အာဏာသိမ်းသမ္မတသွားရောက်မည့် တောင်ငူ မဆရ ၃ စစ်ဆေးရုံနှင့် လေတပ်ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်
politics||3 MIN READ

အာဏာသိမ်းသမ္မတသွားရောက်မည့် တောင်ငူ မဆရ ၃ စစ်ဆေးရုံနှင့် လေတပ်ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

Narinjara
SourceNarinjara

AI Summary

ဇွန်လ ၆ ရက်နေ့ ညနေပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်သည့် Brave Warriors for Myanmar (BWM) နှင့် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ တို့က ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးတပ်ရင်း (မဆရ) ၃ စစ်ဆေးရုံနှင့် လေတပ်အစည်းအဝေးခန်းမတို့ကို ၁၀၇ မမ ရှော့တိုက်ဒုံးလေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ၎င်းတို့သည် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် တောင်ငူသို့ ရောက်ရှိနေပြီး အဆိုပါနေရာများသို့ သွားရောက်မည်ဟု သတင်းရရှိထားသောကြောင့် ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဦးမင်းအောင်လှိုင်၏ ခိုးကြောင်ခိုးဝှက် သွားလာနေရသည့် ဘဝကို ပေါ်လွင်စေရန် ရည်ရွယ်သည်ဟု BWM က ထုတ်ပြန်သည်။ ဤတိုက်ခိုက်မှုကြောင့် ဦးမင်းအောင်လှိုင်သည် ပစ်မှတ်ထားခံရသည့် နေရာများသို့ ရောက်/မရောက် မသေချာတော့ဘဲ တောင်ငူမြို့ထဲတွင်သာ ပတ်နေသည်ဟု သိရသည်။ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ပျက်စီးမှု အခြေအနေများကိုမူ စုံစမ်းဆဲဖြစ်ပြီး BWM အဖွဲ့သည် မဟာမိတ်များနှင့်အတူ တော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သို့ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သွားရောက်မည်ဟု ကြားသိထားရသော တောင်ငူ တပ်မတော်ဆေးတပ်ရင်း (မဆရ) ၃ စစ်ဆေးရုံနှင့် လေတပ်ရှိ အစည်းအဝေးခန်းမတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ညနေတွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Brave Warriors for Myanmar (BWM)အဖွဲ့မှ သိရသည်။ အဆိုပါနေရာများကို BWM ၏ အထူးစစ်ဆင်ရေးအဖွဲ့က KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့် ပူးပေါင်း၍ ယနေ့ ဇွန်လ ၆ ရက်၊ ညနေ ၄ နာရီ ၂၅ မိနစ်တွင် ၁၀၇ မမ ရှော့တိုက်ဒုံးလေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု BWM ၏ တာဝန်ရှိသူက နိရဉ္စရာကို အတည်ပြု ပြောသည်။

Narinjara News Image

“အဲလိုတိုက်ခိုက်ပြီးနောက် သူ(အာဏာသိမ်းသမ္မတ) အဲဒီနေရာတွေကို ရောက်/မရောက်တော့ မသေချာဘူးဗျ။ တောင်ငူမြို့ထဲတော့ ပတ်နေတယ်”ဟု ပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကိုလည်း စုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တောင်ငူခရီးစဉ်ကို လျှို့ဝှက်စွာ စီစဉ်ပြီး ပြည်ထောင်စုဝန်ကြီး ခရီးစဉ်ဟုသာအသိပေးကာ ကုန်းလမ်းဖြင့်လာမည်ဟုပြင်ဆင်ခဲ့သည်ဟု သိရသည်။ သို့ရာတွင် လက်တွေ့၌ ရန်ကုန်-နေပြည်တော် အစုန်ရထားဖြင့် ရောက်လာပြီး ထိုမှတဆင့် မဆရ ၃ (၂ ဆောင်မြိုင်)နှင့် ကေတုမတီလေတပ်သို့ သွားရောက်မည်ဟု သတင်းကြားသိရသောကြောင့် BWM နှင့် မဟာမိတ်အဖွဲ့က ယခုကဲ့သို့ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယနေ့ညထုတ်ပြန်သည့် BWM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Narinjara News Image

“သမ္မတတုမင်းအောင်လှိုင်သည် ယခုအထိပင် နိုင်ငံအတွင်း ခိုးကြောင်ခိုးဝှက်သွားလာနေရပြီး ထိတ်လန့်နေရသည့်ဘဝကိုပေါ်လွင်စေရန် ယခုလို တိုက်ခိုက်ရခြင်းဖြစ်ပါသည်”ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

BWM အဖွဲ့သည် မဟာမိတ်များနှင့် ပူးပေါင်းကာ တော်လှန်ရေး အောင်သည်အထိ ပြည်သူများနှင့်အတူ ဆက်လက် ကြိုးစားမည်ဟုလည်း ဆိုထားသည်။


ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ ဇွန် ၆/၂ဝ၂၆

ဆက်စပ်သတင်းများ

AI Curated
အာဏာသိမ်းသမ္မတသွားရောက်မည့် တောင်ငူ မဆရ ၃ စစ်ဆေးရုံနှင့် လေတပ်ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက် | YGN Daily