လမ်းဆုံလမ်းခွရောက်နေတဲ့ မြန်မာနိုင်ငံ - အာဏာသိမ်းပြီး ၅ နှစ်အကြာ
မေးမြန်းခန်း||30 MIN READ

လမ်းဆုံလမ်းခွရောက်နေတဲ့ မြန်မာနိုင်ငံ - အာဏာသိမ်းပြီး ၅ နှစ်အကြာ

DVB
SourceDVB

AI Summary

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် အကြမ်းဖက်ပဋိပက္ခများနှင့် စီးပွားရေးပျက်စီးမှုများဖြင့် ရင်ဆိုင်နေရပြီး၊ မကြာသေးမီက မင်းအောင်လှိုင်ကို သမ္မတအဖြစ် ခန့်အပ်ခဲ့သည်။ ယူကရိန်းစစ်ပွဲကြောင့် လောင်စာဆီဈေးနှုန်းများ သုံးဆခန့်တက်ကာ ကျေးလက်ဒေသများတွင် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး၊ စီးပွားရေးမှာလည်း ကိုဗစ်မတိုင်မီ အခြေအနေသို့ ပြန်မရောက်နိုင်သေးပေ။ ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေမှာ မရေမရာဖြစ်နေပြီး၊ တရုတ်နိုင်ငံက စစ်ကောင်စီကို ထောက်ခံကာ BRI စီမံကိန်းများနှင့် ဘဏ္ဍာရေးစနစ် ပေါင်းစည်းရေးတို့ကို တိုးမြှင့်လုပ်ဆောင်နေသည်။ တော်လှန်ရေးအင်အားစုများက ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEFU) အဖြစ် စုစည်းကာ၊ အမေရိကန်ဒေါ်လာနှင့် ချိတ်ဆက်ထားသော ဒစ်ဂျစ်တယ်ကျပ်ငွေဖြင့် လည်ပတ်သည့် နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ကို တည်ထောင်ခဲ့ရာ၊ ၎င်းသည် တည်ငြိမ်သော ဘဏ္ဍာရေးစနစ်ကို ပေးစွမ်းသည်။ စစ်ကောင်စီသည် စစ်စရိတ်အတွက် ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ နိုင်ငံခြားငွေများကို တရားဝင်ဘဏ်စနစ်မှတစ်ဆင့် အတင်းအကျပ် လွှဲခိုင်းကာ ၎င်းတို့၏ နိုင်ငံခြားငွေလိုအပ်ချက်ကို ဖြည့်ဆည်းနေသည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်ကောင်စီအပေါ် ဖိအားပေးရန်၊ အထူးသဖြင့် ၎င်းတို့၏ ဘဏ္ဍာရေးလမ်းကြောင်းများကို ပိတ်ဆို့ခြင်းဖြင့် စစ်မှန်သော ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန် တိုက်တွန်းထားသည်။

Photo: Sean Turnell

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံဟာ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတော်လှန်မှုတွေ ပေါ်ပေါက်လာကာ အရေးကြီးတဲ့ နိုင်ငံတော် ယန္တရားတွေလည်း ပြိုကျပျက်စီးခဲ့ရပါတယ်။ လတ်တလောမှာတော့ ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ့လွှတ်တော်ကို ပြန်လည်ခေါ်ယူခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း မင်းအောင်လှိုင်ကို သမ္မတအဖြစ် ခန့်အပ်ခဲ့ပါတယ်။ Lowy Institute ရဲ့ အရှေ့တောင်အာရှ အစီအစဉ် ဒါရိုက်တာ ဟန်တာမာစတန်နဲ့ အရှေ့တောင်အာရှ အစီအစဉ်ရဲ့ Senior Fellow လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးဟောင်းလည်း ဖြစ်တဲ့ ပါမောက္ခရှောင်တာနယ်လ်တို့က မြန်မာနိုင်ငံက လက်ရှိ ခုခံတော်လှန်ရေး အခြေအနေတွေ၊ နိုင်ငံရဲ့ စီးပွားရေး အလားအလာတွေနဲ့ သက်ဆိုင်သူတွေ အားလုံးကြား ဆွေးနွေးအဖြေရှာနိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းက ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲ ဆိုတာတွေကို ဆွေးနွေးထားကြပါတယ်။

ဟန်တာ မာစတန်။ ။ တရားဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၅ နှစ်အကြာမှာတော့ မြန်မာနိုင်ငံဟာ စစ်ပွဲတွေထဲ နစ်မွန်းနေဆဲဖြစ်ပြီး၊ စီးပွားရေးတွေလည်း ပျက်စီးနေပါတယ်။ သူ့ရဲ့ အစိုးရ (စစ်အာဏာရှင်) ကိုလည်း ရုရှားနဲ့ တရုတ်တို့လို အာဏာရှင် နိုင်ငံအနည်းငယ်ကလွဲလို့ ဘယ်သူကမှ အသိအမှတ် မပြုကြပါဘူး။ အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေ၊ ကမ္ဘာ့အကျပ်အတည်းမျိုးစုံနဲ့ ဒေါ်နယ်ထရမ့်ပ်ရဲ့ မကြာသေးမီက ပေကျင်းခရီးစဉ် စတာတွေကြောင့် နိုင်ငံတကာ မီဒီယာတွေက မြန်မာနိုင်ငံအကြောင်းကို မေ့မေ့ပျောက်ပျောက် ဖြစ်နေကြပါတယ်။ ဒါကြောင့် ဒီအခွင့်အရေးကို ယူပြီး မြန်မာနိုင်ငံက အဖြစ်အပျက်တွေကို ပြန်လည်သုံးသပ်ဖို့၊ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း ဘာတွေ ပြောင်းလဲသွားလဲဆိုတာ လေ့လာဖို့နဲ့ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ဖို့ ကျနော်တို့ စီစဉ်လိုက်တာပါ။ ဒီကနေ့မှာတော့ Lowy Institute အရှေ့တောင်အာရှ အစီအစဉ်ရဲ့ Senior Fellow လည်းဖြစ်၊ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ စီးပွားရေး အကြံပေးအရာရှိဟောင်းလည်း ဖြစ်တဲ့ ရှောင်တာနယ်လ်နဲ့ ဆွေးနွေးသွားမှာပါ။ ရှောင်ရေ ကျနော်တို့ Podcast အစီအစဉ်ကနေ ပြန်လည် ကြိုဆိုပါတယ်။

ရှောင်တာနယ်လ်။ ။ “ကျေးဇူးအများကြီးတင်ပါတယ် ဟန်တာ။ ဒီကိုလာရတာ ဝမ်းသာပါတယ်။”

ဟန်တာ မာစတန်။ ။ နိုင်ငံတကာရေးရာ ရှုထောင့်ကနေ ကျနော်စချင်ပါတယ်။ အရှေ့အလယ်ပိုင်းက ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ တခြားသော ကမ္ဘာ့အကျပ်အတည်းတွေကြောင့် နိုင်ငံတကာ အသိုက်အဝန်းက မြန်မာနိုင်ငံကို မေ့နေကြပုံရပါတယ်။ ယူကရိန်းစစ်ပွဲက မြန်မာနိုင်ငံရဲ့ လောင်စာဆီ ရရှိမှုအပေါ် ဘယ်လို ရိုက်ခတ်မှုရှိလဲ။ ပြီးတော့ လက်ရှိ စီးပွားရေး အခြေအနေကရော ဘယ်လိုရှိလဲ။

ရှောင်တာနယ်လ်။ ။ “ယူကရိန်းစစ်ပွဲကြောင့် အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံက အဆိုးဆုံး သက်ရောက်မှုခံရတာ ဖြစ်နိုင်ပါတယ်။ လောင်စာဆီ ဝယ်မရတဲ့ ပြဿနာရော၊ ဈေးနှုန်းအရပါ ထိခိုက်တာပါ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆီဈေးတွေက ၃ ဆလောက် တက်သွားတယ်လို့ ကျနော်တို့ ယူဆပါတယ်။ တချို့နေရာတွေမှာ အဲဒီထက်တောင် ပိုများပြီး တခြားနေရာ အများအပြားမှာ၊ အထူးသဖြင့် ကျေးလက်ဒေသတွေမှာဆိုရင်၊ ဆီလုံးဝ ဝယ်လို့မရတဲ့ အခြေအနေမျိုးဖြစ်နေပါတယ်။ ဒါဟာ တကယ့်ကပ်ဆိုးကြီးပါပဲ။ အထူးသဖြင့် ပြီးခဲ့တဲ့ ၁၀ နှစ်လောက်အတွင်း စက်ယန္တရားတွေ ပိုသုံးလာတဲ့ လယ်သမားတွေအတွက် ပိုပြီးထိခိုက်စေပါတယ်။ အဲဒီတုန်းက စက်တွေ သုံးလာနိုင်တာ ဂုဏ်ယူစရာပေါ့။ ဒါပေမဲ့ အခုချိန်မှာ နွားတွေအစား ထွန်စက်တွေနဲ့ အဲဒီလိုမျိုးတွေ သုံးနေရတာက သူတို့အတွက် ကြီးမားတဲ့ ဆိုးကျိုးတခု ဖြစ်နေပါပြီ။ တကယ့် ပြဿနာကြီးပါ။”

“မြန်မာစစ်ခေါင်းဆောင်တွေကတော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရုံကလွဲလို့ တခြားမရှိပါဘူး။ သူတို့က အီရန် သို့မဟုတ် ရုရှားနဲ့ အလွန်အမင်း ပူးပေါင်းနေတော့ ဒီစစ်ပွဲစကတည်းက ပစ်မှတ်ထား ပိတ်ဆို့ခံရတာတွေထဲ ပါနေတာပေါ့။ ဒါကြောင့် သူတို့ လောင်စာဆီ ကောင်းကောင်းမရကြပါဘူး။ တရုတ်က နည်းနည်းပါးပါး ထောက်ပံ့ပေးပေမဲ့ အရမ်းဈေးကြီးပါတယ်။ ဒါကြောင့် တခြားပြဿနာတွေအပြင် စီးပွားရေးကပါ နောက်ပြန်ဆုတ်နေတာပါ။ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံ တခုတည်းကသာ ကိုဗစ်မတိုင်ခင် ၂၀၁၉ ခုနှစ်က စီးပွားရေး အနေအထားမျိုးကို ပြန်မရောက်နိုင်သေးတာပါ။ အစကတည်းက ပျက်စီးနေတဲ့ အခြေအနေကို အခုက ပိုဆိုးသွားအောင် လုပ်လိုက်သလိုပါပဲ။”

ဟန်တာ မာစတန်။ ။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလိုက်တယ်လို့ စစ်တပ်က မကြာသေးခင်က ကြေညာတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေသိထားလဲ၊ ပြီးတော့ ဘာလို့ အခုအချိန်ကျမှ သူတို့ ဒီလိုလုပ်ရတာလဲ။

ရှောင်တာနယ်လ်။ ။ “လွန်ခဲ့တဲ့ နှစ်ပတ်က သိခဲ့တာထက် အခု ပိုပြီးတော့တောင် သိရတာ နည်းသွားပါသေးတယ်။ ဆိုလိုတာက လွန်ခဲ့တဲ့ နှစ်ပတ်လောက်က သူ့ကို နေအိမ်အကျယ်ချုပ် ပြောင်းလိုက်ပြီဆိုတဲ့ စစ်ကောင်စီရဲ့ ဇာတ်လမ်းကို ကျနော်တို့ ထပ်ပြီး လက်ခံလိုက်မိတာ မှားကောင်း မှားနိုင်ပါတယ်။ ကျနော်တို့ အကောင်းဆုံး ခန့်မှန်းနိုင်တာကတော့ သူ့ကို နေရာပြောင်းလိုက်တယ် ဆိုတာပါပဲ။ ဒါပေမဲ့ အဲဒါက နေအိမ် ဟုတ် မဟုတ်၊ ဒါမှမဟုတ် ကျနော်တို့ ပုံမှန် နေအိမ်လို့ ခေါ်နိုင်တဲ့ နေရာမျိုး ဟုတ်မဟုတ် ဆိုတာကတော့ တော်တော်လေး သံသယဖြစ်စရာပါ။နေပြည်တော်ပတ်ဝန်းကျင်က စစ်တပ်စခန်းတွေထဲက တခြား နေရာတခုခုကို ပြောင်းလိုက်တာပဲ ဖြစ်ဖို့များပါတယ်။ အဲဒီလောက်ပဲ ကျနော်တို့ ခန့်မှန်းလို့ရပါတယ်။”

“ဒါဟာ အလွန်ကို စိုးရိမ်စရာပါ။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ကိစ္စနဲ့ တွဲပြီးတော့ သူတို့အတွက် အကျိုးအမြတ် (အလျှော့ပေးမှု) တခုခုရဖို့၊ သူတို့ကိုယ်သူတို့ ပုံမှန်အစိုးရတရပ်လို ဟန်ဆောင်ပြဖို့နဲ့၊ သူတို့ရဲ့ ဆိုးရွားလှတဲ့ သံတမန်ရေးရာ အနေအထားကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားနေတာ ဖြစ်လို့ပါပဲ။ ဒါပေမဲ့ အသက်ရှင်လျက် ရှိသေးတယ်ဆိုတဲ့ သက်သေအထောက်အထား (ဓာတ်ပုံတွေ၊ ဆေးဘက်ဆိုင်ရာ ထုတ်ပြန်ချက်တွေ၊ လက်ရှိ အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်တွေ) ဘာတခုမှ မျှဝေတာမျိုး မရှိတာကတော့ တကယ့်ကို စိုးရိမ်စရာပါ။ ဒီကြေညာချက်ကနေ သူတို့ ဘာကို လိုချင်နေလဲဆိုတာ ကြည့်ရင် သူတို့မှာ ဒီလို ထုတ်ပြဖို့ အကြောင်းပြချက် အပြည့်အဝ ရှိနေပါတယ်။ ဒါကိုမှ သူတို့ ထုတ်မပြဘူး ဆိုတော့.. တစ် အချက်က သူ ကျန်းမာရေး အခြေအနေ သိပ်မကောင်းလို့ ပုံတွေ ထွက်သွားမှာကို သူတို့ စိုးရိမ်နေတာ၊ နောက်ထပ် အဆိုးဆုံး တွေးကြည့်ရရင် သူ အသက်ရှင်လျက် ရှိသေးရဲ့လား ဆိုတာပါပဲ။ သူ့မိသားစုဝင်တွေ အပါအဝင် သူနဲ့ နီးစပ်သူ အများအပြားနဲ့ ကျွန်တော် အဆက်အသွယ် ရှိပါတယ်။ သူတို့နဲ့လည်း အဆက်အသွယ် မရတာ အတော်ကြာနေပါပြီ။ စစ်ကောင်စီဘက်က တခုခု ထုတ်ပြန်လာမလား၊ အထူးသဖြင့် အသက်ရှင်လျက် ရှိနေသေးတယ်ဆိုတဲ့ အထောက်အထား တခုခုများ ပြလာမလားဆိုပြီး ကျနော်တို့ စောင့်ကြည့်နေရုံပါပဲ။”

ဟန်တာ မာစတန်။ ။ တချိန်တည်းမှာပဲ တပ်ချုပ်ဟောင်းလည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင်ကို သမ္မတအဖြစ် ခန့်အပ်လိုက်ပါတယ်။ (ပိုမှန်တာကတော့ သူ့ကိုယ်သူ ခန့်အပ်လိုက်တာပါ)။ မင်းအောင်လှိုင် ဆိုတာ ဘယ်သူလဲ။ ဒီလိုလုပ်တာက တိုင်းပြည်ရဲ့ နိုင်ငံရေးမှာဖြစ်ဖြစ်၊ စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုမှာဖြစ်ဖြစ် အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ တခုခုများ ဖြစ်လာနိုင်လား။

ရှောင်တာနယ်လ်။ ။ “သူက တော်တော်ကို ထူးဆန်းတဲ့ ကာရိုက်တာမျိုးပါ။ အရပ်သား ဒီမိုကရေစီ အစိုးရ သက်တမ်းတလျှောက်လုံး၊ ၂၀၁၁ ခုနှစ်လောက်ကတည်းက စစ်တပ်အကြီးအကဲအဖြစ် သူပေါ်ထွက်လာတာပါ။ အစိုးရလုပ်သမျှ၊ အစိုးရ ကြိုးစားသမျှ ကိစ္စတိုင်းနီးပါးမှာ သူက အမြဲတမ်း ဆူးငြောင့်ခလုတ်လို ဖြစ်နေခဲ့တာပါ။ ဟန်တာ အစက ပြောခဲ့သလိုပဲ၊ သူက ဒီ (သမ္မတ) နေရာကို မက်မောနေခဲ့တာ ကြာပါပြီ။ အဲဒါဟာ ဖြစ်နိုင်ခြေမရှိတဲ့ ရည်မှန်းချက်တခုလို့ ထင်ရပါတယ်။ ကျနော် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ နေပြည်တော်မှာ ရှိနေတဲ့အချိန်တုန်းကဆိုရင် သူ့ကို အရည်အချင်း အလွန်ညံ့ဖျင်းတယ်၊ ရည်မှန်းချက် အရမ်းကြီးတယ်၊ ဒါပေမဲ့ စစ်တပ်ထဲက လူအများစုကြားမှာတောင် ဘယ်သူကမှ သဘောမကျဘူးလို့ မြင်ကြပါတယ်။ ဒါကြောင့် သူ အာဏာသိမ်းတဲ့ လမ်းကြောင်းကနေ ဒီနေရာကို ရောက်လာတာက သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ အံ့သြစရာကောင်းတာက သူ သမ္မတ ဖြစ်လာတာပါပဲ။ ဘာလို့လဲဆိုတော့ သူဟာ ဒီတာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိဘူးလို့ ကျနော် အသေအချာ မြင်လို့ပါ။”

“ကျနော်ထောင်ထဲမှာ ရှိနေတုန်းက စစ်တက္ကသိုလ်မှာ သူနဲ့အတူ တက်ခဲ့တဲ့ လူတချို့နဲ့ အတူနေခဲ့ရပါတယ်။ သူတို့မှာ မင်းအောင်လှိုင်ဟာ ဘယ်လို ကုန်းချောတတ်လဲ၊ ဘယ်လို ဖားတတ်လဲ၊ အထက်ဖား အောက်ဖိဘယ်လို လုပ်တတ်တဲ့ လူစားမျိုးလဲဆိုတဲ့ ဇာတ်လမ်းတွေ အများကြီး ရှိပါတယ်။ အဲဒီလူတွေက ဆယ်စုနှစ်များစွာကတည်းက သူ့အပေါ် အမြင်မကြည်ခဲ့တဲ့ အလွန်အဆင့်မြင့်တဲ့ စစ်တပ် အရာရှိကြီးတွေပါ။”

ဟန်တာ မာစတန်။ ။ တရုတ်က မြန်မာစစ်တပ်ကို အများကြီး ထောက်ခံပေးထားပါတယ်။ တိုင်းပြည် မပြိုကွဲအောင် ထိန်းထားနိုင်တဲ့ တခုတည်းသော အင်အားစုအဖြစ် အကြောင်းပြပြီးတော့ပေါ့။ ပေကျင်းက စစ်တပ်ရဲ့ မကြာသေးမီက ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုထားပြီး၊ မင်းအောင်လှိုင် သမ္မတဖြစ်လာတာကိုလည်း ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု တိုင်းပြည်တွင်းမှာ ဘယ်လောက်အထိ ကျယ်ပြန့်လာသလဲ။

ရှောင်တာနယ်လ်။ ။ “တရုတ်က အခွင့်အရေးကို သေချာဆုပ်ကိုင်လိုက်တာပါ။ အရပ်သားအစိုးရ လက်ထက်တုန်းက တရုတ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကြားက ဆက်ဆံရေးနဲ့ ပတ်သက်ပြီး နားလည်မှုလွဲတာလေး နည်းနည်းရှိမယ် ထင်ပါတယ်။ အထူးသဖြင့် စီးပွားရေးဘက်မှာ ဆက်ဆံရေး အရမ်းကောင်းတယ်လို့ လူအများက ယုံကြည်ထားကြတာ မှားတယ်လို့ ကျနော် ထင်ပါတယ်။ တကယ်တော့ Belt and Road Initiative (BRI) အခြေခံအဆောက်အအုံ စီမံကိန်းကြီးတွေနဲ့ပတ်သက်ပြီး တရုတ်ဘက်က တော်တော်လေး စိတ်ပျက်ခဲ့တာပါ။ အခု အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတာကတော့ မြန်မာကို အုပ်ချုပ်နေတဲ့ စစ်ကောင်စီက ဒီ BRI စီမံကိန်းကြီးတွေကို ဆက်လုပ်ဖို့ အခြေခံအားဖြင့် 'ခေါင်းညိတ်' လိုက်တာပါပဲ။ ဒါပေမဲ့ စီမံကိန်း အားလုံးတော့ ဆက်လုပ်နေတာ မဟုတ်ဘူးလို့ ကျနော် အမြန်ဖြည့်စွက် ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီက တိုင်းပြည်ရဲ့ နေရာအများစုကို မထိန်းချုပ်နိုင်လို့ပါ။ အထူးသဖြင့် ဒီအခြေခံအဆောက်အအုံ စီမံကိန်းကြီးတွေ လုပ်မဲ့ တကယ့် ပဋိပက္ခ ပြင်းထန်နေတဲ့ နေရာတွေမှာပေါ့။ ဒါကြောင့် ရယ်စရာကောင်းတာက သဘောတူပေမဲ့ စီမံကိန်းတိုင်း ရှေ့မရောက်သေးပါဘူး။ တချို့ဟာတွေ စနေပြီ၊ တချို့က ဆိုင်းငံ့ထားတုန်းပဲ၊ အဲဒီအထဲမှာ အငြင်းပွားစရာ အကောင်းဆုံး စီမံကိန်းတွေလည်း ပါပါတယ်။”

“ဥပမာအားဖြင့် ကျောက်ဖြူမှာ ဧရာမ ရေနက်ဆိပ်ကမ်းကြီး တခုရှိပါတယ်။ ဒါက တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ရစေပြီး မလက္ကာရေလက်ကြားကို ရှောင်ကွင်းသွားနိုင်စေမှာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ဘက်က ကြည့်ရင် အဲဒီစီမံကိန်းမှာ တိုးတက်မှု နည်းနည်းတော့ ရှိလာပါတယ်။ ဒါပေမဲ့ အများကြီးတော့ မဟုတ်သေးဘူး၊ ဘာလို့လဲဆိုတော့ အဲဒီဒေသ အများစုကို အတိုက်အခံ (တော်လှန်ရေး) အင်အားစုတွေက ထိန်းချုပ်ထားလို့ပါ။ ရေတိုမှာ ကျနော်ကို အစိုးရိမ်ရဆုံး ဖြစ်စေတာကတော့ ဧရာမ မြစ်ဆုံဆည် စီမံကိန်းပါပဲ။ အဲဒီစီမံကိန်းကို နေရာတိုင်းက မြန်မာပြည်သူတွေက တော်တော် မုန်းတီးကြပါတယ်။ အထူးသဖြင့် အဲဒီဒေသမှာ နေထိုင်သူတွေပေါ့၊ ဘာလို့လဲဆိုတော့ ဆည်ဆောက်လိုက်ရင် တောင်ကြားဒေသတွေ ရေလွှမ်းမိုးခံရပြီး မြေယာတွေ ဆုံးရှုံးရမှာမို့ပါ။ အဲဒီစီမံကိန်းကတော့ ရှေ့ဆက်လုပ်မယ့်ပုံ ပေါ်နေပါတယ်။”

“နောက်ထပ် ကျနော်ကို စိုးရိမ်စေတာက သိပ်ပြီး သတင်းမထွက်တဲ့ ကိစ္စတခုပါ။ အဲဒါက နှစ်နိုင်ငံ ဘဏ္ဍာရေးစနစ်တွေကို ပေါင်းစပ်ဖို့ လုပ်နေတဲ့ ကိစ္စပါ။ အရပ်သားအစိုးရ လက်ထက်တုန်းက တရုတ်ရဲ့ ငွေပေးချေမှု ကုမ္ပဏီကြီးတွေဖြစ်တဲ့ Alipay, Tencent, WeChat Pay စတာတွေဟာ မြန်မာ့ဈေးကွက်ထဲကို အကြီးအကျယ် ဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ တရုတ်ပြည်သူ့ဘဏ် (PBOC) တို့ကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် တခုကို ကြေညာခဲ့ပါတယ်။ အဲဒါက တရုတ်ယွမ်ငွေနဲ့ ချိတ်ဆက်ထားမဲ့ မြန်မာကျပ်ငွေရဲ့ အီလက်ထရောနစ် ဒါမှမဟုတ် ဒစ်ဂျစ်တယ် ဗားရှင်းကို ထုတ်ဝေဖို့ပါပဲ။ အဲဒါက တကယ့်ကို စိုးရိမ်စရာပါ။ ဘာလို့လဲဆိုတော့ အဲဒီလိုမျိုး နှစ်နိုင်ငံ ငွေကြေးစနစ် ချိတ်ဆက်မှုမျိုးသာ ရသွားပြီဆိုရင် မြန်မာ့စီးပွားရေးဟာ တရုတ်စီးပွားရေးထဲကို လုံးလုံးလျားလျား မျိုခံလိုက်ရပြီလို့ ပြောဖို့ သိပ်မဝေးတော့ပါဘူး။”

ဟန်တာ မာစတန်။ ။ မေလအစောပိုင်းက ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ပါလာပါတယ်။ အာဏာသိမ်းမှုအပေါ် အာဆီယံရဲ့ တုံ့ပြန်မှုကို ဘယ်လို အကဲဖြတ်မလဲ။ နေပြည်တော်နဲ့ ဆက်ဆံရေး ပြန်လည်စတင်ဖို့ ကိစ္စမှာရော လက်ရှိ ဘယ်လို အနေအထား ရှိလဲ။

ရှောင်တာနယ်လ်။ ။ “ကံမကောင်းစွာနဲ့ပဲ အာဆီယံကတော့ အာဏာသိမ်းပြီးကတည်းက ယောင်ချာချာနဲ့ ဝေခွဲမရ ဖြစ်နေတုန်းပါပဲ။ အဖွဲ့ဝင် နိုင်ငံတချို့ဆီကနေ လှုပ်ရှားမှု တချို့တော့ ရှိပါတယ်။ ဒါပေမဲ့ ပုံမှန်ဆက်ဆံရေး ပြန်လုပ်ဖို့ကတော့ မကြာခင်မှာ ဖြစ်လာမဲ့ပုံ မပေါ်ပါဘူး။ အဲဒါက ကျနော့်အတွက်တော့ ကောင်းတဲ့အချက်ပါ။ တခြားတဖက်မှာလည်း အာဆီယံဟာ စစ်ကောင်စီအပေါ် (ကျနော့်အမြင်အရ) လုံလောက်တဲ့ ပြင်းထန်မှု (ဖိအားပေးမှု) မရှိပါဘူး။ ဒါကြောင့် ကျနော်တို့က အဲဒီနေရာမှာပဲ တစ်ဆို့နေပြီး၊ အာဆီယံနဲ့ မြန်မာကြားက ဆက်ဆံရေးဟာ အခုလို ခပ်တန်းတန်း အခြေအနေမျိုးနဲ့ပဲ ဆက်သွားနေဦးမယ်လို့ ထင်ပါတယ်။”

ဟန်တာ မာစတန်။ ။ ခုခံတော်လှန်ရေးဘက်ကို ပြောင်းကြည့်ရအောင်။ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) ဖွဲ့စည်းတာနဲ့ မကြာသေးခင်က ကြေညာခဲ့တဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ မဟာမိတ်အဖွဲ့သစ်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEFU) တို့အကြောင်း ခင်ဗျား ရေးဖူးပါတယ်။ ဒီအဖွဲ့တွေက ဘာတွေလဲ၊ သူတို့ရဲ့ ရည်မှန်းချက်တွေက ဘာလဲ၊ ပြီးတော့ အောင်မြင်နိုင်ခြေ ဘယ်လောက်ရှိလဲ။

