တိုက်ပွဲဖြစ်နေသည့် ဧရာ၀တီတိုင်းတွင် စာသင်ကျောင်း ၆၈ကျောင်း ဖွင့်လှစ်နိုင်ခြင်းမရှိ
general||5 MIN READ

တိုက်ပွဲဖြစ်နေသည့် ဧရာ၀တီတိုင်းတွင် စာသင်ကျောင်း ၆၈ကျောင်း ဖွင့်လှစ်နိုင်ခြင်းမရှိ

Narinjara
SourceNarinjara

AI Summary

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် စာသင်ကျောင်းပေါင်း ၆၈ ကျောင်း ပိတ်ထားရသည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် နယ်မြေမတည်ငြိမ်မှုများ ဖြစ်ပေါ်နေပြီး ကျောင်းသား ကျောင်းသူ ၃၀၀၀ ဝန်းကျင် ပညာသင်ကြားခွင့် ဆုံးရှုံးမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် ကလေးငယ်များ ပညာသင်ကြားခွင့် ဆုံးရှုံးရခြင်းသည် တိုင်းပြည်၏ အနာဂတ်အတွက် ကြီးမားသော နစ်နာမှုဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ထားသည်။ လက်ရှိတွင် အချို့သော ကျောင်းသားများမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပညာသင်ကြားနေရသော်လည်း ကျောင်းအပ်နှံနိုင်ခြင်းမရှိသည့် ကလေးငယ်အရေအတွက်မှာ ၂၅၀၀ မှ ၃၂၀၀ ကြား ရှိနေသည်။ တော်လှန်ရေးတပ်ဖွဲ့များက ဧရာဝတီတိုင်း၏ သုံးပုံတစ်ပုံခန့်ကို ထိန်းချုပ်ထားနိုင်သော်လည်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ပညာရေးကဏ္ဍတွင် ထိခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။

(ကျောင်းသား/သူ သုံးထောင်ဝန်းကျင် ပညာသင်ကြားခွင့်ဆုံးရှုံးမည့်အနေအထားနှင့်ရင်ဆိုင်နေရ)

နိရဉ္စရာ၊ မေ ၃၀/ ၂၀၂၆

တိုက်ပွဲများ ဖြစ်ပွားနေသည့် ဧရာ၀တီတိုင်းမြို့နယ်အချို့တွင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်ကြောင့် စာသင်ကျောင်းပေါင်း ၆၈ ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိသလို ကျောင်းသား ကျောင်းသူ ၃၀၀၀ ကျော်  ပညာသင်ကြားခွင့်ဆုံးရှုံးမည့်အနေအထားနှင့်ရင်ဆိုင် နေရသည်ဟု သတင်းအထူးတပ်ဖွဲ့- ပုသိမ်၏ သတင်းအရ သိရသည်။

ယခုကဲ့သို့ စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသည်မှာ အာဏာသိမ်း စစ်တပ်၏ လေကြောင်းနှင့်လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်မှုများကြောင့်ဖြစ်သည်ဟုဒေသခံတစ်ဦးကိုကိုးကားပြီးသတင်း၌ ရေးသားဖော်ပြထားသည်။

ဒေသခံတစ်ဦးက "စစ်ကောင်စီကတော့ နယ်မြေစိုးမိုးမှုတွေ ဆုံးရှုံးနေတာကို မကျေနပ်လို့ အပြစ်မဲ့ပြည်သူတွေကို လေကြောင်းကနေ ပစ်ခတ်တာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ် ခြောက်လှန့်တာတွေ လုပ်ပြီး အာသာဖြေနေတာ။ ဒါကြောင့်လည်း ကလေးတွေ ကျောင်းမတက်ရဘဲ တိုင်းပြည်ရဲ့ အနာဂတ်တွေ နစ်နာဆုံးရှုံးနေရတာ" ဟု ပြောဆိုသည်။

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း (၁၇၇) ကျောင်းအနက် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသေးသည့် စာသင်ကျောင်းပေါင်း (၆၈) ကျောင်းမှာ လာမည့် ၂၀၂၆-၂၀၂၇ စာသင်နှစ်အတွက် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဟု ဆိုသည်။

၎င်းကျောင်းများအထဲတွင်လေးမျက်နှာမြို့နယ်မှစိန်ကွင်း၊တောရွာ၊ စန်းကုန်း၊ ဆူးထိုးကွင်း၊ မကျည်းပင်ကွင်း၊ ကျောက်စရစ်ကုန်း၊ ဘုရားကုန်းရွာ၊ ပန်းတောကြီး၊ ချင်းကုန်း၊ ရေသိုးချောင်းရွာ၊ ညောင်ခြေထောက်ရွာ၊ ဂျိတ်ကွင်း၊ အောက်စုရွာ၊ ပန်းတင်ရွာ၊ချင်းလယ်ရွာ၊လဲခုံကြီး ၊ နတ္တမင်းကုန်းစသည့် ကျေးရွာများမှ စာသင်ကျောင်းများပါဝင်သည်။

