
လက်နက်မချဘဲ ထွက်ပြေးသည့် ပျူစောထီး နှင့် မိသားစုဝင် ၇၀ ကျော်ကို အညာမြေတပ်ပေါင်းစု ဖမ်းဆီးထိန်းသိမ်း ၊ ဦးဆောင်သူ ၆ ဦး လွှတ်မြောက်နေဆဲ - BUR.MIZZIMA.COM
AI Summary
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကုက္ကိုစုပျူရွာမှ လက်နက်မချဘဲ ထွက်ပြေးသွားသည့် ပျူစောထီးနှင့် ၎င်းတို့၏ မိသားစုဝင် ၇၀ ကျော်ကို အညာမြေတပ်ပေါင်းစုက ဇွန်လ ၅ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၄ ရက်နေ့တွင် ပေါက်ကိုယ်တော်၏ အားအထားရဆုံး ပျူရွာဖြစ်သည့် ကုက္ကိုစုပျူရွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၎င်းတို့ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။ ပျူစောထီးများနှင့် မိသားစုဝင်များသည် လက်နက်အပြည့်အစုံဖြင့် မြိုင်စက်မှု (၂) ဘက်သို့ ထွက်ပြေးခဲ့ကြစဉ် အညာမြေတပ်ပေါင်းစုနှင့် ဒေသတွင်းတပ်ဖွဲ့များက ပူးပေါင်းရှာဖွေ ဖမ်းဆီးနိုင်ခဲ့သည်။ သို့သော်လည်း ပျူအဖွဲ့ကို ဦးဆောင်သူများဖြစ်သည့် ကုက္ကိုစုပျူခေါင်းဆောင်နှင့် စစ်အုပ်စုတပ်ဖွဲ့ဝင် ၅ ဦးမှာမူ ၎င်းတို့ခေါ်ဆောင်လာသူများကို စွန့်ပစ်ကာ ဖမ်းဆီးမမိသေးဘဲ လွတ်မြောက်နေဆဲဖြစ်သည်။ ၎င်းတို့ ထွက်ပြေးရာ လမ်းတလျှောက်ရှိ ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်။ ဖမ်းဆီးရမိသူများကို ဂျီနီဗာကွန်ဗင်းရှင်း ဥပဒေများအရ စစ်သုံ့ပန်းစာရင်းအဖြစ် သတ်မှတ်ကာ ဘေးကင်းစွာ စောင့်ရှောက်ထိန်းသိမ်းထားကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ခဲ့သည်။
ဇွန် ၆
မဇ္ဈိမ။ ။ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကုက္ကိုစုပျူရွာမှ လက်နက်မချဘဲ မြိုင်စက်မှု (၂) ဘက်သို့ ထွက်ပြေးသွားသည့် ပျူစောထီးနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း အယောက် ၇၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အညာမြေတပ်ပေါင်းစုက ယနေ့ (ဇွန်လ ၆ ရက်) တွင် သတင်းထုတ်ပြန်သည်။
ကုက္ကိုစုပျူရွာသည် ပေါက်ကိုယ်တော် (အာရိယာဝံသ) ၏ အားအထားရဆုံး ပျူရွာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထိုစဥ် ပျူစောထီးများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် အညံ့မခံဘဲ လက်နက်အပြည့်အစုံဖြင့် မြိုင်စက်မှု (၂) ထံသို့ ထွက်ပြေးခဲ့ကြစဥ် အညာမြေတပ်ပေါင်းစုက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုပျူအဖွဲ့ကို ဦးဆောင်သူများဖြစ်ကြသည့် ကုက္ကိုစုပျူခေါင်းဆောင်နှင့် စစ်အုပ်စုတပ်ဖွဲ့ဝင် ငါးဦး စုစုပေါင်း ခြောက်ဦး မှာမူ ၎င်းတို့ခေါ်ဆောင်လာသူများကို စွန့်ပစ်ကာ သတင်းထုတ်ပြန်ချိန်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
၎င်းတို့ ထွက်ပြေးရာ လမ်းတလျှောက်ရှိ အနည်းဆုံး ကျေးရွာ ငါးရွာထက်မနည်းသည် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။
အညာမြေတပ်ပေါင်းစုနှင့် ဒေသတွင်း တပ်ဖွဲ့အသီးသီးတို့ ပူးပေါင်းကာ တောနင်းရှာဖွေခြင်း၊ ကင်းထောက်ခြင်းများဖြင့် မနားမနေ ရှာဖွေခဲ့ကြရာ ဇွန်လ ၅ ရက် ည ၇ နာရီခန့်တွင် ပေါက်မြို့နယ် တောတွင်းတနေရာ၌ အစုလိုက် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဂျီနီဗာကွန်ဗင်းရှင်း ဥပဒေများအရ ၎င်းတို့အား စစ်သုံ့ပန်းစာရင်းအဖြစ် သတ်မှတ်ကာ လက်ရှိအခြေအနေတွင် ဘေးကင်းစွာစောင့်ရှောက်ထိန်းသိမ်းထားကြောင်း အညာမြေတပ်ပေါင်းစုက ဆိုသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး