
ပုဏ္ဏားကျွန်းတွင် ဈေးဝယ်စက်လှေ ၁ စီး တိမ်းမှောက် ၊ လူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေ
AI Summary
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ခရီးသည် ၃၅ ဦး တင်ဆောင်လာသည့် စက်လှေတစ်စီး ဇွန်လ ၁၅ ရက်နေ့က တိမ်းမှောက်ခဲ့ရာ လူရှစ်ဦး သေဆုံးပြီး နှစ်ဦး ပျောက်ဆုံးနေသည်။ အဆိုပါစက်လှေသည် ရသေ့တောင်မြို့နယ်မှ ကျောက်တော်မြို့သို့ ဈေးဝယ်ရန် သွားရောက်စဉ် စမ်းမတွိချောင်းအတွင်း တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ မိုးရာသီကာလ ရေစီးသန်ခြင်းနှင့် ခရီးသည်နှင့် ကုန်ပစ္စည်းများကို သတ်မှတ်ပမာဏထက် အဆမတန် တင်ဆောင်မိခြင်းတို့ကြောင့် ယခုကဲ့သို့ ဝမ်းနည်းဖွယ် မတော်တဆမှုများ ဖြစ်ပွားရခြင်းဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူ ၂၄ ဦးအနက် ဒဏ်ရာပြင်းထန်သူ သုံးဦးကို ဆေးရုံသို့ ပို့ဆောင်ထားရသည်။ လက်ရှိတွင် ပျောက်ဆုံးနေသူများကို ဒေသခံများနှင့် တာဝန်ရှိသူများက ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
ထင်ရှားသော ပြောကြားချက်များ
"အခုလောလောဆယ်အထိတော့ ရုပ်အလောင်း ရှစ်လောင်း ဆယ်ယူရရှိထားပြီးပါပြီ။ ကျန်တဲ့ ပျောက်ဆုံးနေသူ နှစ်ဦးကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး မြစ်ကြောင်းတလျှောက် ဆက်လက် ရှာဖွေနေကြတုန်းပဲ ဖြစ်ပါတယ်"
"ဒီရက်ပိုင်း မိုးကလည်း ဆက်တိုက်ရွာနေတော့ ရေစီးက သန်တယ်။ ပြီးတော့ ကုန်ဈေးနှုန်းတွေ တက်နေတာကြောင့် ရွာတွေကနေ မြို့ပေါ်ကို စုပေါင်းပြီး ဈေးဝယ်ထွက်ကြတဲ့အခါ လှေတွေမှာ လူနဲ့ ကုန်ပစ္စည်း အဆမတန် တင်မိရာကနေ အခုလို ဝမ်းနည်းစရာ မတော်တဆမှုတွေ ခဏခဏ ဖြစ်နေရတာပါ"
ရုပ်သံ- ပုဏ္ဏားကျွန်းမြို့နယ်တွင် စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသူများ။ ဇွန်လ ၁၅ ရက် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင် ခရီးသည် ၃၅ ဦး တင်ဆောင်လာသည့် စက်လှေတစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီး ငါးဦးနှင့် အမျိုးသား သုံးဦး စုစုပေါင်း ရှစ်ဦး သေဆုံးသွားကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။(Zaw Ko Oo)
ပေါ်ထွန်း (ဇွန် ၁၅)
မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ခရီးသည် ၃၅ ဦး တင်ဆောင်လာသည့် စက်လှေတစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီး ငါးဦးနှင့် အမျိုးသား သုံးဦး စုစုပေါင်း ရှစ်ဦး သေဆုံးသွားကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။ ယနေ့ (ဇွန် ၁၅ ရက်) နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း (မစဲကမ်း) မှ ကျောက်တော်မြို့သို့ ဈေးဝယ်ရန် ထွက်ခွာလာသည့် အဆိုပါ စက်လှေသည် ပုဏ္ဏားကျွန်း ကြိုးတံတားအနီးရှိ စမ်းမတွိချောင်းအတွင်း တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူများအပြင် ယနေ့ ညနေ ၅ နာရီ ဝန်းကျင်အချိန်ထိ အမျိုးသားတဦးနှင့် အမျိုးသမီးတဦးတို့မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
“လှေမှောက်တဲ့ ဖြစ်စဉ်က ဟုတ်ပါတယ်။ အခုလောလောဆယ်အထိတော့ ရုပ်အလောင်း ရှစ်လောင်း ဆယ်ယူရရှိထားပြီးပါပြီ။ ကျန်တဲ့ ပျောက်ဆုံးနေသူ နှစ်ဦးကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ ပူးပေါင်းပြီး မြစ်ကြောင်းတလျှောက် ဆက်လက် ရှာဖွေနေကြတုန်းပဲ ဖြစ်ပါတယ်” ဟု ပုဏ္ဏားကျွန်း ဒေသခံအမျိုးသားတဦးက မဇ္ဈိမကို ပြောသည်။
စက်လှေပေါ်တွင် စုစုပေါင်း ခရီးသည် ၃၅ ဦး လိုက်ပါလာခြင်းဖြစ်ပြီး ၎င်းတို့အနက် ၂၄ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းအသက်ရှင်ကျန်ရစ်သူများထဲမှ ဒဏ်ရာပြင်းထန်သည့် အမျိုးသား သုံးဦးကိုမူ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကာ ဆေးကုသမှု ပေးနေရကြောင်း သိရသည်။
ယခုကဲ့သို့ မိုးရာသီကာလအတွင်း ရေလမ်းခရီးသွားလာမှုနှင့် ပတ်သက်၍ အာရက္ခပြည်သူ့အစိုးရ ပို့ဆောင်ရေးဌာနကလည်း ရေယာဉ်ပိုင်ရှင်များနှင့် ခရီးသည်များအနေဖြင့် မိုးလေဝသအခြေအနေများကို ဂရုပြုကြည့်ရှုပြီးမှ ခရီးသွားကြရန်၊ ခရီးသွားလာရာတွင် အသက်ကယ်အင်္ကျီများကို မပျက်မကွက် ဝတ်ဆင်ကြရန်နှင့် ခရီးသည်နှင့် ကုန်ပစ္စည်းများကို သတ်မှတ်ပမာဏထက် အလွန်အကျွံ တင်ဆောင်ခြင်း မပြုကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။
ရခိုင်ဒေသခံတဦးကလည်း “ဒီရက်ပိုင်း မိုးကလည်း ဆက်တိုက်ရွာနေတော့ ရေစီးက သန်တယ်။ ပြီးတော့ ကုန်ဈေးနှုန်းတွေ တက်နေတာကြောင့် ရွာတွေကနေ မြို့ပေါ်ကို စုပေါင်းပြီး ဈေးဝယ်ထွက်ကြတဲ့အခါ လှေတွေမှာ လူနဲ့ ကုန်ပစ္စည်း အဆမတန် တင်မိရာကနေ အခုလို ဝမ်းနည်းစရာ မတော်တဆမှုတွေ ခဏခဏ ဖြစ်နေရတာပါ” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ယခုကဲ့သို့ လူဦးရေအဆမတန် တင်ဆောင်ရာမှ စက်လှေမှောက်သည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် မေလ ၁၂ ရက် ညနေပိုင်းကလည်း မြောက်ဦးမြို့နယ်တွင် လူဦးရေအဆမတန် တင်ဆောင်လာသည့် စက်လှေတစီး တိမ်းမှောက်မှုကြောင့် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ဖူးသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး