ငပုတောမြို့နယ်၌ စစ်အာဏာရှင်တပ်က အခြေစိုက်စခန်း ၆ ခု ဆောက်နေ
general||3 MIN READ

ငပုတောမြို့နယ်၌ စစ်အာဏာရှင်တပ်က အခြေစိုက်စခန်း ၆ ခု ဆောက်နေ

DVB
SourceDVB
Back to News

AI Summary

စစ်အာဏာရှင်တပ်သည် ငပုတောမြို့နယ်အတွင်း ထိပ်စွန်း၊ သက္ကယ်သောင်၊ စလူဆိပ်၊ ပြင်စလူ၊ အုန်းကျွန်းနှင့် ဖောင်ဒိုးတို့တွင် စစ်အခြေစိုက်စခန်း ၆ ခုကို ဧပြီလမှစ၍ တည်ဆောက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ၎င်းစခန်းများသို့ ရန်ကုန်နှင့် ပဲခူးမှ တပ်ရင်းအချို့ကို မေလအစောပိုင်းကတည်းက ပို့ဆောင်ထားပြီး ဒုဗိုလ်မှူးကြီး ခင်မောင်ချိုက ဦးဆောင်နေသည်။ ယင်းသို့ တပ်စခန်းများ တည်ဆောက်ခြင်းမှာ ငသိုင်းချောင်း-ဂွ လမ်းမပေါ်ရှိ အမှတ် ၃၄၄ အမြောက်တပ်ရင်းကို စစ်ကူပေးရန်နှင့် ဧရာဝတီတိုင်းအစပ်ရှိ တိုက်ပွဲများအတွက် ရည်ရွယ်သည်။ အာရက္ခတပ်တော် (AA) က အဆိုပါ အမြောက်တပ်ရင်းကို သိမ်းပိုက်မည်ကို စိုးရိမ်သောကြောင့် စစ်တပ်က ခုခံကာကွယ်ရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။ လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်ရှိ မြို့ ၁၄ မြို့ကို သိမ်းပိုက်ထားပြီး စစ်အာဏာရှင်တပ်၏ နယ်စပ်တပ်စခန်းများကို တိုက်ခိုက်နေသည်။

Photo: CINCDS

ငသိုင်းချောင်း-ဂွ လမ်းမပေါ်က အမှတ် ၃၄၄ အမြောက်တပ်ရင်းကို စစ်ကူပေးနိုင်ဖို့အတွက် စစ်အာဏာရှင်တပ်က ငပုတောမြို့နယ်ထဲမှာ စစ်အခြေစိုက်စခန်း ၆ ခု ဆောက်နေပြီး ရန်ကုန်နဲ့ ပဲခူးက တပ်ရင်းတချို့ကို မေလ အစောပိုင်းကတည်းက ပို့ဆောင်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ဧရာဝတီတိုင်းအစပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအတွက် စစ်ကူပေးဖို့ ငပုတောမြို့နယ်ထဲက ထိပ်စွန်း၊ သက္ကယ်သောင်၊ စလူဆိပ်၊ ပြင်စလူ၊ အုန်းကျွန်းနဲ့ ဖောင်ဒိုး စတဲ့နေရာတွေမှာ ဧပြီလကတည်းက စစ်အခြေစိုက်စခန်းတွေ ဆောက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။

"အထိုင်တပ်စခန်း ဆောက်နေတာ ကြာပြီ။ ရေတပ်နဲ့ ကြည်းတပ်က လူတွေ ပို့တာများတယ်။ ရန်ကုန်မှာဆို သန်လျင်ဘက်က တပ်တွေ၊ ပဲခူးမှာဆို တပ်မ ၆၆ နဲ့ ပုသိမ်က ခြေလျင်တပ်ရင်းတခု ပို့ထားတယ်။ ရည်ရွယ်ချက်က AA နဲ့ တိုက်ပွဲပြင်းထန်လာရင် စစ်ကူပေးဖို့။”

အဆိုပါ တပ်စခန်း ၆ ခုကို သန်လျင်အခြေစိုက် အမှတ် ၁၄၆ ခြေလျင်တပ်ရင်း၊ ပုသိမ်မြို့ ဝါးယားချောင်းအခြေစိုက် အမှတ် ၁၁ ခြေလျင်တပ်ရင်းနဲ့ အင်းတိုင်အခြေစိုက် အမှတ် ၂၁၃ ခြေမြန်တပ်ရင်းတွေကို ပို့ဆောင်ထားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ရန်ကုန်အခြေစိုက် တပ်ရင်းနဲ့ နီးစပ်သူတယောက်က "စစ်စခန်းတွေ ဆောက်တယ်ဆိုတာ မှန်ပါတယ်။ ခလရ ၁၄၆ က အရင်ကတည်းက ပို့ထားတာ။ အခုရက်ပိုင်း ခလရ ၁၁ နဲ့ ခမရ ၂၁၃ ကို ထပ်ပို့တာ။ ပင်လယ်နဲ့နီးတဲ့ ရွာတွေဆိုတော့ ရေတပ်နဲ့ ပေါင်းပြီး ပိုက်ဆံရှာလို့ရတော့ အဲဒီဘက်ကို သွားချင်တဲ့တပ်က များတယ်" လို့ ပြောပါတယ်။

ငပုတောမြို့နယ်ထဲက ထိပ်စွန်း၊ သက္ကယ်သောင်၊ စလူဆိပ်၊ ပြင်စလူ၊ အုန်းကျွန်းနဲ့ ဖောင်ဒိုး အစရှိတဲ့ စစ်အခြေစိုက်စခန်း ၆ ခုကို ဦးဆောင်သူကတော့ DSA အပတ်စဉ် ၄၈ ကျောင်းဆင်း၊ ကြည်း ၄၄၀၉၁ ဒုဗိုလ်မှူးကြီး ခင်မောင်ချို ဖြစ်ပါတယ်။

စစ်တပ်အနေနဲ့ အထိုင်တပ်စခန်းနဲ့ အခြေစိုက်စခန်းတွေ ဆောက်နေတာဟာ ငသိုင်းချောင်း-ဂွ လမ်းမပေါ်က အမှတ် ၃၄၄ အမြောက်တပ်ရင်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်သွားမှာ စိုးရိမ်တာကြောင့် ဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ် ပြောကြပါတယ်။

ရခိုင်ပြည်နယ်ထဲက မြို့ ၁၄ မြို့ကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA) ဟာ လက်ရှိမှာ စစ်အာဏာရှင်တပ်ရဲ့ ပဲခူးတိုင်းအစပ်၊ ဧရာဝတီတိုင်းအစပ်နဲ့ မကွေးတိုင်းအစပ်က တပ်စခန်းတွေကို တိုက်ခိုက်နေတာကြောင့် စစ်တပ်က ခုခံနေရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ငပုတောမြို့နယ်၌ စစ်အာဏာရှင်တပ်က အခြေစိုက်စခန်း ၆ ခု ဆောက်နေ | YGN Daily