
AI Summary
ကျောက်ဖြူ၊ ပေါက်ပြင်ရွာကို စစ်အုပ်စုရေတပ် လက်နက်ကြီးပစ်ခတ်၍ စစ်ရှောင်လူငယ်တစ်ဦး သေဆုံးခဲ့သည်။ မေ ၂၉ ရက်နေ့တွင် တောင်မော်ဦးရေတပ်အောက်မှ ပစ်ခတ်ခြင်းဖြစ်ပြီး အိမ်များလည်း ပျက်စီးခဲ့သည်။ စစ်အုပ်စုသည် AA နှင့် တိုက်ပွဲတွင် အထိနာ၍ အရပ်သားပစ်မှတ်များကို ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ပေါက်ပြင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုနေဗီက လက်နက်ကြီးကျည်ဖြင့် ပစ်ခတ်၍ စစ်ရှောင်လူငယ်အမျိုးသားတစ်ဦးသေဆုံးသွားခဲ့သည်ဟု သိရသည်။ သေဆုံးသွားသည့် စစ်ရှောင်မှာ ကျောက်ဖြူမြို့နယ်၊ ပေါက်ပြင်ရွာတွင် စစ်ရှောင်နေသည့် စနဲမြို့၊ ကံပြင်ရပ်ကွက်မှ ကိုမိုးထက်ပိုင် (၂၄)နှစ်ဖြစ်သည်ဟု သိရသည်။ ယနေ့ မေလ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ဦးရေတပ်စခန်းအောက်ဘက်ရှိ သံဇစ်မြစ်ပြင်တွင်ရပ်နားထားသည့် အကြမ်းဖက်နေဗီများက ပေါက်ပြင်ကျေးရွာဘက်ကို လက်နက်ကြီးကျည် ငါးလုံးထက်မနည်း ဦးတည်ပစ်ခဲ့သည်ဟု သိရသည်။ အဆိုပါ လက်နက်ကြီးကျည်များအနက် အချို့သည် ပေါက်ပြင်ကျေးရွာရှိ ဦးရဲထွန်းနိုင်၏ နေအိမ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ယင်းအိမ်တွင်စစ်ရှောင်နေသည့် ကိုမိုးထက်ပိုင်တွင် ကျည်စထိမှန်ခဲ့ခြင်းဖြစ်သည်။

ရေးသားသူ - မောင်စာဂ၊ နိရဉ္စရာ၊ မေ ၂၉/၂ဝ၂၆