
AI Summary
မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကာလအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက သတင်းအမှောင်ချ အကျဉ်းချထားခြင်းကြောင့် သားဖြစ်သူ ကိုထိန်လင်းနှင့် ပြည်သူလူထုမှာ ၎င်း၏ ကျန်းမာရေးနှင့် လုံခြုံရေးအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။ စစ်ကောင်စီက လုံခြုံရေးနှင့် ဥပဒေကြောင်းအရဟု အကြောင်းပြသော်လည်း ဝေဖန်သူများကမူ နိုင်ငံရေးသြဇာလွှမ်းမိုးမှုကို ကန့်သတ်လိုခြင်းကြောင့်ဟု သုံးသပ်ကြသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်းနှင့် ကျန်းမာရေးအခြေအနေကို သိရှိနိုင်ရန် ယုံကြည်စိတ်ချရသော သက်သေပြသပေးဖို့ တောင်းဆိုမှုများ မြင့်တက်နေသည်။ ဤအခြေအနေသည် မိခင်နှင့် သားသမီးကြားမှ မေတ္တာတရားကို ထိခိုက်စေရုံသာမက ပြည်သူလူထု၏ သိပိုင်ခွင့်ကိုလည်း ထိခိုက်စေသည်။ လက်ရှိအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေမှန်ကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးဘဲ သတင်းအမှောင်ချထားဆဲ ဖြစ်သည်။

ကျနော်တို့ အားလုံးမှာ အမေဆိုတာ ရှိကြပါတယ်။ မသေချာ မရေရာတဲ့ ပဟေဠိတွေနဲ့ အဖြေညှိလို့ မရရင်တောင် လူတိုင်းမှာ အမေတယောက်တော့ ရှိကြပါတယ်။ အမေလို့ ခေါ်လိုက်ရင် “ဟေ သား” လို့ ပြန်ထူးမဲ့ အမေတယောက်တော့ ရှိကြပါတယ်။ ဒါပေမဲ့ အခုလို အရေးတော်ပုံကာလမှာ အမေလို့ ဘယ်လိုပင် အော်ခေါ် ခေါ် ပြန်မထူးနိုင်တော့တဲ့ အမေပျောက်တဲ့ သားတွေ၊ အမေ မရှိတော့တဲ့ သားတွေဟာ အတော်များလာခဲ့ပါပြီ။ သေဆုံး ပျောက်ကွယ် သွားတာမျိုးတွေ ရှိသလို သေသလား ရှင်သလားတောင် အတည်မပြုနိုင်တဲ့ ကိုထိန်လင်းတို့လို နာကျင်ကြေကွဲစရာ သားတွေလည်း ရှိပါတယ်။
ကင်မ် သို့မဟုတ် ကိုထိန်လင်းရဲ့ အမေသို့ ခေါ် သံများ
“ကင်မ်” လို့ လူသိများတဲ့ ကိုထိန်လင်းဟာ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအရင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်တို့မှာ သား ၂ ယောက်ရှိပြီး သားအကြီး အလက်ဇန္ဒြားအဲရစ်နဲ့ ကင်မ်အဲရစ်လို့ခေါ်တဲ့ သားအငယ် ကိုထိန်လင်း (မြန်မာအမည်) တို့ ရှိကြပါတယ်။ ကိုထိန်လင်း ကိုယ်တိုင် အမေစုနဲ့ပတ်သက်ပြီး ဘယ်လိုခံစားနေရတယ် ဆိုတာ သူ့ရဲ့ ပြောဆိုချက်တွေကိုပဲ အခြေခံနိုင်ပါတယ်။ လူသိရှင်ကြား ပြောထားတဲ့ အင်တာဗျူးတွေနဲ့ ကြေညာချက်တွေမှာတော့ သူဟာ သူ့အမေ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်စိုးရိမ်ကြောင်း၊ ကျန်းမာရေးနဲ့ လုံခြုံရေးအခြေအနေကို ပူပန်ကြောင်း၊ အမေနဲ့ တိုက်ရိုက်ဆက်သွယ်ခွင့် မရှိတာကြောင့် ဝမ်းနည်းကြောင်း မကြာခဏ ထုတ်ဖော် ပြောဆိုနေခဲ့ပါတယ်။
သားတယောက်အနေနဲ့ ကိုယ်ချင်းစာကြည့်မယ်ဆိုရင် အမေကို မတွေ့ရတာကြောင့် လွမ်းဆွတ်မှု၊ အမေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်မှု၊ အမေ လွတ်မြောက်စေချင်တဲ့ မျှော်လင့်ချက်၊ မိသားစုနဲ့ ပြန်လည်ဆုံတွေ့ချင်တဲ့ဆန္ဒ စတဲ့ခံစားချက်တွေ ရှိနိုင်တယ်လို့ သူ့ရဲ့ ပြောဆိုချက်တွေက ဖော်ပြနေသလို ကျနော်တို့လည်း ခံစားရပါတယ်။ သူ့ရဲ့ လူသိရှင်ကြား ပြောကြားချက်တွေကို ကြည့်ရင်တော့ အမေစုကို အလွန်ချစ်ခင်ပြီး ပြန်လည်တွေ့ဆုံချင်တဲ့ ဆန္ဒ ပြင်းပြနေတယ်လို့ မြင်ရပါတယ်။ နားလည်ရပါတယ်။
“ထူးသံမဲ့ ကိုထိန်လင်းရဲ့ အမေလို့ ခေါ်သံ”
လူတယောက်ရဲ့ ဘဝမှာ “အမေ” ဟူသော စကားလုံးဟာ အနက်ရှိုင်းဆုံးသော ခံစားချက်များကို သယ်ဆောင်ထားတဲ့ စကားလုံးတလုံး ဖြစ်ပါတယ်။ ဝမ်းနည်းတဲ့အချိန်မှာဖြစ်စေ၊ အားငယ်တဲ့အချိန်မှာဖြစ်စေ၊ အန္တရာယ်ကြုံတွေ့ရတဲ့အချိန်မှာဖြစ်စေ လူသားအများစုရဲ့ နှလုံးသား အနက်ရှိုင်းဆုံး နေရာကနေ ပထမဆုံး ထွက်ပေါ်လာတတ်သော အသံမှာ “အမေ” ဆိုတဲ့ ခေါ်သံပင် ဖြစ်ပါတယ်။
သို့သော်လည်း ကိုထိန်လင်း၏ “အမေ” ဟု ခေါ်လိုက်သော အသံမှာ ထူးသံမဲ့နေပါတယ်။ အဲဒီခေါ်သံဟာ အတိတ်ကာလကကဲ့သို့ ချက်ချင်းတုံ့ပြန်ပေးမဲ့ အမေစုရဲ့ အသံကို မရရှိနိုင်တော့တဲ့ အခြေအနေတရပ်ကို ဖော်ပြနေသကဲ့သို့ ရှိပါတယ်။ ကိုထိန်လင်းရဲ့ ခေါ်သံတွေထဲမှာ လွမ်းဆွတ်ခြင်း၊ မျှော်လင့်ခြင်းနဲ့ ဆုံးရှုံးခြင်းတို့ ရောနှောနေပြီး အဖြေမရနိုင်တော့တဲ့ မေးခွန်းတခုလို လေထုထဲမှာ ပျံ့နှံ့ ပျောက်ကွယ်သွားသည့်အလား။
အမေစုရှိစဉ်က နေ့စဉ်ကြားနေရတဲ့ သာမန်အသံတွေဟာ အမေစု မရှိတော့တဲ့အခါ တန်ဖိုးမဖြတ်နိုင်သော အမှတ်တရစကားများ ဖြစ်လာကြပါတယ်။ ကိုထိန်လင်းအတွက် အမေဖြစ်သလို မြန်မာပြည်သူလူထု တရပ်လုံးအတွက်လည်း ဒီလိုပဲ ဖြစ်နေမှာပါ။ “အမေ” ဟု ခေါ်လိုက်တိုင်း အရင်ကလို “ဘာလဲ သားရေ” ဟု ပြန်ထူးမဲ့သူ မရှိတော့တဲ့ အခြေအနေက သူရဲ့ နှလုံးသားကို ပိုလို့ နာကျင်စေမယ်ဆိုတာ ကျနော်တို့တွေ ကိုယ်ချင်းစာ နားလည်နိုင်ကြမှာပါ။
ထူးသံမဲ့နေတဲ့ ကိုထိန်လင်းရဲ့ အမေခေါ်သံဟာ လူတယောက်ရဲ့ ကိုယ်ပိုင်ဝမ်းနည်းမှုကိုသာ ဖော်ပြနေတာ မဟုတ်ဘဲ မိခင်မေတ္တာရဲ့ တန်ဖိုးကိုလည်း ထင်ဟပ်စေပါတယ်။ မိခင်ရဲ့ ချစ်ခြင်းမေတ္တာဟာ နေ့စဉ်ဘဝမှာ သာမန်လို့ ထင်ရပေမဲ့ ဒီအရာကို ဆုံးရှုံးသွားရတဲ့ အခါမှသာ အမေတယောက်ရဲ့ အဖိုးတန်မှုကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ကြရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာကြောင့် သတင်းအမှောင်ချထားခံရတာလဲ
စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေအရ အကျဉ်းချထားတာဖြစ်ကြောင်း၊ လုံခြုံရေးနဲ့ အကျဉ်းထောင် စည်းမျဉ်းအရ ဆောင်ရွက်နေတာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးလေ့လာသူတွေ ကတော့ အောက်ပါအကြောင်းရင်းတွေ ရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ သြဇာလွှမ်းမိုးမှုရှိနေဆဲ နိုင်ငံရေးခေါင်းဆောင်တယောက် ဖြစ်နေသေးတဲ့အတွက် သူ့ရဲ့ အသံ၊ သဘောထားတွေကို ပြင်ပကို မရောက်စေချင်တာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ နေထိုင်မှုအခြေအနေတို့နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ ဖိအားများ တိုးမလာစေချင်ကြတာလို့လည်း ယူဆကြပါတယ်။
နိုင်ငံရေးအရ အိုင်ကွန်ဆန်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တာကြောင့်လည်း လူထုလှုပ်ရှားမှုတွေ ပြန်လည်အားကောင်းလာနိုင်ခြေကိုလည်း အထူးသဖြင့် ပိုပြီး စိုးရိမ်ပူပန်ကြတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။
စစ်အာဏာရှင် ဘက်ကတော့ လုံခြုံရေးနဲ့ ဥပဒေကြောင်းဆိုင်ရာ အကြောင်းပြချက်တွေကို ပြောဆိုပြီး ဝေဖန်သူတွေကတော့ နိုင်ငံရေးသြဇာလွှမ်းမိုးမှုကို ကန့်သတ်လိုခြင်းကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
Proof of Life “ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေတခု ပြသပေးစေချင်”
နှစ်ပေါင်းများစွာ အများပြည်သူနဲ့ ကင်းကွာနေတဲ့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ် အခြေအနေတွေအပေါ် ပြည်သူလူထုက စိုးရိမ်ပူပန်မှုတွေဟာ တနေ့တခြား မြင့်တက်လာနေပါတယ်။ သတင်းအချက်အလက်တွေကို လွတ်လပ်စွာ ရရှိနိုင်မှု မရှိတဲ့ အခြေအနေဟာ ကောလာဟလတွေနဲ့ ထင်မြင်ယူဆချက်တွေ ပိုမိုပျံ့နှံ့လာတာ သဘာဝကျပါတယ်။
အဲဒါကြောင့် ပြည်သူတွေက Proof of Life ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေတခု ပြပေးစေချင်တဲ့ တောင်းဆိုချက်မှာ အထူးအဆန်းတခု မဟုတ်ပါ။ ပြည်သူလူထုက တောင်းဆိုနေတာဟာ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း၊ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိကြောင်းကို ယုံကြည်စိတ်ချရတဲ့ သက်သေတရပ် ပြသပေးဖို့သာ ဖြစ်ပါတယ်။
