ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ်( ၅၄ ) ဝန်းတံခါးခြံထိပ်ရှိ ဗိုလ်ချုပ်ပုံကို စစ်အုပ်စု ဖြုတ်ချ ( Breaking News)
politics||5 MIN READ

ဒေါ်အောင်ဆန်းစုကြည်၏ ခြံအမှတ်( ၅၄ ) ဝန်းတံခါးခြံထိပ်ရှိ ဗိုလ်ချုပ်ပုံကို စစ်အုပ်စု ဖြုတ်ချ ( Breaking News)

Back to News

AI Summary

ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံအမှတ် (၅၄) ရှေ့တွင် ချိတ်ဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပုံကို စစ်အုပ်စုလက်အောက်ခံ အဖွဲ့များက ဧည့်စာရင်းစစ်ဆေးမည်ဟု အကြောင်းပြကာ ဇွန်လ ၁၄ ရက် ညပိုင်းတွင် ဝင်ရောက်ဖြုတ်ချသွားခဲ့သည်။ အဆိုပါလုပ်ရပ်သည် စစ်အုပ်စုက ၎င်းတို့၏ ရန်သူကို ပြတ်ပြတ်သားသား ဆက်ဆံသည့်ပုံစံဖြင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ခြံအမှတ် (၅၄) သည် လက်ရှိတွင် အမွေဆိုင်အမှုဖြင့် အငြင်းပွားနေဆဲဖြစ်သည်။ ဤဖြစ်စဉ်ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်အပေါ် စစ်အုပ်စု၏ ဖိအားပေးမှုများ ပိုမိုမြင့်တက်လာပြီး ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်မှုများ ရှိနေသည်။ စစ်အုပ်စုသည် ဤနေအိမ်မှ ဗိုလ်ချုပ်ပုံကို ဖြုတ်ချရုံသာမက နိုင်ငံတစ်ဝန်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများကိုလည်း ဖျက်ဆီးဖယ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ လက်ရှိတွင် အဆိုပါခြံဝန်းကို လေလံတင်ရောင်းချရန် ကြိုးပမ်းမှုများရှိနေသော်လည်း ဝယ်ယူသူမရှိသေးဘဲ အငြင်းပွားမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။

ထင်ရှားသော ပြောကြားချက်များ

"မနေ့က (ဇွန် ၁၄) ည ၁၁ နာရီမှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး ဝင်လာခဲ့တယ်။ မြို့နယ်ရဲမှူးကြီးပါတယ်။ အုပ်စုနဲ့ ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ထဲကို သွားတဲ့အချိန်မှာ အပြင်မှာ ကျန်ခဲ့တဲ့အုပ်စုက ဖြုတ်တာပါပဲ။"

ဓာတ်ပုံ – ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို လေလံတင်ရောင်းချရာသို့ ရောက်လာကြသူတချို့နှင့် သတင်းထောက်တချို့ကို ၂၀၂၄ ခုနစ်၊ မတ်လ ၂၀ ရက်က တွေ့ရစဉ်။ (EPA)

မောင်ခက်နွေ (ဇွန် – ၁၅)

မဇ္ဈိမ။ ။ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံအမှတ် (၅၄) ရှေ့တွင် ချိတ်ဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်း၏ ပုံကို စစ်အုပ်စုလက်အောက်ခံ အဖွဲ့များက ဧည့်စာရင်းစစ်ရန် အကြောင်းပြ၍ ယမန်နေ့ (ဇွန်လ ၁၄ ရက်) ညပိုင်းတွင် ဖြုတ်ချသွားကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်ထံက သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက် ည ၁၁ နာရီခန့်တွင် ဗဟန်းမြို့နယ်မှ ရဲမှူးအဆင့်ရှိသူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော အင်အားခုနစ်ဦးခန့်သည် ခြံအမှတ် (၅၄) အတွင်းသို့ ဧည့်စာရင်းစစ်မည်ဟုဆိုကာ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ ထိုသို့ အိမ်ထဲသို့ ဝင်ရောက်နေချိန်တွင် အပြင်၌ကျန်ရစ်ခဲ့သည့် အဖွဲ့က ခြံထိပ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပုံကို ဖြုတ်ချသွားခြင်း ဖြစ်ဟု ၎င်းကဆိုသည်။

