
အာဏာသိမ်းစစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်တွင် မြေရှားသတ္တုနှင့် စီမံကိန်းများ သဘောတူညီမှုရ
AI Summary
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ ငါးရက်ကြာ ခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ နယ်စပ်ရေးရာနှင့် ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့သည်။ ဤခရီးစဉ်သည် အိန္ဒိယနိုင်ငံ၏ မူဝါဒများတွင် မြန်မာနိုင်ငံသည် အရေးပါသောကြောင့်ဖြစ်ပြီး မြေရှားသတ္တုတူးဖော်ရေး၊ ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် ဆိုက်ဘာလုံခြုံရေး ကဏ္ဍများတွင် ပူးပေါင်းရန်လည်း သဘောတူညီခဲ့သည်။ စစ်ခေါင်းဆောင်၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သောကြောင့် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက ဆန္ဒပြရန် စီစဉ်ခဲ့သော်လည်း အိန္ဒိယအစိုးရက ခွင့်မပြုခဲ့ပေ။ ဆန္ဒပြရန် ကြိုးပမ်းခဲ့သည့် တက်ကြွလှုပ်ရှားသူ နှစ်ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သည်။ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကလည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံ ကန့်ကွက်စာ ပေးပို့ခဲ့သည်။ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးအပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်လျက်ရှိသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့သည် ယမန်နေ့ (ဇွန်လ ၁ ရက်) နံနက်ပိုင်းတွင် နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေး၊ စီးပွားရေး၊ နယ်စပ်ရေးရာနှင့် ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီခဲ့သည်ဟု အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံးက ယမန်နေ့ (ဇွန်လ ၁ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
မေလ ၃၀ ရက် မှ ဇွန်လ ၃ ရက်အထိ ငါးရက်ကြာ အိန္ဒိယ ခရီးစဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မေလ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာသို့ သွားရောက်ခဲ့သည်။ ထို့နောက် နယူးဒေလီမြို့ရှိ Palam လေတပ်စခန်းသို့ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး HE Dr Subrahmanyam Jaishankar နှင့်တွေ့ဆုံခဲ့သည်။
မေလ ၃၁ ရက် နံနက်ပိုင်းတွင် Great Noida ရှိ သိပ္ပံနှင့်နည်းပညာကုမ္ပဏီ NETRA (NTPC Energy Technology Research Alliance) ကို သွားရောက်လေ့လာခဲ့ပြီး ထိုနေ့ ညနေပိုင်းတွင် မြန်မာ- အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်များ နှီးနှောဖလှယ်ပွဲကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားကျင်းပခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်တွင် စစ်အုပ်စု ဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာ ချာလီသန်းတို့အပြင် မြန်မာနိုင်ငံ ကုန်သွယ်စက်မှုအသင်း (UMFCCI) နာယက ဦးအောင်ကိုဝင်းနှင့် ဥက္ကဋ္ဌ ဦးအေးဝင်းတို့ပါ လိုက်ပါခဲ့သည်။
မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏မူဝါဒများတွင် အရေးပါပြီး မြေရှားသတ္တုတူးဖော်ရေး၊ ကုန်သွယ်ရေး၊ ပင်လယ်ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး ကဏ္ဍများတွင် အနီးကပ်ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီနိုင်ခဲ့သည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီက ယမန်နေ့ (ဇွန်လ ၁ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