လူပုဂ္ဂိုလ်တဦးအပေါ် နိုင်ငံရေးအမြင် မတူညီမှုတွေ ရှိနိုင်ပေမဲ့ လူသားတဦးရဲ့ အခြေခံအခွင့်အရေးနဲ့ ရပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ အများပြည်သူလူထုရဲ့ သိခွင့်ရှိတဲ့ သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးတာဟာ အလွန်အရေးကြီးလှပါတယ်။ အထူးသဖြင့် နိုင်ငံရဲ့ သမိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူတဦးနဲ့ ပတ်သက်လာတဲ့အခါ ပြည်သူတွေရဲ့ စိုးရိမ်မှုကို လျှော့ချနိုင်ဖို့ ယုံကြည်ရတဲ့ အချက်အလက်တွေ လိုအပ်ပါတယ်။
ကိုထိန်လင်းနဲ့ ပြည်သူတွေရဲ့ ဆန္ဒမှာ နိုင်ငံရေး အငြင်းပွားမှုတခုကို ဖန်တီးလိုခြင်း မဟုတ်ဘဲ မိမိတို့ လေးစားချစ်ခင်ရသူတဦးရဲ့ အခြေအနေကို သိရှိလိုတဲ့ လူသားဆန်တဲ့ တောင်းဆိုမှုတရပ်သာ ဖြစ်ပါတယ်။ ကိုထိန်းလင်းရဲ့ အမေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း၊ ကျန်းမာရေးကောင်းမွန်ကြောင်း သက်သေပြနိုင်မဲ့ တနည်းအားဖြင့် ပြည်သူလူထုက ယုံကြည်စိတ်ချလို့ရတဲ့ ဓာတ်ပုံတပုံ၊ ဗီဒီယိုတိုတခု သို့မဟုတ် ယုံကြည်ရသော တွေ့ဆုံခွင့်တရပ်ကို ပြသပေးနိုင်မယ်ဆိုရင် ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ပါးသွားမှာ ဖြစ်သလို မလိုလားအပ်တဲ့ ကောလာဟလတွေကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ယုံကြည်မှုဟာ ပွင့်လင်းမြင်သာမှုကနေ ပေါက်ဖွားလာတဲ့ ဆုလာဘ်တခု ဖြစ်ပါတယ်။ ဒါကြောင့် အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေမှန်ကို ပြည်သူတွေ သိရှိနိုင်စေဖို့ ယုံကြည်စိတ်ချရသော သက်သေတရပ် ပြသပေးဖို့ တောင်းဆိုသံတွေဟာ ဒီကနေ့အချိန်အခါမှာ ဆက်လက် ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။
ကိုထိန်လင်းရဲ့ အမေခေါ်သံက ထူးသံမဲ့နေပါတယ်။ မြန်မာပြည်သူ တရပ်လုံးရဲ့ အမေစုလို့ ခေါ်တဲ့အသံဟာလည်း ထူးသံမဲ့နေပါတယ်။ မိခင်ကို လွမ်းဆွတ်နေသော သားတယောက်ရဲ့ ဝမ်းနည်းကြေကွဲမှုကိုသာမက မြန်မာပြည်သူတရပ်လုံးရဲ့ မျှော်လင့်ခြင်း နေမင်း လမင်း အလင်းရောင်အရှင် သခင်မကို မိခင်နဲ့ သားသမီးကြားက ဖြတ်တောက်မရတဲ့ မေတ္တာကြိုးတွေပါလားလို့ ဆင်ခြင်သုံးသပ်ပြီး အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကိုထိန်လင်းနဲ့ မြန်မာပြည်သူလူထုကိုယ်စား ဒီဆောင်းပါးကနေတဆင့် အမေ ဒေါ်အောင်ဆန်းစာကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အလေးအမြတ် တောင်းဆိုလိုက်ရပါတယ်။
ကျနော်တို့ အားလုံးရဲ့ အမေခေါ်သံဟာ ထူးသံပြန်မကြားရသေးပေမဲ့ အမေစုရဲ့ မေတ္တာနဲ့ အမှတ်တရတွေကတော့ ကျနော်တို့ အားလုံးရဲ့ နှလုံးသားထဲမှာ အစဉ်အမြဲ ရှင်သန်နေတော့မှာပဲ ဖြစ်ပါတယ်။
ချစ်မင်းနွဲ့ကြည်