စစ်တွေ ဒကစ အနီး၌ တိုက်ပွဲပြင်းထန်
politics||4 MIN READ

စစ်တွေ ဒကစ အနီး၌ တိုက်ပွဲပြင်းထန်

DVB
SourceDVB
Back to News

AI Summary

ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် ဒကစဌာနချုပ်အနီးတွင် စစ်အာဏာရှင်တပ်နှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ အာရက္ခတပ်တော်က စစ်ရေးအရ ဖိအားပေး ထိုးစစ်ဆင်နေခြင်းကြောင့် စစ်တပ်က ဌာနချုပ်မှတစ်ဆင့် လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံနေရသည်။ ဤတိုက်ပွဲများကြောင့် စစ်တွေနှင့် ပုဏ္ဏားကျွန်းနယ်စပ်အနီးရှိ ဒေသခံများမှာ နေ့စဉ် လက်နက်ကြီးသံများကြားနေရပြီး စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ လက်ရှိတွင် စစ်တပ်သည် ရေတပ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသော်လည်း အာရက္ခတပ်တော်၏ တိုက်ခိုက်မှုများကြောင့် မြစ်ဝများအတွင်းသို့ ဝင်ရောက်ရန် ခက်ခဲနေသည်။ အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသော မြို့နယ်များကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲ ဖြစ်သည်။

Photo: AA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် ဒကစ ဌာနချုပ်အနီးမှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီး ပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တွေမြို့နယ်မှာ မေ ၂၆ ရက်ကတည်းက တိုက်ပွဲတွေ စတင်ဖြစ်ပွားနေပြီး ဒကစ-စစ်တွေ ဌာနချုပ်ရဲ့ ရှေ့တန်းကာကင်းတွေဖြစ်တဲ့ ကံကော်ကျွန်း၊ တောကန်နဲ့ ကျောက်တန်းချေကျေးရွာ အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေကာ စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံတိုက်ခိုက် နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“စစ်တွေမှာ တိုက်ပွဲတွေက နေ့တိုင်းနီးပါး ရှိနေတယ်။ အဓိကတော့ ကံကော်ကျွန်း၊ တောကန်၊ ကျောက်တန်းချေနဲ့ ဝါဘို အနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေကြတာ။ မြေပြင်မှာ လက်နက်ငယ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ရှိသလို လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြတာတွေ ရှိတယ်။ စစ်တပ်ဘက်ကတော့ ဒကစ-ဌာနချုပ်ကနေ လက်နက်ကြီးတွေနဲ့ အဓိက ပစ်ကူပေးနေသလို ပုဏ္ဏားကျွန်းနယ်စပ်က ကျေးရွာတွေကိုလည်း ပစ်ခတ်တိုက်ခိုက်နေတာတွေ ရှိတယ်။”

လက်ရှိ တိုက်ပွဲဖြစ်ပွားနေကြတဲ့ ကံကော်ကျွန်း၊ တောကန်နဲ့ ကျောက်တန်းချေတို့ဟာ ဒကစ-ဌာနချုပ်နဲ့ ၃ မိုင်နဲ့ ၄ မိုင်ကြား ပတ်ဝန်းကျင်သာ ကွာဝေးတော့တယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။

စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်တို့ဟာ စစ်တွေနဲ့ ပုဏ္ဏားကျွန်း နယ်စပ်တလျှောက်လုံးမှာ နှစ်ဖက် စစ်ဆိုင်ထားကြပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ နေ့စဉ်နေ့တိုင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေကြပါတယ်။

အာရက္ခတပ်တော်ဟာ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တို့ကို သိမ်းပိုက် ထိန်းချုပ်ထားတာဖြစ်ပြီး အဲဒီမြို့နယ်တွေက တဆင့် စစ်ရေးအရ ဖိအားပေးနေသလို ပုဏ္ဏားကျွန်း နယ်စပ်ဘက်ကလည်း မြေပြင် ထိုးစစ်ဆင် နေတာလည်း ဖြစ်ပါတယ်။

စစ်တွေမြို့နယ် နယ်စပ်မှာ တိုက်ပွဲတွေ နေ့တိုင်းရှိနေပြီး ညအချိန်နဲ့ မနက်ပိုင်းတွေမှာ လက်နက်ကြီး ပစ်ခတ်သံတွေ နေ့တိုင်းကြားနေကြရတယ်လို့ ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“တိုက်ပွဲတွေ နေ့တိုင်းလိုလို ရှိနေတာ။ ညအချိန်ဆို လက်နက်ကြီးသံတွေ နေ့တိုင်းကြားနေရတယ်။ စစ်တွေနဲ့ ပုဏ္ဏားကျွန်း အစပ်ဘက်ကနေ ပစ်ခတ်တာလို့ မှန်းဆရတယ်။ ဘယ်နေရာဆိုတာတော့ ကျနော်တို့လည်း အတိအကျ မပြောနိုင်ဘူး။ တိုက်ပွဲဖြစ်နေကြတာတော့ ရှိတယ်။”

စစ်တွေစစ်မျက်နှာမှာ စစ်အာဏာရှင်ရေတပ်က အင်အားဖြည့်တင်းမှုတွေကို ဆက်တိုက် ပြုလုပ်နေပေမဲ့လည်း အာရက္ခတပ်တော်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မြစ်ဝတွေကို မဝင်ရဲတော့ဘဲ ပင်လယ်ပြင်ကိုသာ အဓိက နေရာယူပြီး သွားလာလှုပ်ရှားနေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက် ထိန်းချုပ်လိုက်ပြီးနောက် လက်ကျန် ၃ မြို့ထဲက စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ ထိုးစစ်ဆင် တိုက်ခိုက် နေတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
စစ်တွေ ဒကစ အနီး၌ တိုက်ပွဲပြင်းထန် | YGN Daily