မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ
AI Summary
ဇွန်လ ၉ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစုနှစ်ဦး အိမ်အပြန်၌ အမည်မသိလက်နက်ကိုင်လေးဦးက ကားဖြင့်ဝင်တိုက်ကာ သေနတ်ပစ်ဖောက်၍ ဓားပြတိုက်လုယက်ခဲ့သည်။ ဓားပြများသည် ရွှေ ၄ ကျပ်သားခန့် ယူဆောင်သွားပြီး သေနတ်ပစ်ဖောက်ခဲ့သောကြောင့် ပတ်ဝန်းကျင်မှ မည်သူမျှ ဝင်ရောက်ကူညီခြင်းမပြုရဲခဲ့ပေ။ ဓားပြတိုက်ပြီးနောက် ၎င်းတို့၏ အဖြူရောင် Crown ကားကို စက်မှုဇုန်တွင် ပြန်တွေ့ခဲ့သော်လည်း ကျူးလွန်သူများသည် ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ မူဆယ်ဒေသတွင် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားမှုများပြားပြီး အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု အားနည်းလာခြင်းနှင့် စီးပွားရေးကျဆင်းမှုများကြောင့် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ လက်ရှိတွင် ကျူးလွန်သူများကို ဖမ်းမိခြင်းမရှိသေးဘဲ လွတ်မြောက်နေဆဲဖြစ်သည်။
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး အိမ်သို့ပြန်လာစဉ် အမည်မသိ လက်နက်ကိုင်ဆောင်သူ အမျိုးသား (၄) ဦးသည် ကားဖြင့် ဝင်တိုက်ကာ သေနက်ပစ်ဖောက်ပြီး ဓားပြတိုက်လုယက်ခဲ့ကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဆိုင်သိမ်းပြီး အပြန် ကားနဲ့တိုက်ပြီး ဓားပြတိုက်ခံရတာ။ ရွှေ ၄ ကျပ်သား ဝန်းကျင်လောက် ပါသွားတယ်။ဓားပြ တိုက်တဲ့လူတွေက သေနက် တစ်ချက် ပစ်ဖောက်လိုက်တော့ ပတ်ဝန်းကျင်က လူတွေလည်း ဝင်မကူညီရဲဘူး။အဲ့ လူတွေရဲ့ ကားကိုတော့ ပြန်တွေ့တယ် လူတော့ မတွေ့သေးဘူး”ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ဓားပြတိုက်ခံရပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ပြည်သူများ လိုက်လံရှာဖွှေရာ ဓားပြတိုက်သွားသည့် အဖွဲ့၏ အဖြူရောင် Crown ကားကို စက်မှုဇုန်နယ်မြေအတွင်းတွေ့ရှိခဲ့သည်။
CCTV မှတ်တမ်းအရ ကျူးလွန်သူများသည် ကားကို ထားခဲ့ပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။
မူဆယ်မြို့တွင် အမည်မသိလက်နက်ကိုင်အဖွဲ့များက ဒေသခံများထံ သေနက်ဖြင့် ခြိမ်းခြောက်ပြီး ဓားပြတိုက်ခြင်း၊ လူပြန်ပေးဆွဲခြင်း မကြာခဏ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။
မူဆယ်မြို့အနီးတဝှိက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားလျက်ရှိသကဲ့သို့ မြို့အတွင်း၌လည်း စစ်ကော်မရှင်တပ်ဖွဲ့များနှင့် ၎င်း လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ၁၅ ဖွဲ့ထက်မနည်းလှုပ်ရှားနေကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု အားနည်းလာခြင်းနှင့် စီးပွားရေး ကျဆင်းမှုများကြောင့် မြန်မာနိုင်ငံတဝန်း စားဝတ်နေရေး အခက်အခဲများ ပိုကြီးထွားလာကာ ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုများလည်း နေ့စဉ်နီးပါး ဖြစ်ပွားလာသည်။
The post မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ appeared first on သျှမ်းသံတော်ဆင့်.