
AI Summary
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်ရှိ ညောင်ပင်ကန်ကျေးရွာတွင် ကျောင်းအုပ်ဆရာမ ဒေါ်နီလာဝင်းနှင့် ခင်ပွန်းဖြစ်သူ ကိုဇော်လတ်တို့မှာ အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ကျောင်းဝင်းအတွင်း၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ အဆိုပါဖြစ်စဉ်မှာ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ဝန်ထမ်းအိမ်ရာမှ ဆွဲထုတ်ကာ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါလုပ်ရပ်အတွက် စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်များက တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ချက်ဟု စွပ်စွဲထားသော်လည်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ တရားဝင်ထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိသေးပေ။ သေဆုံးသူများ၏ ရုပ်အလောင်းများကို စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက်သယ်ယူသွားခဲ့ပြီး လက်ရှိအချိန်ထိ တရားခံများကို ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းမှုများသာ ရှိနေသည်။
ထင်ရှားသော ပြောကြားချက်များ
"ဆရာမနဲ့အမျိုးသား ဝန်ထမ်းအိမ်ရာ လိုင်းခန်းထဲမှာ နေတာ။ လာခေါ်ဆွဲထုတ်ခံရပြီး ပစ်သတ်ခံရတာ။ ကျောင်းဝင်းအတွင်းမှာပဲ ပစ်သတ်သွားတာ။ တခါတည်း ပွဲချင်းပြီး ဆုံးသွားတယ်"

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျောင်းအုပ်ဆရာမ ဇနီးမောင်နှံကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက သေနတ်နဲ့ ပစ်သတ်တာ ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇွန် ၁၅ ရက် မနက်ပိုင်းက ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာ၊ အထက်တန်ကျောင်းခွဲက ကျောင်းအုပ်ဆရာမ ဒေါ်နီလာဝင်းနဲ့ အမျိုးသားဖြစ်သူ ကိုဇော်လတ်တို့ကို ဆိုင်ကယ်တွေနဲ့လာတဲ့ အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်သတ်သွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ဆရာမနဲ့အမျိုးသား ဝန်ထမ်းအိမ်ရာ လိုင်းခန်းထဲမှာ နေတာ။ လာခေါ်ဆွဲထုတ်ခံရပြီး ပစ်သတ်ခံရတာ။ ကျောင်းဝင်းအတွင်းမှာပဲ ပစ်သတ်သွားတာ။ တခါတည်း ပွဲချင်းပြီး ဆုံးသွားတယ်” လို့ ပြောပါတယ်။
ပစ်သတ်ခံရတဲ့ ကျောင်းအုပ်ဆရာမ ဒေါ်နီလာဝင်းနဲ့ အမျိုးသားဖြစ်သူ ကိုဇော်လတ်တို့ဟာ အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး သေဆုံးအလောင်းတွေကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက လာသယ်ယူသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဆရာမ ဇနီးမောင်နှံ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်အာဏာရှင်လက်အောက်ခံ တယ်လီဂရမ်ချန်နယ်တွေက တော်လှန်ရေးတပ် PDF အဖွဲ့တွေ ပစ်သတ်သွားတာလို့ ရေးသားဖြန့်ဝေတာ တွေ့ရပါတယ်။
ညောင်ဦးမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ဇွန် ၁၇ ရက်အထိ ကျောင်းဆရာမနဲ့ ခင်ပွန်းသည် ပစ်သတ်ခံရတဲ့ဖြစ်စဉ်ကို သတင်းထုတ်ပြန်တာ မရှိပါဘူး။