
AI Summary
ကျူးဘားဗဟိုဘဏ်က ဇွန် ၆ ရက်နေ့မှစ၍ ဗီဇာကတ်နှင့် မာစတာကတ် ငွေပေးချေမှုများကို ဆိုင်းငံ့တော့မည်ဖြစ်ကြောင်း ဇွန် ၃ ရက်တွင် ကြေညာခဲ့သည်။ ဤသို့ ဆိုင်းငံ့ရခြင်းမှာ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများစွာ ကျူးဘားနှင့် ဆက်ဆံရေးဖြတ်တောက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဗဟိုဘဏ်က ထောက်ပြခဲ့သည်။ အထူးသဖြင့် မေလ ၁ ရက်နေ့တွင် ထွက်ပေါ်လာသော အမေရိကန်သမ္မတအမိန့်ကြောင့် ခရက်ဒစ်ကတ် ငွေပေးချေမှုများကို ဆောင်ရွက်ပေးနေသည့် နိုင်ငံခြားမိတ်ဖက်ကုမ္ပဏီတစ်ခုက လုပ်ငန်းများ ကန့်သတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအမိန့်သည် ကျူးဘားနှင့် ကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုများကို အကြီးအကျယ် တိုးမြှင့်လိုက်ခြင်းဖြစ်ပြီး၊ ၎င်းသည် အကျပ်အတည်းဆိုက်နေသော ကျူးဘားစီးပွားရေးနှင့် ပျက်စီးနေပြီဖြစ်သည့် ခရီးသွားလုပ်ငန်းအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။ ထရမ့်ပ်အစိုးရ၏ ပိတ်ဆို့မှုများကြောင့် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း နိုင်ငံခြားဟိုတယ်ကုမ္ပဏီများ၊ လေကြောင်းလိုင်းများနှင့် သင်္ဘောလိုင်းများအပါအဝင် စီးပွားရေးလုပ်ငန်းများစွာ ကျူးဘားမှ ထွက်ခွာခဲ့ကြပြီး၊ ကျူးဘားနိုင်ငံသားများနှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်နစ်နာလျက်ရှိသည်။ ဗီဇာကတ်နှင့် မာစတာကတ်ကုမ္ပဏီများကမူ ဤကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပေ။

ကျူးဘားနိုင်ငံမှာ လာမဲ့ ဇွန် ၆ ရက်ကစပြီး ဗီဇာကတ်၊ မာစတာကတ်ငွေပေးချေမှုတွေကို ဆိုင်းငံ့သွားမယ်လို့ ကျူးဘားဗဟိုဘဏ်က ဇွန် ၃ ရက်မှာ ပြောကြားလိုက်ပြီး ဒါဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ငံခြားစီးပွားရေးလုပ်ငန်း အတော်များများ ကျူးဘားနဲ့ ဆက်ဆံရေးဖြတ်တောက်ခဲ့ကြတာကြောင့် ဖြစ်တယ်လို့ ဗဟိုဘဏ်က ထောက်ပြခဲ့ပါတယ်။
ကျူးဘားအတွက် ခရက်ဒစ်ကတ် ငွေပေးချေမှုတွေကို အရင်က ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံခြားမိတ်ဖက်ကုမ္ပဏီတခုဟာ မေ ၁ ရက်က ထွက်ပေါ်လာတဲ့ အမေရိကန်ရဲ့ သမ္မတအမိန့်ကြောင့် လုပ်ငန်းတွေကို ကန့်သတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအမိန့်ဟာ ကျူးဘားနဲ့ ကုန်သွယ်မှုအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အကြီးအကျယ် တိုးမြှင့်လိုက်တာပါ။
ခရက်ဒစ်ကတ် ငွေပေးချေမှုတွေကို အစဉ်အလာအရ နိုင်ငံခြားဘဏ်တခုနဲ့ ဖှင်းန်စီမက် ကုမ္ပဏီတို့က ကိုင်တွယ်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဖှင်းန်စီမက်ဟာ ဒေါ်နယ်ထရမ့်ပ် အစိုးရရဲ့ အရေးယူပစ်မှတ်ထား ခံထားရတဲ့ စစ်တပ်ကုမ္ပဏီကြီး ဂါအဲဆာရဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် ဗီဇာကတ်ရော မာစတာကတ် ကုမ္ပဏီကပါ ချက်ချင်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။
ထရမ့်ပ် အစိုးရဟာ ကျူးဘား ကွန်မြူနစ်အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ပြီး ပိတ်ဆို့အရေးယူမှုတွေကို တစတစ တိုးမြှင့်နေတာကြောင့် ဒီအမိန့်ဟာ အကျပ်အတည်းဆိုက်နေတဲ့ ကျူးဘားစီးပွားရေးနဲ့ အတော်လေး ပျက်စီးနေပြီဖြစ်တဲ့ ခရီးသွားလုပ်ငန်းအတွက် နောက်ထပ် ထိုးနှက်ချက်တခု ဖြစ်လာပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေဟာ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှု ခံထားရတဲ့ ကျူးဘားအဖွဲ့အစည်းတွေနဲ့ ရှောင်ခွာလာနေချိန်မှာပဲ ထရမ့်ပ်ရဲ့ သမ္မတအမိန့်ကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံခြားဟိုတယ်ကုမ္ပဏီတွေ၊ လေကြောင်းလိုင်းတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ သင်္ဘောလိုင်းတွေ အပါအဝင် စီးပွားရေးလုပ်ငန်းတွေ ကျူးဘားကနေ အစုလိုက်အပြုံလိုက် ထွက်ခွာခဲ့ကြပါတယ်။
အမေရိကန်အစိုးရကတော့ ဂါအဲဆာဟာ ခရီးသွားလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ ပြည်ပရောက် လုပ်သားတွေဆီက ငွေလွှဲလုပ်ငန်းနဲ့ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေအပါအဝင် နိုင်ငံရဲ့ အဖိုးတန်ဆုံး စီးပွားရေးလုပ်ငန်းတွေကနေ ရတဲ့ အကျိုးအမြတ်တွေကို လျှို့ဝှက်သိမ်းဆည်းပြီး စစ်တပ်နဲ့ ကျူးဘား အထက်တန်းလွှာတွေရဲ့ အကျိုးစီးပွားအတွက် အသုံးပြုနေတယ်လို့ စွပ်စွဲထားပါတယ်။
ကျူးဘားကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ဂါအဲဆာဟာ နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပွင့်လင်းမြင်သာစွာ ပံ့ပိုးပေးနေတာလို့ တုံ့ပြန်ထားပါတယ်။
Source: Reuters