်စားမှုကို ရှင်းလင်းစွာ သက်သေပြခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူ မော်နင်က ဇွန်လ ၃ ရက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

စည်းကမ်းဖောက်ဖျက်ကျူးလွန်သည့် မော်တော်ယာဉ်များကို Viber မှတစ်ဆင့်တိုင်ကြားနိုင်ပြီး YGN မော်တော်ယာဉ်များ လိုင်စင်သက် တမ်းတိုးမည်ဆိုပါက ပြစ်မှုကင်းရှင်းကြောင်း သက်သေခံစာရွက် ထုတ်ပေးမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက ထုတ်ပြန်သည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်သုံးထပ်လူနေအဆောက်အအုံ သုံးလုံးကို ဇွန် ၄ ရက်က ထပ်မံဖြိုချခဲ့ကြောင်း စစ်အစိုးရက ထုတ်ပြန်သည်။

မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းကို အလေးထားပြီး လုံခြုံရေးအခြေအနေ တိုးတက်အောင်ဆောင်ရွက်နေ​ကြောင်းနှင့် မြန်မာနှင့် အိန္ဒိယ နယ်စပ်ဒေသ ပုံမှန်အခြေအနေ ပြန်လည် ရရှိရေးသည် အရေးကြီးဟု အရပ်သားတပိုင်းစစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင် က ပြောသည်။

မကွေးတိုင်းဒေသကြီးကို စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများတွင် ပိုမိုဖွံ့ဖြိုးတိုးတက်ကာ အကောင်းဆုံး အခြေအနေသို့ ရောက်ရှိစေရန် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွေးတုတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို က ပြောသည်။

အရပ်သားတပိုင်းစစ်အစိုးရအဖွဲ့ခေါင်းဆောင် မင်းအောင်လှိုင် သည် အိန္ဒိယ နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) များကို ဦးစားပေးနှိမ်နင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောဆိုသည်။

ရုရှား နိုင်ငံ၊ စိန့်ပီတာစဘတ် မြို့ရှိ EXPOFORUM Convention and Exhibition Centre တွင် ဇွန်လ ၄ ရက်က ကျင်းပသည့် (၂၉) ကြိမ်မြောက် နိုင်ငံတကာ စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ ရွေးတု စစ်အစိုးရ အဖွဲ့ခေါင်း ဆောင် ဒုတိယသမ္မတညိုစော တက်ရောက်ဆွေးနွေးပြောကြားခဲ့ပြီး သယ်ယူ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ပို့ကုန်ဦး တည်ကုန်ထုတ်လုပ်ငန်းများနှင့် နည်းပညာ၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုကဏ္ဍများတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

AI Curated
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၅ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM | YGN Daily