“မနေ့က (ဇွန် ၁၄) ည ၁၁ နာရီမှာ ဧည့်စာရင်းစစ်မယ်ဆိုပြီး ဝင်လာခဲ့တယ်။ မြို့နယ်ရဲမှူးကြီးပါတယ်။ အုပ်စုနဲ့ ဧည့်စာရင်းစစ်မယ်ဆိုပြီး အိမ်ထဲကို သွားတဲ့အချိန်မှာ အပြင်မှာ ကျန်ခဲ့တဲ့အုပ်စုက ဖြုတ်တာပါပဲ။ ကားတစီးမှ မတွေ့ဘူး၊ လမ်းလျှောက်လာကြတာ။ အိမ်ထဲဝင်လာတာက ခုနစ်ဦးလောက် ရှိမယ်နဲ့တူတယ်။ အပြင်မှာ ဖြုတ်တာကတော့ မမြင်ရတော့ ဘယ်နှဦးရှိမလဲ မသိဘူး။ ဧည့်စာရင်းစစ်မယ်ဆိုပြီး အထဲမှာ ဆွဲထားတာပေါ့။ အဲ့ဒီ ဗိုလ်ချုပ်ပုံက အန်တီကိုယ်တိုင် ဆွဲထားတာလို့ သိထားတယ်” ဟု အမည်မဖော်လိုသည့် မဇ္ဈိမ သတင်းရင်းမြစ်တဦးကပြောသည်။

စစ်အုပ်စုသည် ၎င်းတို့၏ ရန်သူကို ရန်သူလို ဆက်ဆံကာ ဂရုမစိုက်သည့်ပုံစံဖြင့် ‘ရန်ငါပြတ်’ ကာ ပြတ်ပြတ်သားသား လုပ်ဆောင်နေသည်ဟု ၎င်းက သုံးသပ်သည်။ ထိုဗိုလ်ချုပ်အောင်ဆန်းပုံကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆွဲထားသည်နှင့် ပတ်သက်၍ မဇ္ဈိမ အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

ယင်းကဲ့သို့ ဗိုလ်ချုပ်ပုံ ဖြုတ်ချခံရသည့် ခြံအမှတ် (၅၄) သည် လက်ရှိတွင် အမွေဆိုင်အမှုဖြင့် အငြင်းပွားနေဆဲ ဖြစ်သည်။ ခြံဝန်းတခုလုံးအား လေလံ လေး ကြိမ်တိုင်တိုင် ဈေးလျှော့ရောင်းချရန် ကြိုးပမ်းခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့ပေ။

ထို့ကြောင့် ဦးအောင်ဆန်းဦးဘက်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အပါအဝင် မြေ ၀ ဒသမ ၉၂၃ ဧကကို ချန်ထားပြီး ကျန်မြေတဧကကို အရင်ခွဲ၍ရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနစ် မေလ ၂၉ ရက်က ထပ်မံလျှောက်ထားခဲ့သည်။

ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏မိခင် ဒေါ်ခင်ကြည်အမည်ပေါက် ခြံအမှတ် (၅၄)သည် ၁ ဒသမ ၉၂၃ ဧကကျယ်ဝန်းသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကမူ အဆိုပါ ခြံအမှတ် (၅၄) အား ကြားကာလ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားပြီး ရောင်းဝယ်ဖျက်ဆီးခြင်းများ ပြုလုပ်ပါက အရေးယူမည်ဟု ကြေညာထားသည်။

စစ်အုပ်စုသည် ခြံအမှတ် (၅၄) မှ ဗိုလ်ချုပ်ပုံကို ဖြုတ်ချရုံသာမက နိုင်ငံတဝန်းရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများကိုလည်း ဖျက်ဆီးဖယ်ရှားမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက် ညပိုင်းကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့၊ ကန်လမ်းရှိ အမြင့် ၁၅ ပေ၊ ကြေးပိဿာချိန် ၄၅၃ ပိဿာရှိ ဗိုလ်ချုပ်ကြေးရုပ်တုကို မြို့လုံးကျွတ် မီးဖြတ်တောက်ကာ ဖြိုဖျက်ဖယ်ရှားခဲ့သည်။ အဆိုပါ ရုပ်တု ဖျက်ဆီးမခံရမီ သုံးရက်အလို ဇွန်လ ၆ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကာကွယ်ရေးဦးစီးချုပ်အသစ် ရဲဝင်းဦးတို့ တောင်ငူမြို့သို့ လာရောက်ခဲ့သေးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ညသန်းခေါင်ယံ လျှပ်စစ်မီးများဖြတ်တောက်ကာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများကို ဖယ်ရှားခဲ့သည့် ဖြစ်စဉ်များမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် မန္တလေးတိုင်း သာစည်မြို့၊ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ဩဂုတ်လတွင် ပဲခူးမြို့၊ နိုဝင်ဘာလတွင် ဧရာဝတီတိုင်း ပုသိမ်မြို့နှင့် ယခု တောင်ငူမြို့တို့ အပါအဝင် စုစုပေါင်း ငါးခုအထိ ရှိလာပြီ ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

ဆက်စပ်သတင်းများ

AI Curated