
AI Summary
စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းကို ဆက်သွယ်ထားသော စစ်ကိုင်းတံတားရှိ စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာသည့် လူငယ်များကို စစ်တပ်က ဖမ်းဆီးကာ ပေါ်တာဆွဲနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများနှင့် မိသားစုများက ပြောကြားသည်။ ဇွန်လ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်မှ ဆရာတော်တစ်ပါး၏ ကားမောင်းသူ မင်းသန့်ဦးသည် နှာပေါက်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးပေါ်တာဆွဲခံရပြီး ကားပါသိမ်းကာ ကျပ်သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်းနေဆဲဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် စစ်မှုထမ်းဥပဒေကို အသက်သွင်းကတည်းက စစ်ကိုင်းတံတားပေါ်တွင် လူငယ်များ ပေါ်တာဆွဲခံရမှုများ ရှိခဲ့ပြီး၊ လက်ရှိတွင် ပိုမိုများပြားလာကာ အသက် ၂၀ မှ ၄၀ ကျော်အရွယ်များကို အဓိကပစ်မှတ်ထားနေသည်။ စစ်တပ်ထိန်းချုပ်ရာ ဒေသများတွင် လူငယ်များကို ဖမ်းဆီးပေါ်တာဆွဲခြင်းအပြင် ငွေကြေးတတ်နိုင်သူများထံမှ ငွေညှစ်တောင်းခံမှုများလည်း ဆက်တိုက်လုပ်ဆောင်နေသည်။ မုံရွာကဲ့သို့ မြို့များတွင်လည်း ပေါ်တာဆွဲမှုများကြောင့် လူငယ်များ စိုးရိမ်ထိတ်လန့်နေရပြီး၊ ဖမ်းဆီးခံရသူ မင်းသန့်ဦးမှာလည်း ယခုထိ ပြန်မလွတ်သေးကြောင်း သိရသည်။

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး၊ စစ်ကိုင်းတံတားရှိ စစ်တပ်စစ်ဆေးရေးဂိတ်တွေဟာ ဖြတ်သန်းသွားလာနေတဲ့ လူငယ်တွေကို ဖမ်းဆီး ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတယ်လို့ ကိုယ်တိုင် ကြုံခဲ့ရသူတွေရဲ့ မိသားစုတွေက ပြောပါတယ်။
ဇွန် ၁၀ ရက် မနက် ၉ နာရီဝန်းကျင်မှာ ကချင်ပြည်နယ်၊ တာမခန်ကျေးရွာ၊ ဆင်မင်းတောင်ကျောင်းတိုက် ဆရာတော်နဲ့ ညီမဖြစ်သူတို့ မန္တလေးကိုအလာ စစ်ကိုင်းတံတား (နှာပေါက်)မှာ ဘုန်းကြီးကားကိုတားပြီး ကားမောင်းသူ ပေါ်တာဆွဲခံခဲ့ရတယ်လို့ ကာယကံရှင်နဲ့ နီးစပ်သူက DVB ကို ပြောပါတယ်။
ဒီဖြစ်စဉ်ကို သိရှိသူတယောက်က “စစ်ကိုင်းဘက်ကနေ မန္တလေးဘက်အခြမ်း တံတားအဆင်းမှာရှိတဲ့ နှာပေါက်စစ်ဆေးရေးဂိတ်က ဘုန်းကြီးကားကို တားစစ်တာ။ စစ်ကိုင်းတံတား နှာပေါက်မှာ မော်တော်ပီကယ်ရယ်၊ စစ်သားတွေရယ်က ဆရာတော်ရဲ့ကားကို သိမ်းပြီး ကားသမားကို ဖမ်းလိုက်တယ်။ ဆရာတော်က ကားသိမ်းချင်သိမ်း ဆိုပြီး ပြောတော့ ဆရာတော်နဲ့ ဆရာတော်ရဲ့ ညီမတို့ကို ပြန်လွှတ်လိုက်တယ်။ ကားသမား မင်းသန့်ဦးနဲ့ ကားကို သိမ်းပြီး ကျပ်သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ သိရပါတယ်။ အခုထိ ပြန်မလွတ်သေးပါဘူး”လို့ DVB ကို ပြောပြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်မှုထမ်းဥပဒေကို အသက်သွင်းကျင့်သုံးပြီး နောက်ပိုင်းကတည်းက စစ်ကိုင်းတံတားမှာ ဖြတ်သန်းသွားလာနေတဲ့ လူငယ်တွေကို ပေါ်တာဆွဲတာတွေရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာ တံတားပေါ်က စစ်အာဏာရှင် စစ်ဆေးရေးဂိတ်တွေဟာ လူငယ်တွေကို ပစ်မှတ်ထား ပေါ်တာဆွဲမှု ပိုများလာနေတယ်လို့ စစ်ကိုင်းမြို့ခံတွေနဲ့ ကိုယ်တိုင် ကြုံရသူ ကာယကံရှင်တချို့ကလည်း ပြောပါတယ်။
စစ်ကိုင်းမြို့ခံတယောက်က “နှာပေါက်နဲ့ မြို့အဝင်မှာ စစ်ဆေးရေး အရမ်းကြမ်းတယ်။ ဘုန်းကြီးတွေလည်း စစ်တာပဲ။ အများဆုံးကတော့ လိုင်းကားတွေကို ပိုစစ်ပြီး ဖမ်းတာ။ အသက် ၂၀ ကျော်ကနေ ၄၀ ကျော်တွေ ပါတာ များတယ်”လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ စစ်အာဏာရှင်တပ်တွေဟာ စစ်ကိုင်း၊ မန္တလေး အပါအဝင် နိုင်ငံတဝန်းက သူတို့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေသလို ဖမ်းဆီးပြီး ငွေကြေးတတ်နိုင်သူတွေကို ငွေညှစ်တောင်းခံတာတွေလည်း ဆက်တိုက် လုပ်လာနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောနေကြပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းရဲ့ မြို့တော် မုံရွာမှာလည်း ပေါ်တာဆွဲ၊ လူဖမ်းမှုတွေ ဆက်တိုက်လုပ်နေတာကြောင့် လူငယ်တွေဟာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ မြို့ခံတချို့ကလည်း ပြောပါတယ်။