နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM
myanmar||8 MIN READ

နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM

AI Summary

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုဆိုးရွားလာကာ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ၇၆၀ ဦးအထိ အသက်ဆုံးရှုံးခဲ့ကြောင်း NUG က ထုတ်ပြန်ခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေပြီး မကွေးနှင့် မန္တလေးတိုင်းတို့တွင် စစ်ကောင်စီတပ်သားများ သေဆုံး၊ ထိခိုက်မှုများရှိခဲ့သည်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို စစ်အုပ်စုက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး၊ စစ်တပ်အတွင်းမှ ထွက်ပြေးလာသူတစ်ဦးက စစ်မှုထမ်းအများစု ရှေ့တန်းတွင် သေဆုံးနေရကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် ဖမ်းဆီးခံထားရသည့် ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်သည် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ခံရပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် လှုပ်ရှားမှုများလည်း ပေါ်ပေါက်ခဲ့သည်။ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် မင်းအောင်လှိုင်အား အိန္ဒိယအစိုးရက တရားဝင်ခေါင်းဆောင်အဖြစ် ဆက်ဆံနေခြင်းကို APHR က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပြီး၊ အိန္ဒိယ-မြန်မာ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာ ၂ ဘီလီယံကျော်ရှိကြောင်း သိရသည်။ ထို့ပြင် တရုတ်-မြန်မာနယ်စပ်တွင် ပေါက်ကွဲမှုဖြစ်စဉ်တစ်ခုကို တရုတ်အစိုးရက စောင့်ကြည့်နေပြီး၊ တနင်္သာရီတိုင်းတွင် စစ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း KNU က ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေး အစိုးရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ထန်းပင်ကုန်းကြီးကျေးရွာနှင့် ညောင်အိုင်ကျေးရွာအကြားတွင် လစာထုတ်ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ် ရန်နိုင်ကို ဖမ်းဆီးရမိခဲ့ကြောင်း သရက်ခရိုင် အမှတ်(၃) ငါးပြေမတပ်ရင်းက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများသည် အာဏာသိမ်းကာလ ၅ နှစ်အတွင်း ပိုမိုဆိုးရွားလာခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၅,၅၇၈ ကြိမ်အထိ ပြုလုပ်ခဲ့ရာ ကလေးငယ် ၇၆၀ ဦးအထိ အသက်ဆုံးရှုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါးန်ဇွန်မြို့နယ်အတွင်း ဘီယာဆိုင်မှ ပြန်လာသည့် အကြမ်းဖ က်စစ်သား များကို ကင်းပုန်းဝပ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြင်းခြံတိုက်နယ် (၃) နဂါးနီပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။

ပြည်ထောင်စုလွှတ်တော် ဒသမအကြိမ်အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်အညီ ဇွန်လ ၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ် ၁၈၄ ဦး တက်ရောက်ခဲ့ပြီး ယင်းမှာ အစည်းအဝေးတက်ရောက်ခွင့်ရှိသူ စုစုပေါင်းဦးရေ၏ ၆၅ ဒသမ ၂၅ ရာခိုင် နှုန်းရှိကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မြန်မာသံစဉ်တေးသီချင်းများဖြင့် လူသိများသည့် အဆိုတော် မေသက်ထားဆွေ၏ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ငွေလမင်းဖြင့်တင်စားသီဆိုထားသည့် သီချင်းသစ်နှင့် ပတ်သက်၍ လူမှုကွန်ရက်အသုံးပြုသူများအကြား ဝေဖန်ဆွေးနွေးမှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ဟောင်း) ဖြစ်သူ သူရဦးတင်ဦး ကွယ်လွန်ခြင်း နှစ်နှစ်ပြည့် အောက်မေ့ဖွယ်နေ့အဖြစ် ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ ရွှေညဝါတောရ သာသနာပြုကျောင်းတိုက်၌ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခဲ့သည့်အတွက် ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသော မြန်မာဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် သည် ဇွန်လ ၁ ရက်နေ့က မာဆေးလ်မြို့တွင် ကျင်းပ သည့် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ သတင်းလွတ်လပ်ခွင့်ဆုပေးပွဲ အခမ်းအနား တွင် သတ္တိရှင်ဆု (Courage Prize) ချီးမြှင့်ခြင်း ခံခဲ့ရသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်း စည်ပုတ္တရာကျေးရွာရှိ ရွှေလင်းပင် ဘုန်းကြီးကျောင်း ကို စစ်အုပ်စုတပ်ဖွဲ့က အသေခံဒရုန်း လေးစီးဖြင့် တိုက်ခိုက်ခဲ့ရာ၊ ဘုန်းကြီးကျောင်းတွင် ကူညီလုပ်ကိုင် ပေးနေသည့် အမျိုးသားတဦး(အသက် ၇၀ နှစ်) နှင့် အမျိုးသမီးတဦး(အသက် ၆၀ နှစ်) တို့ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန် ၁၉ ရက်တွင် ကျရောက်မည့် ၈၁ နှစ်မြောက် မွေးနေ့အကြိုအဖြစ် “81 for 81” လှုပ်ရှားမှု၌ ပါဝင်ပေးကြရန် သားဖြစ်သူ ကိုထိန်လင်း ခေါ် Kim Aris က ဖိတ်ခေါ် တိုက်တွန်းထားသည်။

မကွေးတိုင်း ပေါက်မြို့နယ် ပုံတောင် နတ်ထိပ်ဒေသသို့ မေလအတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် မဟာမိတ်တပ်ပေါင်းစုများတို့ကြား တိုက်ပွဲ အကြိမ် ၁၀၀ ထက်မနည်းဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိကြောင်း ယောတပ်တော် (YA) နှင့် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) က ယမန်နေ့တွင် ထုတ်ပြန် သည်။

အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းသင်တန်းကျောင်းတစ်ခုလျှင် စစ်မှုထမ်းတပ်သား ၄၀၀ ကျော် သင်တန်းဆင်းသော်လည်း အိမ်သို့ ပြန်နိုင်သူမှာ တစ်ဦးစ၊ နှစ်ဦးစသာရှိပြီး ကျန်ရှိသည့် စစ်မှုထမ်း တပ်သားအများစုမှာ ရှေ့တန်းစစ်မျက်နှာပြင်များတွင် စတေးခံကာ သေဆုံးနေကြရကြောင်း စစ်တပ် အတွင်းမှ ထွက်ပြေးလွတ်မြောက်လာသူ စစ်မှုထမ်းတပ်သား ကိုနေမျိုးထွန်းက ဖွင့်ဟပြောဆိုလိုက်သည်။

အကြမ်းဖက် မင်းအောင်လှိုင်ကို အိန္ဒိယခရီးစဉ်အတွင်း တရားဝင်နိုင်ငံခေါင်းဆောင်တစ်ဦးကဲ့သို့ အိန္ဒိ ယအစိုးရက လက်ခံဆက်ဆံနေခြင်းအပေါ် အာဆီယံလူ့အခွင့်အရေးပါလီမန်အမတ်များအဖွဲ့ (APHR) က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး မြန်မာ စစ်တပ်ကို အသိအမှတ်ပြုထားမှုများကို ချက်ချင်း ပြန်လည်ရုပ်သိမ်းရန် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီကို ဇွန်လ ၁ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် ပလောင် (တအာင်း)အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားသော နမ့်ခမ်းမြို့နယ်၊ ကောင်းတပ် ကျေးရွာ၌ မေလ ၃၁ ရက် နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်စဉ်ကို တရုတ်အစိုးရ အနေဖြင့် အနီးကပ်စောင့်ကြည့်နေကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ လင်ကျန်းက ပြောသည်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်၏ ခလရ (၁၀၁) တပ်ရင်းမှ တပ်သားတစ်ဦးသည် လက်နက်နှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

စစ်ကောင်စီ

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူများ စစ်ဘေးဒဏ်များ ကြုံတွေ့နေရချိန်တွင် စစ်အုပ်စုနှင့် အိန္ဒိယနိုင်ငံကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗစ်ကရမ် မစ်ဆရီက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် အရပ်သားတပိုင်းစစ်အစိုးရအဖွဲ့ခေါင်းဆောင်မင်းအောင်လှိုင်အား အိန္ဒိယဗဟိုဘဏ်ဖြစ်သည့် Reserve Bank of India (RBI) ဥက္ကဋ္ဌ H.E. Shri Sanjay Malhotra က ဇွန်လ ၂ ရက် နံနက်ပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း စစ်အုပ်စုလက်ဝေခံ မီဒီယာဖြစ်သည့် Sky Net One News Media တွင် ဖော်ပြထားသည်။

အာဏာသိမ်းအရပ်သားတပိုင်းစစ်အစိုးရခေါင်းဆောင် မင်းအောင်လှိုင်၏ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွားရောက်နေသည့် အိန္ဒိယခရီးစဉ်အတွင်း ဒေသတွင်းစီးပွားရေးချိတ်ဆက်မှု မြှင့်တင်ရေး ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း (KMMTTC) အပြီးသတ်ရန် အိန္ဒိယဝန်ကြီးချုပ်က တိုက်တွန်း ခဲ့ကြောင်း အာဏာသိမ်းအစိုးရ လက်အောက်ခံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီနှင့် အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်တို့ ယနေ့ တွေ့ဆုံဆွေးနွေးစဉ် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီး ထိန်း သိမ်းထားသည့်ကိစ္စရပ်ကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Vikram Misri က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မော်တော်ယာဉ် စုံမ သတ်မှတ်မှုသည် တကယ့်ပြဿနာဟု လင်းခေးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းစံ (ခ) စိုင်းဆေဟန်က ယနေ့ (ဇွန် ၂ ရက်) ကျင်းပသည့် အတုယောင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် စက်သုံးဆီများ ဈေးနှုန်းမြှင့် တင်ရောင်းချမှုနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းရား၌ ထိုသို့ ထည့်သွင်းပြောဆိုသည်။

သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေးအတွက် ကြီးကြပ်မှုကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းထိန်းကျောင်းရေးနှင့်စပ်လျဉ်းသည့်အဆို အတုယောင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၌ ယနေ့ တင်သွင်းကြောင်း သိရသည်။

ဟန်တာဗိုင်းရပ်စ်ရောဂါနှင့် အီဘိုလာရောဂါတို့ မြန်မာနိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁ ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၁၀ နှစ်ကထက် ဆေးလိပ်သောက်သုံးမှုနှုန်း၊ ကွမ်းယာ အပါအဝင် ဆေးရွက်ကြီးသုံးစွဲမှုနှုန်း လျော့ကျလာသည်ဟု အရပ်သားတပိုင်းစစ်အစိုးရလက်အောက်ခံ ကျန်းမာရေးဝန်ကြီး ပြောသည်။

ဆက်စပ်သတင်းများ

AI Curated
နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၂ ဇွန် ၂၀၂၆ ) - BUR.MIZZIMA.COM | YGN Daily