ရှောင်တာနယ်လ်။ ။ “ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ အံ့မခန်း စုစည်းလာမှုတခုလို့ ကျနော်ထင်ပါတယ်။ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ စတဲ့ အဖွဲ့တွေ အားလုံးက NLD၊ တချို့ PDF တွေ စတာတွေနဲ့ ပူးပေါင်းပြီး ဆယ်စုနှစ်များစွာအတွင်း တကယ့်ကို ညီညွတ်တဲ့ နိုင်ငံတော်တခု ပေါ်ပေါက်လာဖို့ မြန်မာနိုင်ငံအတွက် အကောင်းဆုံး အခွင့်အရေးကို ဖန်တီးလိုက်တာပါပဲ။ ကဏ္ဍစုံမှာ တရားမျှတမှုရှိတဲ့ တကယ့် ဖက်ဒရယ်ပြည်ထောင်စု တခု ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။ စီးပွားရေးပညာရှင် တယောက်ရဲ့ ရှုထောင့်ကနေ ပြောရရင်၊ ပြည်ထောင်စုကြီးကို ခိုင်ခိုင်မာမာ ပေါင်းစည်းနိုင်ဖို့ တကယ့် လက်တွေ့ကျတဲ့ အခွင့်အလမ်း ဖြစ်လာနိုင်တဲ့ ဖက်ဒရယ် ဘဏ္ဍာရေးစနစ်အတိုင်းအတာ တခုအထိ ပါဝင်ပါတယ်။ အဲဒီ မတူညီတဲ့ အဖွဲ့အစည်းတွေက သူတို့ရဲ့ တသီးပုဂ္ဂလ အကျိုးစီးပွားတွေကို ဘေးဖယ်ထားပြီး ဒီလို ညီညွတ်တဲ့ အဖွဲ့အစည်းတခု ဖွဲ့စည်းနိုင်တာဟာ မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့ အခိုက်အတန့်ဖြစ်ပြီး ကြိုဆိုရမဲ့ ကိစ္စပါ။”

“စီးပွားရေးဘက်မှာလည်း သူတို့ အံ့မခန်း တိုးတက်မှုတွေ ရခဲ့တယ်လို့ ကျနော်သေချာပေါက် ထင်ပါတယ်။ ငွေကြေးဆိုင်ရာ ကိစ္စတွေမှာဆိုရင် ကျနော်က 'မြို့နှစ်မြို့ရဲ့ ပုံပြင်' (a tale of two cities) ဆိုတဲ့ အသုံးအနှုန်းကို သုံးရတာ သဘောကျပါတယ်။ မြန်မာပြည်တွင်းက စစ်ကောင်စီရဲ့ စီးပွားရေး စီမံခန့်ခွဲမှုနဲ့၊ SCEFU က ဦးဆောင်နေတဲ့ အတိုက်အခံတွေဘက်က တည်ဆောက်နေမှုတွေ၊ စီးပွားရေး မျှော်မှန်းချက်တွေကို နှိုင်းယှဉ်ကြည့်ရင် နံ့သာဆီနဲ့အီးလို လိုးဝကို ကွာခြားလွန်းလှပါတယ်။ တဖက်က ညီညွတ်တဲ့ တိုင်းပြည်တခုသာမက ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေး တခုအတွက်ပါ တကယ့် မျှော်လင့်ချက်ကို ပေးပါတယ်။ နောက်တဖက် (စစ်ကောင်စီ) ကတော့ စစ်စရိတ်ရှာတဲ့ စီးပွားရေး၊ သွေးကွဲစေတဲ့ စီးပွားရေးနဲ့ ပြိုလဲနေတဲ့ လူ့အဖွဲ့အစည်းကလွဲလို့ ဘာမှ မပေးနိုင်ပါဘူး။ လုံးဝ ယှဉ်ပြိုင်နေတဲ့ မျှော်မှန်းချက် နှစ်ခုပါ။ SCEFU က မြန်မာနိုင်ငံရဲ့ အခြေအနေအတွက် အသစ်အဆန်းနဲ့ တကယ့်ကို ပြောင်းလဲပေးနိုင်မဲ့ အရာတခုကို ကိုယ်စားပြုတယ်လို့ ကျနော် တကယ်ကို မျှော်လင့်ထားပါတယ်။”

ဟန်တာ မာစတန်။ ။ ရှောင်... ခင်ဗျား နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) အကြောင်း ပြောသွားပါတယ်။ အဲဒီမှာ ဘာတွေဖြစ်နေလဲ၊ မြန်မာနိုင်ငံတွင်း ငွေကြေးစနစ်သစ်တွေ ဒါမှမဟုတ် ဘဏ္ဍာရေး မူဝါဒသစ်တွေ ဖန်တီးဖို့ ဘယ်လောက် မျှော်လင့်ချက် ရှိလဲ။

ရှောင်တာနယ်လ်။ ။ “အဲဒါက တကယ့်ကို ထူးခြားတဲ့ အဖွဲ့အစည်းပါ။ အခြေခံအားဖြင့်တော့ အဲဒါက ၂၁ ရာစုရဲ့ ဘဏ်တခုပါပဲ။ သူက အွန်လိုင်းပေါ်မှာပဲ ရှိပါတယ်။ သူ့ရဲ့ အဓိက ငွေစာရင်းယူနစ်က အမေရိကန်ဒေါ်လာ အခြေပြု ခရစ်ပတို ငွေကြေးတုပါ။ ဒစ်ဂျစ်တယ် ကျပ်ငွေပေါ့၊ ဒါပေမဲ့ အမေရိကန်ဒေါ်လာနဲ့ တကျပ်ကို တဒေါ်လာ (1:1) သတ်မှတ်ထားပါတယ်။ ဒါကြောင့် ငွေကြေးတန်ဖိုး အလွန်တည်ငြိမ်မှုကို ပေးစွမ်းနိုင်ပါတယ်။ မြန်မာပြည်တွင်းက တခြား ဘယ်ဘဏ်ကမှ ဒါမျိုး မပေးနိုင်ပါဘူး။ အဲဒါက အလွန်ကြီးမားတဲ့ အားသာချက်ပါ။ ပြီးတော့ သူ့မှာ လုံခြုံရေးစနစ်တွေ (Security protocols) လည်း မျိုးစုံ ရှိပါတယ်။ မြန်မာပြည်တွင်းက လူတွေရော၊ ပြည်ပကလူတွေပါ တိုင်းပြည်တွင်းကိုဖြစ်ဖြစ်၊ အပြင်ကိုဖြစ်ဖြစ် ကမ္ဘာတဝန်းလုံးကိုပါ လုံလုံခြုံခြုံ ငွေလွှဲပေးချေနိုင်အောင် လုပ်ပေးထားပါတယ်။ ဘယ်တုန်းကမှ မတည်ငြိမ်ခဲ့တဲ့ မြန်မာ့ဘဏ်စနစ်ထဲမှာ သီးသန့် တည်ငြိမ်တဲ့ အိုအေစစ်လေး တခုကို ဖန်တီးပေးထားပါတယ်။”

“သူ့ကို ဗဟိုပြုပြီး တည်ဆောက်ထားတဲ့ ဂေဟစနစ်ကိုတော့ ကျနော်ပိုပြီးတောင် သဘောကျမိပါသေးတယ်။ ကျနာ်တို့က ငွေပေးချေမှု ကုမ္ပဏီကြီးတွေ၊ အွန်လိုင်း ဈေးဝယ် ပလက်ဖောင်းကြီးတွေနဲ့ ရင်းနှီးပြီးသားပါ။ SDB ရဲ့ ပတ်လည်မှာ အဲဒီလိုမျိုး အရာတွေ အများကြီး ရှိပါတယ်။ အွန်လိုင်း ဈေးဝယ်ကဏ္ဍ တခုရှိတယ်။ eBay လိုမျိုး မြန်မာဗားရှင်း eBay ပေါ့။ ပြီးတော့ အဲဒီမှာ နွေဦးဖွံ့ဖြိုးရေးဘဏ်ကနေ အကြွေးယူလို့ရတယ်၊ စာတိုပေးပို့တဲ့ အက်ပ်တွေ ပါတယ်၊ အမြဲမပြတ်အားပေးတဲ့ ဖောက်သည် အစီအစဉ်တွေ ပါတယ်၊ ပြီးတော့ မြန်မာနိုင်ငံက လူတွေ ၂၁ ရာစုရဲ့ လှုပ်ရှားမှုတွေနဲ့ အမီလိုက်နိုင်ဖို့ သင်တန်းပေးတဲ့ အကယ်ဒမီတောင် ပါသေးတယ်။ ကုဒ်ရေးနည်း သင်ပေးတာမျိုးနဲ့ အဲဒီလိုမျိုး အရာတွေ အကုန်ပါပဲ။ SDB ရဲ့ နောက်ကွယ်က အဖွဲ့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ကနေ ထွက်ပြေးလာတဲ့ ထူးချွန်လှတဲ့ မြန်မာလူငယ်တွေနဲ့၊ စင်ကာပူလို နေရာမျိုးတွေ အပါအဝင် နိုင်ငံတကာ ဘဏ္ဍာရေး ဈေးကွက်တွေမှာ ဆယ်စုနှစ်များစွာ အလုပ်လုပ်နေခဲ့တဲ့ ပြည်ပရောက် မြန်မာပညာရှင်တချို့ ပူးပေါင်းထားတာပါ။ အဲဒီစနစ် တခုလုံးက မြန်မာနိုင်ငံထဲကို ၂၁ ရာစု ဘဏ္ဍာရေးစနစ် တခုကို အခြေခံအားဖြင့် ယူဆောင်လာပေးတာပါ။ အနာဂတ်ကို ကြည့်ရင်၊ နိုင်ငံရေး အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာမဲ့ အဲဒီနေ့ကျရင် ချက်ချင်း တပ်ဆင်အသုံးပြုလို့ရတဲ့ ဘဏ္ဍာရေးစနစ် တခုလိုမျိုးပါပဲ။”

ဟန်တာ မာစတန်။ ။ မြန်မာစစ်တပ်က အီရန်၊ တရုတ်တို့နဲ့ စီးပွားရေး အချိတ်အဆက်တွေ ရှိသလို ရုရှားဆီကလည်း စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနေတယ်ဆိုတာ ကျနော်တို့ ပြောခဲ့ပြီးပါပြီ။ တခြား ဘယ်သူတွေကရော မြန်မာစစ်တပ်နဲ့ စီးပွားရေး လုပ်နေသေးလဲ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးအရ ကြည့်ရင် လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေက အလုံးစုံ ဘယ်လို ဖွဲ့စည်းထားလဲ။

ရှောင်တာနယ်လ်။ ။ “မေးခွန်းကောင်းပါ။ အနောက်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အများစုကတော့ ထွက်သွားကြပါပြီ။ အာဏာသိမ်းပြီးကတည်းက အနောက်နိုင်ငံတွေဘက်က ဇာတ်လမ်းကတော့ ထွက်ခွာမှု ဇာတ်လမ်းသက်သက်ပါပဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းလေးတင်ပဲ နောက်ထပ် ထွက်ခွာမှုတခု ရှိခဲ့သေးတယ်။ အထည်အလိပ် ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး တခုက နောက်ထပ် အလုပ်သမား ထောင်ဂဏန်းလောက်ကို အလုပ်ဖြုတ်လိုက်ပြန်ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေနဲ့ အဆက်အသွယ် ဖြတ်တောက်နေတဲ့ ဇာတ်လမ်းပါပဲ။ တခြားနိုင်ငံတွေကတော့ ဝင်လာကြပါတယ်။ ခင်ဗျား ပြောသလိုပဲ တရုတ်၊ ရုရှားတို့နဲ့ အမြတ်ထုတ်တဲ့ ဆက်ဆံရေးမျိုး ရှိနေတယ်လို့ ကျနော် ထင်ပါတယ်။ ရုရှားနဲ့ ဆက်ဆံရေးက စိတ်ဝင်စားစရာပါ။ အဲဒါက စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ဖောက်သည်နဲ့ ထုတ်လုပ်သူ ဆက်ဆံရေး သက်သက်ပါပဲ။ နိုင်ငံရေး ရှုထောင့် နည်းနည်းတော့ ပါတာပေါ့၊ ဒါပေမဲ့ ခြုံငုံကြည့်ပြီး ဒါကို ကျယ်ပြန့်တဲ့ စီးပွားရေး ဆက်ဆံရေးလို့ ခေါ်မလားဆိုရင်၊ တကယ်တော့ မဟုတ်ပါဘူး။ ရုရှားက ခဲယမ်းတွေ ထုတ်လုပ်ပြီး ဖောက်သည်ဖြစ်တဲ့ မြန်မာကို ထောက်ပံ့နေတဲ့ ကျဉ်းမြောင်းတဲ့ ဇာတ်လမ်းလေး တခုပါပဲ။ အဲဒါကြောင့်လည်း မြန်မာနိုင်ငံက နိုင်ငံခြားငွေကို အသေအလဲ လိုအပ်နေတာပေါ့။ ဘာလို့လဲဆိုတော့ ရုရှားက မြန်မာကျပ်ငွေတို့ ဘာတို့ကို လုံးဝ လက်မခံလို့ပါ။”

“လူ့အခွင့်အရေးကို စိုးရိမ်လို့ ထွက်သွားလေ့ရှိတဲ့ ပုံမှန် အနောက်နိုင်ငံတွေထက် ကျော်လွန်ပြီး တချို့နိုင်ငံတွေလည်း ထွက်သွားကြပါတယ်။ စင်ကာပူဆိုရင် ဆက်ဆံရေးတွေ ဖြတ်တောက်ပြီး သူတို့ရဲ့ ဘဏ္ဍာရေးစနစ်ထဲကို မြန်မာစစ်ကောင်စီရဲ့ အစိတ်အပိုင်းတွေ ဝင်မလာအောင် ကာကွယ်ရာမှာ အတော်လေး အထင်ကြီးစရာ ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက စင်ကာပူကနေ ရန်ပုံငွေတွေ (မြန်မာဘက်က ငွေတွေ) ထွက်သွားတာပါ။ အဲဒီငွေ အများစုက ထိုင်းနိုင်ငံထဲကို ရောက်သွားပါတယ်။ ကံမကောင်းတာက ထိုင်းဘဏ်တွေက မြန်မာစစ်တပ်ရဲ့ ရန်ပုံငွေ လှုပ်ရှားမှု အများအပြားကို ကူညီဆောင်ရွက် ပေးနေတယ်လို့ ကျနော် ထင်ပါတယ်။ ပင်လယ်ကွေ့နိုင်ငံတွေဆီကိုလည်း အများကြီး ရောက်သွားပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာတဝန်း လှည့်လည်စီးဆင်းနေတဲ့ မှောင်ခို ငွေကြေးကွန်ရက်ကြီးထဲ ပါဝင်လာပါတယ်။ ဒီကွန်ရက်ဟာ ပုံမှန် ဘဏ္ဍာရေး ဗဟိုဌာနကြီးတွေကို ရှောင်ကွင်းသွားတာပါ။ အဲဒီအစား တက်သစ်စ နေရာတချို့ကိုပဲ ဖြတ်သန်း အသုံးပြုနေပါတယ်။ ဒီလို အစိတ်အပိုင်းတခု ဖြစ်လာပုံကတော့ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။”