အာဏာသိမ်းမအလအစိုးရမှ ၎င်းတို့အုပ်ချုပ်သည့် နယ်မြေများ အေးချမ်းသာယာနေပြီဖြစ်ကြောင်း စာသင်ကျောင်းများအားလုံး ဖွင့်လှစ်ရန် ကြိုးပမ်းနေကြောင်းဝါဒဖြန့်ချိနေသော်လည်း၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်နှင့်လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ကျောင်းအများအပြားကိုဆက်လက် ပိတ်ထားရဆဲဖြစ်သည်ဟု ဆိုသည်။

စာသင်ကျောင်းများ ပိတ်ထားရသဖြင့် ကျောင်းသား/ ကျောင်းသူအချို့မှာ ဘေးလွတ်ရာ အခြားနယ်မြေရှိ စာကျောင်းများသို့ ပြောင်းရွှေ့ပညာသင်ကြားနေကြရသော်လည်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံနိုင်ခြင်းမရှိသည့် ကလေးငယ်အရေအတွက်မှာ အနည်းဆုံး (၂,၅၀၀) မှ (၃,၂၀၀) ကြား ရှိနေကြောင်းသတင်းတွင် ဆက်လက်ဖော်ပြထားသည်။

အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များသည် ဧရာ၀တီတိုင်းမှာ မြို့များကို တိုက်ခိုက်သိမ်းပိုက်မှု မရှိသော်လည်း မြို့နယ်အများအပြားရှိ ကျေးရွာအများအပြားကို သိမ်းပိုက် စိုးမိုးပြီး မြေဧရိယာအားဖြင့်ဆိုလျှင် ဧရာ၀တီတိုင်း၏ သုံးပုံတစ်ပုံခန့်ကို သိမ်းပိုက် ထိန်းချုပ်ထားသည်ဟု စစ်ရေးရင်းမြစ်တစ်ခုက နိရဉ္စရာကို ပြောသည်။

“ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်းနဲ့ အင်္ဂပူ စတဲ့ မြို့နယ်တွေအထဲက ကျေးရွာအတော်တော်များကို တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်စိုးမိုးထားတယ်။အထူးသဖြင့် ပုသိမ်- မုံရွာလမ်းတစ်လျှောက် ပေါ့။ ထိန်းချုပ်ထားတာက ကားလမ်းရဲ့ အနောက်ဘက် ကျေးရွာတွေများတယ်။ တိုင်းဒေသကြီးရဲ့  ၃ ပုံ ၁ ပုံနယ်မြေက တော်လှန်ရေးတပ်ဖွဲ့တွေ လက်ထဲကို ရောက်သွားပြီ။ ရေကြည်မှာဆိုရင်လည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေပြီး အမတ ၃၄၄ အခြေအနေက မသေချာတော့ဘူး”ဟု ပြောဆိုသည်။

ဧရာ၀တီတိုင်းအပါအဝင် တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်၊ ချင်း၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ ကရင်ပြည်နယ်တို့တွင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်သဖြင့် စာသင်ကျောင်း ထောင်နှင့် ချီပြီး ပိတ်ထားရကာ ကျောင်းသား ကျောင်းသူ သိန်းနှင့် ချီပြီး ပညာသင်ကြားခွင့် ဆုံးရှုံးနေကြောင်း သိရသည်။

​အာဏာသိမ်းစစ်ကောင်စီ၏လုပ်ရပ်ကြောင့် နယ်မြေမတည်ငြိမ်မှုနှင့် အကြမ်းဖက်ပစ်ခတ်မှုများ  မြန်မာနိုင်ငံတစ်ဝန်းဖြစ်ပွားနေရာ ကလေးငယ်အများအပြားမှာ ပညာသင်ခွင့်များ ဆုံးရှုံးနေရပြီး တိုင်းပြည်၏ အနာဂတ်မျိုးဆက်များအတွက် ကြီးမားသည့် နစ်နာမှုများ ဖြစ်ပေါ်နေကြောင်း ပညာရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုနေကြသည်ဟုအထူးသတင်းတပ်ဖွဲ့ - ပုသိမ်က သတင်းတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

AI Curated
တိုက်ပွဲဖြစ်နေသည့် ဧရာ၀တီတိုင်းတွင် စာသင်ကျောင်း ၆၈ကျောင်း ဖွင့်လှစ်နိုင်ခြင်းမရှိ | YGN Daily