
နတ်မောက်တွင် တပ်သားအချင်းချင်းသတ်ပြီး ထွက်ပြေးလာသူကို တော်လှန်ရေးတပ် ဖမ်းမိ
AI Summary
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှ စစ်အာဏာရှင်တပ်၏ တပ်ကြပ်ရန်နိုင်အား မေလ ၃၀ ရက်နေ့တွင် ဒဏ်ရာများဖြင့် သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်းက ဖမ်းဆီးရမိခဲ့သည်။ ၎င်းတပ်ကြပ်သည် မေလ ၂၉ ရက်နေ့ ညနေပိုင်းက အခြားတပ်သားတစ်ဦးဖြစ်သူ ကျော်ဦးနှင့် လစာထုတ်အပြန် လမ်းတွင် ရန်ဖြစ်ရာမှ လက်လွန်ပြီး ကျော်ဦး သေဆုံးခဲ့၍ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်များအရ သိရသည်။ ဖမ်းဆီးရမိချိန်တွင် တပ်ကြပ်ရန်နိုင်၌ မျက်နှာတွင် ပေါက်ပြဲဒဏ်ရာများ ရရှိထားပြီး လိုအပ်သည့် ဆေးကုသမှုများ ပြုလုပ်ပေးခဲ့သည်။ လက်ရှိတွင် ၎င်းအား သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး ကိုယ်ပိုင်ကတ်ပြား၊ ဖုန်းနှင့် ငွေ ၄၃၀,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့သည်။ နတ်မောက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ပြည်သူများအား စစ်တပ်လက်အောက်ခံများနှင့် ဝေးဝေးနေရန်နှင့် ၎င်းတို့၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန် တိုက်တွန်းထားသည်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲမှာ စစ်သားအချင်းချင်း သတ်ဖြတ်ပြီး ထွက်ပြေးလာတဲ့ စစ်အာဏာရှင်တပ်က တပ်ကြပ်အဆင့်ရှိသူ တယောက်ကို မေ ၃၀ ရက် မနက် ၈ နာရီဝန်းကျင်မှာ ထိခိုက်ဒဏ်ရာတွေနဲ့အတူ သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်းက အရှင်ဖမ်းမိခဲ့ပါတယ်။
သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက “သူ့ကို ဒဏ်ရာတွေနဲ့အတူ ကျနော်တို့ ထိန်းချုပ်နယ်မြေအတွင်းက ထန်းပင်ကုန်းကြီးနဲ့ ညောင်အိုင်ရွာကြားက ခရိုင်ချင်းဆက် လမ်းပိုင်းပေါ်မှာ ကင်းလှည့်နေတဲ့ ကျနော်တို့ရဲဘော်တွေက တွေ့ရှိပြီး ဖမ်းမိခဲ့ကြတာပါ” လို့ ပြောပါတယ်။
ဒဏ်ရာတွေနဲ့အတူ အရှင်ဖမ်းမိသူဟာ စစ်တပ်လက်အောက်ခံ နတ်မောက်မြို့နယ်အခြေစိုက် အမှတ် ၂ ဆက်သွယ်ရေးနဲ့ လုံခြုံရေးတပ်ရင်း (ဆသလ-၂) က ကိုယ်ပိုင်အမှတ် တ/၁၆၀၅၆၇ တပ်ကြပ် ရန်နိုင် ဖြစ်တယ်လို့ ဆိုပါတယ်။
သရက်ခရိုင် အမှတ် ၃ ငါးပြေမတပ်ရင်းရဲ့ တာဝန်ရှိသူတယောက်ဖြစ်တဲ့ ဗိုလ်ငါးပိက “ကနဦး စစ်ဆေးပေါ်ပေါက်ချက်တွေအရ ဆိုရင် ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ ညနေပိုင်းမှာ အဲဒီ တပ်ကြပ်ရန်နိုင်နဲ့ GE ၉၆၇ က ဆောက်လုပ်ရေးတပ်ခွဲ (အင်ဂျင်နီယာ) မီး/ရေဌာနက နေ့စားစက်မောင်း တပ်သားကျော်ဦး တို့နှစ်ယောက် ရွှေပန်းတောရွာကနေ လစာထုတ်ပြီးအပြန် လမ်းမှာ သူတို့ ၂ ယောက် အချင်းချင်းရန်ဖြစ်ကြရင်း လက်လွန်ပြီး ကျော်ဦး သေသွားလို့ ကြောက်ပြီး ထွက်ပြေးလာတာလို့ သိရတယ်ဗျ။ မျက်နှာမှာ ပေါက်ပြဲဒဏ်ရာတွေ ရလာလို့ လိုအပ်တဲ့ ဆေးကုသမှုတွေ လုပ်ပေးထားပြီးတော့ စစ်ဆေးတာတွေ ဆောင်ရွက်ရင်း သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပါတယ်” လို့ DVB ကို ပြောပါတယ်။
အရှင်ဖမ်းမိတဲ့ တပ်ကြပ်ရန်နိုင်နဲ့အတူ ဆသလ ၂ ကိုယ်ပိုင်ကတ်ပြား၊ လက်ကိုင်ဖုန်းတလုံးနဲ့ ငွေသား ၄၃၀,၀၀၀ ကျပ်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်တပ်လက်အောက်ခံတွေနဲ့ အနီးကပ်နေထိုင်တာတွေ မပြုလုပ်ကြဖို့အပြင် စစ်တပ်လက်အောက်ခံတွေရဲ့ လှုပ်ရှားသွားလာတဲ့ အခြေအနေတွေကိုလည်း အချိန်နဲ့တပြေးညီ သတင်းပေးပို့ပေးကြဖို့ နတ်မောက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။