ဟန်တာ မာစတန်။ ။ ဝါရှင်တန်မှာ ထရမ့်ပ်အစိုးရ ပြန်တက်လာရင် အမေရိကန် မူဝါဒ အပြောင်းအလဲ ရှိနိုင်တယ်လို့ ဆွေးနွေးပြောဆိုမှု တချို့ ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တု တွေနဲ့ ပတ်သက်ပြီးလည်း စိတ်ဝင်စားမှုတွေ ထွက်ပေါ်လာပါတယ်။ မကြာခင်မှာ အမေရိကန် မူဝါဒ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ခင်ဗျား မြင်လား။

ရှောင်တာနယ်လ်။ ။ “ရှားပါးသတ္တု/မြေရှားသတ္တု ဇာတ်လမ်း တခုလုံးက မျှော်လင့်ချက်လေးတွေ ရှိသလို၊ တော်တော်လည်း စိုးရိမ်စရာ ကောင်းပါတယ်။ လူများစွာ သိထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုသိုက်တွေက အလွန် ကြီးမားပါတယ်။ တရုတ်နိုင်ငံ အလိုအပ်ဆုံး မြေရှားသတ္တုတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို မြန်မာနိုင်ငံက ထောက်ပံ့နေတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါဟာ မြန်မာ့စီးပွားရေးရဲ့ အရေးကြီးတဲ့ ကဏ္ဍတခု ဖြစ်ပေမဲ့၊ သူ့ရဲ့ အရေးပါမှုက မြန်မာနိုင်ငံထက် အများကြီး ပိုကျယ်ပြန့်ပါတယ်။ အဲဒီ မြေရှားသတ္တု အများစုဟာ မြန်မာစစ်ကောင်စီ ကြီးစိုးတဲ့ နေရာတွေမှာ မဟုတ်ဘဲ၊ တိုင်းရင်းသား လူနည်းစုတွေ (အထူးသဖြင့် အကောင်းဆုံး မြေရှားသတ္တုတွေ ရှိတဲ့ နေရာကို ထိန်းချုပ်ထားတဲ့ ကချင်) ကြီးစိုးတဲ့ နေရာတွေမှာ ရှိနေတာဟာ အခွင့်အလမ်းတခု ဖြစ်ခဲ့ပါတယ်။ အမေရိကန်က ဝင်လာပြီး အဲဒီ တိုင်းရင်းသား အဖွဲ့အစည်းတွေကို (အထူးသဖြင့် ကချင်ကို) ထောက်ခံအားပေးပြီးတော့ စိတ်ဝင်စားစရာ တခုခုများ ချိတ်ဆက်လုပ်နိုင်မလား ဆိုတဲ့ မျှော်လင့်ချက်လေး အရင်က နည်းနည်း ရှိခဲ့ပါတယ်။ အဲဒါက ဖြစ်လာပုံ မပေါ်ပါဘူး။ စစ်တပ် ထိန်းချုပ်မှုအောက်မှာ မရှိရင်တောင် မြေရှားသတ္တုတွေကို ထုတ်ယူဖို့ အခက်အခဲ မျိုးစုံရှိနေပါတယ်။ အဲဒါတွေကို မြန်မာနိုင်ငံထဲကနေ သယ်ထုတ်ဖို့က ပြဿနာကြီးတခုဖြစ်ပြီး၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီသတ္တုတွေကို သန့်စင်ထုတ်လုပ်တဲ့ နေရာမှာ တရုတ်ကပဲ ကြီးစိုးထားတာပါ။”

“အခု စိုးရိမ်စရာကောင်းတာက တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အမေရိကန်ကြားက ဖြစ်နိုင်ခြေရှိတဲ့ အချိတ်အဆက် ဖြစ်မလာနိုင်တာတင် မကပါဘူး။ ထရမ့်ပ်အစိုးရက မြေရှားသတ္တုတွေ ရဖို့နဲ့ တရုတ်ကို ရှောင်ကွင်းဖို့ဆိုတဲ့ သူတို့ရဲ့ ပိုမိုကျယ်ပြန့်တဲ့ ကစားကွက်ရဲ့ အစိတ်အပိုင်းအဖြစ် စစ်တပ်နဲ့တောင် အပေးအယူ လုပ်သွားမလား ဆိုတာကို ကျနော်တို့ တော်တော်လေး စိုးရိမ်နေပါတယ်။ အဲဒါက အလွန် စိုးရိမ်စရာပါ။ ဒီအချက်က အမေရိကန်မှာ အမြင်ကွဲလွဲမှု အသစ်တခု ဖြစ်နေတာကို ပြသနေတယ်လို့ ထင်ပါတယ်။ အမေရိကန်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ထိန်းသိမ်းကာကွယ်ပေးသူ (အနည်းဆုံး စကားအရရော၊ လက်တွေ့မှာပါ) ဖြစ်မယ်လို့ ကျနော်တို့ အမြဲတမ်း အားကိုးခဲ့ပါတယ်။ အခုတော့ အမြင်ကွဲလွဲမှုတွေ ရှိနေပုံရတယ်။ ထရမ့်ပ်အစိုးရက အခွင့်အရေးကို ကြည့်ပြီး လမ်းကြောင်းတဖက်ကို သွားနိုင်တယ်လို့ ကျနော် စိုးရိမ်မိပါတယ်။ ကွန်ဂရက်လွှတ်တော်ကို ကြည့်ရင်တော့ တော်တော်လေး ခိုင်မာနေဆဲဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကို အများကြီး ထောက်ခံနေဆဲပါ။ မကြာခင် လွှတ်တော်ကို ဥပဒေကြမ်းသစ်တချို့ ရောက်လာဖို့ ရှိပြီး၊ အဲဒါတွေက မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းနဲ့ တခြားကဏ္ဍတွေမှာ ဖိအားတွေ ထပ်ပေးပါလိမ့်မယ်။ ဒါကြောင့် အခြေအနေကတော့ ရောထွေးနေပါတယ်။ ဘယ်လို နိုင်ငံရေးအားပြိုင်မှုပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ထောက်ခံတဲ့ဘက်ကပဲ အနိုင်ရလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒါဟာ စိုးရိမ်စရာတော့ ကောင်းပြီး၊ ကျနော်တို့ အရင်က တခါမှ မရောက်ဖူးသေးတဲ့ အနေအထားမျိုးပါ။”

ဟန်တာ မာစတန်။ ။ နောက်ဆုံး မေးခွန်းပါ။ တည်ငြိမ်မှုရဖို့ ဒါမှမဟုတ် စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာအောင် နိုင်ငံတကာ အသိုက်အဝန်း (အထူးသဖြင့် သြစတြေးလျ) အနေနဲ့ ဘယ်လို နည်းလမ်းတွေ သုံးပြီး လုပ်ဆောင်နိုင်မလဲ။