ယခုအိန္ဒိယခရီးစဉ်သည် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲမှ သမ္မတဖြစ်လာသည့် စစ်ခေါင်းဆောင်၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက ခရီးစဉ်ဖျက်သိမ်းရေး ဆန္ဒပြတောင်းဆိုရန် ပြင်ဆင်ခဲ့သော်လည်း အိန္ဒိယအစိုးရက ခွင့်မပြုခဲ့ပေ။
ဆန္ဒပြသူများက နယူးဒေလီမြို့ရှိ ဂျန်တာမန်တာ (Jantar Mantar) နက္ခတ္တဗေဒစခန်းအနီးနှင့် နယူးဒေလီမြို့ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြရန် စီစဉ်ခဲ့ပြီး အစိုးရ ခွင့်ပြုချက်မရ၍ ဖျက်လိုက်ရသည်။
သို့သော်လည်း မြန်မာအရေးတက်ကြွလှုပ်ရှားသူများက အစိုးရ ခွင့်ပြုချက်မရသည့်ကြားမှ ခရီးစဥ် ဖျက်သိမ်းရေး ဆန္ဒပြရန် စီစဉ်ခဲ့ရာ မေလ ၃၀ ရက်တွင် တက်ကြွလှုပ်ရှားသူ နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။
စစ်ခေါင်းဆောင် နယူးဒေလီမြို့သို့ ရောက်ရှိမည့်နေ့ မေလ ၃၀ ရက်တွင် ဆန္ဒပြပွဲပြုလုပ်ရန် သွားရောက်နေသည့် တက်ကြွလှုပ်ရှားသူ နှစ်ဦးကို အိန္ဒိယအစိုးရက လမ်းခရီး ကားဂိတ်တွင် ဖမ်းဆီးခဲ့ပြီးနောက် ထိုနေ့ ညပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ချင်းအမျိုးသား ဆလိုင်းဒိုခါရ်က Myanmar Now ကို ပြောသည်။
“သူတို့ သဘောတူညီချက်တွေကို သွားနိုင်ချင်မှ သွားနိုင်မယ်။ တကယ်လို့ သွားနိုင်ရင်လည်း အရာထင်နိုင်မှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ နယ်စပ်ဒေသ မလုံခြုံသရွေ့ နေပြည်တော်မှာ ရှိတဲ့သူက ပြည်သူ့ဆန္ဒ ပြည်သူလက်ခံတဲ့ အစိုးရမဖြစ်သရွေ့ကတော့ အေးချမ်းတဲ့ စီးပွားရေးကို ဘယ်နိုင်ငံကမှ လုပ်လို့ရမှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)က အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးထံသို့ မေလ ၃၀ ရက်တွင် ကန့်ကွက်ကြောင်း သဝဏ်လွှာပေးပို့ထားသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန်ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Vikram Misri က သတင်းထောက်များကို ဖြေကြားခဲ့သည်။
အိန္ဒိယနှင့် နယ်နိမိတ်ဆက်စပ်နေသည့် ချင်းနှင့် ရခိုင်ဒေသ မြန်မာဘက်ခြမ်းတွင် ချင်းနှင့် ရခိုင် တိုင်းရင်းသားလက်နက်ကိုင်တပ်များက နယ်မြေစိုးမိုးထားနိုင်ပြီး အိန္ဒိယဘက်ခြမ်းတွင်လည်း အရှေ့မြောက်ဒေသရှိ လူမျိုးစုလက်နက်ကိုင်ခွဲထွက်ရေး သူပုန်များအားကောင်းသည့် ဒေသဖြစ်သည်။
စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်တွင် နှစ်နိုင်ငံနယ်စပ်လုံခြုံရေး ကိစ္စများကို အပြန်အလှန် အကူအညီပေးလာနိုင်ပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်ဖွင့်လာနိုင်စေရန် ကြိုးပမ်းလာနိုင်သည်ဟု CDM ဗိုလ်မှူး နောင်ရိုးက သုံးသပ်သည်။
“သူတို့ဘက်က နယ်စပ်ဒေသလုံခြုံရေးအတွက် မြန်မာအစိုးရဘက်က စိုးမိုးထိန်းချုပ်နိုင်မှုကို လိုလားနိုင်တဲ့ အနေအထားတွေရှိနိုင်တယ်။ ဒါကြောင့်ချင်းပြည်နဲ့ အိန္ဒိယနယ်စပ်မှာရှိတဲ့ လက်နက်ကိုင်တဲ့အပေါ်မှာတော့ တစုံတရာ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မီဇိုရမ်ပြည်နယ်သည် လက်နက်ကိုင်တော်လှန်ရေး အားကောင်းသည့် ရခိုင်ပြည်နယ်သို့ ကုန်စည်နှင့် ဆေးဝါးများ အဓိက တင်သွင်းနေသည့် ပြည်နယ်ဖြစ်ရာ အဆိုပါ ကုန်စည်စီးဆင်းမှုများ ရပ်တန့်အောင် စစ်ခေါင်းဆောင်က အကူအညီတောင်းလာနိုင်သည်ဟု ၎င်းက သုံးသပ်သည်။
“အိန္ဒိယလို အိမ်နီးချင်း အင်အားကြီး နိုင်ငံကြီးရဲ့ တရားဝင်ဖိတ်ခေါ်မှုကို သွားနိုင်တာက သူ့အတွက်တော့ နိုင်ငံရေး စစ်ရေး အများကြီးအထောက်အကူဖြစ်စေနိုင်တဲ့ အနေအထားလို့ ပြောလို့ရတယ်။ အိန္ဒိယဘက်ကတော့ နယ်စပ်ဒသေနဲ့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအပြင် တရုတ်နဲ့ ဩဇာအာဏာကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တာလည်း ပါကောင်းပါနိုင်ပါတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။