ရှောင်တာနယ်လ်။ ။ “အဓိက လုပ်ရမှာက စစ်ကောင်စီကို ဖိအားပေးဖို့လို့ ကျနော် ထင်ပါတယ်။ ဒီ အဓိပ္ပာယ်မရှိတဲ့ ရွေးကောက်ပွဲရယ်၊ တရုတ်ရဲ့ ထောက်ခံမှု စတာတွေကြောင့် စစ်ကောင်စီက လတ်တလောမှာ သူတို့ကိုယ်သူတို့ ယုံကြည်မှု လွန်ကဲပြီး လမ်းလွဲနေပါတယ်။ ဒါကြောင့် သြစတြေးလျနဲ့ ကမ္ဘာကြီးက စစ်ကောင်စီအပေါ် တကယ် ဖိအားပေးပြီး သူတို့ လုပ်ရမဲ့ အလျှော့ပေးမှုတွေ လုပ်လာအောင် အကျိုးအကြောင်း ဆက်စပ်ပေးဖို့ တာဝန်ရှိတယ်လို့ ထင်ပါတယ်။ လက်ရှိ အခြေအနေကို ကြည့်ရင် မင်းအောင်လှိုင်က အပစ်အခတ် ရပ်စဲရေးနဲ့ တခြားကိစ္စတွေကို တောင်းဆိုထားပေမဲ့ အဲဒါတွေက သူလိုချင်တဲ့ ပုံစံအတိုင်း ချည်းပါပဲ။ နိုင်ငံတကာ အသိုက်အဝန်းက လုပ်ရမှာကတော့ အတိုက်အခံတွေနဲ့ စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ လုပ်လာအောင် စစ်ကောင်စီကို ဖိအားပေးဖို့ပါပဲ။”

“လက်တွေ့ကျတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ကျနော်က စီးပွားရေးနဲ့ ဘဏ္ဍာရေး ရှုထောင့်ကနေ ကြည့်တတ်လို့ နည်းနည်းတော့ ဘက်လိုက်ကောင်း ဘက်လိုက်နိုင်ပါတယ်။ စစ်ကောင်စီကို ဖိအားပေးဖို့ လုပ်နိုင်တဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတချို့ ရှိတယ်လို့ မြင်ပါတယ်။ ဥပမာတခု ပေးပါမယ်။ စစ်ကောင်စီဟာ သူတို့ရဲ့ စစ်ပွဲတွေအတွက် ရန်ပုံငွေရှာဖို့၊ တရုတ်နဲ့ ရုရှားဆီက စစ်လက်နက်ပစ္စည်းတွေ၊ ခဲယမ်းတွေဝယ်ဖို့ နိုင်ငံခြားငွေကို အသေအလဲ လိုအပ်နေပါတယ်။ သူတို့က နိုင်ငံခြားငွေအတွက် အသေအလဲ ဖြစ်နေတာပါ။ အခု သူတို့ ဘာလုပ်နေလဲဆိုတော့ ပြည်ပရောက် မြန်မာအလုပ်သမားတွေကို သူတို့ရဲ့ လုပ်အားခတွေကို တရားဝင် ဘဏ်စနစ်ကနေတဆင့် မြန်မာနိုင်ငံကို မဖြစ်မနေ ပြန်လွှဲခိုင်းနေပါတယ်။ အဲဒီလို လွှဲတဲ့အခါ စစ်ကောင်စီက နိုင်ငံခြားငွေ အားလုံးကို အပေါ်ကနေ ဖြတ်ယူလိုက်ပါတယ်။ အလုပ်သမားတွေအတွက်ကတော့ တန်ဖိုးမြန်မြန် ကျနေတဲ့ ဒေသသုံး ကျပ်ငွေနဲ့ပဲ တန်ဖိုးလွှဲပြောင်းမှု ရလိုက်သလို ဖြစ်သွားပါတယ်။ တဖက်မှာ စစ်ကောင်စီက နိုင်ငံခြားငွေတွေ ရသွားပြီး ခဲယမ်းတွေ ဝယ်ဖို့ သုံးပစ်လိုက်ပါတယ်။ လတ်တလောမှာ အလုပ်သမားတွေဆီကနေ အဲဒီလို အတင်းအကျပ် လွှဲခိုင်းတဲ့ ငွေစီးဆင်းမှုက ဒေါ်လာ ၅ ဘီလီယံ ကျော်ပါတယ်။ ဒါဟာ စစ်ကောင်စီက သူတို့ စစ်ပွဲအတွက် ရန်ပုံငွေရှာနေတဲ့ အခြေခံ အရင်းအမြစ်ပါပဲ။ ဒါကို လည်ပင်းညှစ် (ဖြတ်တောက်) လို့ ရနိုင်တယ်၊ ဒါမှမဟုတ် တရားဝင် ဘဏ်စနစ်ကနေ သွားနေတာဖြစ်လို့ အနည်းဆုံးတော့ ကြီးမားတဲ့ ဖိအားပေးလို့ ရနိုင်တယ်လို့ ကျနော်ထင်ပါတယ်။”

“သြစတြေးလျကတော့ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။ နိုင်ငံပိုင်ဘဏ် ၃ ခုလောက်ကို ကျနော်တို့ ပိတ်ဆို့အရေးယူမှုလုပ်ထားပြီးပါပြီ။ နောက်ထပ် ဘဏ်တချို့ကို ပိတ်ဆို့ဖို့ အမေရိကန် လွှတ်တော်မှာ ဥပဒေကြမ်းတချို့ ရှိနေပါတယ်။ အဲဒီဘက်မှာ ပိုလုပ်နိုင်မယ်ဆိုရင်၊ နောက်ထပ် အရေးကြီးတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတချို့ (ဗဟိုဘဏ် အထိတောင် ပါကောင်းပါနိုင်တယ်) ကို ပိတ်ဆို့လိုက်မယ်ဆိုရင်၊ စစ်စရိတ်ရှာတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တခုကို တကယ်ကို လည်ပင်းညှစ် ဖြတ်တောက်လိုက်နိုင်မှာပါ။ အဲဒါက မင်းအောင်လှိုင်ကို 'တကယ့် အစစ်အမှန် ဆွေးနွေးဖို့ အချိန်တန်ပြီ' ဆိုတဲ့ အချက်ပြမှုတခု တကယ် ပေးနိုင်လိမ့်မယ်လို့ မြင်ပါတယ်။”

ဟန်တာ မာစတန်။ ။ ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် ရှောင်။ အဲဒါတွေက တကယ့်ကို အထောက်အကူဖြစ်စေတဲ့ အကြံပြုချက်တွေပါ။

ဟန်တာမာစတန်၊ ရှောင်တာနယ်လ်

Ref: Lowy Institute

(ဩစတြေးလျနိုင်ငံ ဆစ်ဒနီအခြေစိုက် Lowy Institute ဝက်ဆိုက်တွင် “Myanmar at a crossroads: Five years after the coup” လို့ ခေါင်းစဉ်ပေးထားသည့် ဟန်တာမာစတန်နှင့် ရှောင်တာနယ်လ်တို့၏ မေးမြန်းဆွေးနွေးချက်ကို ဘာသာပြန်ဆို ဖော်ပြသည်။ ဟန်တာ မာစတန်ဟာ Lowy Institute အရှေ့တောင်အာရှ အစီအစဉ်ရဲ့ ဒါရိုက်တာဖြစ်သလို၊  Lowy Institute ရဲ့ အာရှအင်အားပြ အညွှန်းကိန်းပရောဂျက်ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်ကတော့  Lowy Institute အရှေ့တောင်အာရှ အစီအစဉ်ရဲ့ Senior Fellow လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးဟောင်းလည်း ဖြစ်သလို စစ်တပ် အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၆၅၀ ကြာ အကျဉ်းကျခံခဲ့ရာကာ ၂၀၂၂ ခုနှစ်နိုဝင်ဘာလကမှ ပြန်လွတ်မြောက်လာသူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated