ထိုင်းတွင် Work permit လုပ်ငန်းစဉ် ကြန့်ကြာနေသဖြင့် အလုပ်သမားများ စိုးရိမ်နေရ
general||5 MIN READ

ထိုင်းတွင် Work permit လုပ်ငန်းစဉ် ကြန့်ကြာနေသဖြင့် အလုပ်သမားများ စိုးရိမ်နေရ

DVB
SourceDVB
Back to News

Photo : DVB

ထိုင်းနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသားလုပ်သားတွေကို စီမံချက်နဲ့ စစ်ဆေးဖမ်းဆီးနေချိန် Work Permit လုပ်ငန်းစဉ် ကြန့်ကြာတာကြောင့် အထောက်အထား အစုံမရှိသေးတဲ့ မြန်မာလုပ်သားတွေ စိုးရိမ်နေကြပါတယ်။

ထိုင်းမှာ မေလဒုတိယပတ်ကစလို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံခြားသား လုပ်သားတွေကို အလုပ်လုပ်ခွင့်လက်မှတ် (Work permit) နဲ့ လက်ရှိ အလုပ်အကိုင် မတူညီတာတွေ၊ ထိုင်းဘက်က ကန့်သတ်ထားတဲ့ အလုပ်တွေမှာ ဝင်ရောက် လုပ်ကိုင်တာတွေကို စီမံချက်အရ ဆက်တိုက်စစ်ဆေး ဖမ်းဆီးနေတာပါ။

ထိုင်းဘက်က လုပ်ငန်းစဉ် ကြန့်ကြာမှုတွေကြောင့် အထောက်အထားရှိပြီးသား အလုပ်သမား တချို့ပါ အထောက်အထားမဲ့ အခြေအနေမျိုး ကြုံနေရတယ်လို့လည်း ထိုင်းရောက် မြန်မာ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

အေအေစီအဖွဲ့မှ အလုပ်သမားအရေး လှုပ်ရှားသူ ကိုရဲမင်းက “ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ Work permit, visa ဒါမျိုးတွေ မပြည့်စုံရင်တော့ အရေးယူ ဖမ်းဆီးခံရရင် ဥပဒေအရ အရေးယူခံရမှာပဲ။ ကျနော်တို့က တရားမဝင် အလုပ်သမားဘဝကနေ ကျွတ်ချင်လို့ ပန်းရောင်ကတ်တွေ လုပ်တယ်။ ပြီးတော့ နောက်ထပ် အဆင့်ဆင့် Work permit တွေ၊ CI စာအုပ်တွေ၊ ဗီဇာတွေ လုပ်တယ်။ ပြီးရင် လက်ရှိ ပန်းရောင်ကတ်မှာဆိုရင် ပြဿနာတက်နေတာက နေထိုင်ခွင့် အထောက်အထားတွေ အချိန်မမီတာတွေ၊ လုပ်ငန်းစဉ် ကြန့်ကြာတာတွေနဲ့ အလုပ်သမားတွေက အထောက်အထားရှိတဲ့ ဘဝကနေ အထောက်အထားမဲ့ ဖြစ်သွားတဲ့သူတွေ ထိုင်းထဲမှာ သိန်းနဲ့ချီ ရှိတယ်။ အဲ့လိုလူတွေက နောက်တခေါက ပန်းရောင်ကတ် (ဘတ်) ရိုက်မဲ့ အချိန် ပြန်စောင့်နေရတယ်။ အဲ့လို ထိုင်းဘက်မှာလည်း အားနည်းချက်တချို့ ရှိတယ်။ ခုလို နေထိုင်ခွင့် အထောက်အထား မပြည့်စုံတာနဲ့အတူ ဒီအကြောင်းအချက်တွေနဲ့ ညှိရင်တော့ ထိုင်းအစိုးရက ဖမ်းမှာပဲ။ ထုံးစံအတိုင်း ဥပဒေနဲ့အရေးယူခံရပြီးရင် ဒါ မြန်မာပြည်ပြန်ပို့ခံရဖို့ ၉၀ ရာခိုင်နှုန်း ရှိတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ Work Permit ကတ်ထုတ်ပေးတာ၊ Non-LA ဗီဇာ ထည့်သွင်းပေးတာနဲ့ သက်တမ်းတိုး လုပ်ငန်းစဉ်တွေမှာ ကြန့်ကြာတာတွေ ရှိတာကြောင့် အထောက်အထား အပြည့်အစုံ မရ‌သေးတဲ့ အလုပ်သမားတွေဟာ စိုးရိမ်နေကြရပါတယ်။

Work Permit ကတ်တွေဟာ သက်တမ်းတနှစ်သာ ရှိပေမဲ့ အလုပ်သမားရဲ့လက်ထဲ ရောက်ဖို့ ၆ လ ကနေ ၉ လောက်အထိ စောင့်ဆိုင်းရပြီး အခုလို စီမံချက်နဲ့ စစ်ဆေးဖမ်းဆီးမှုတွေရှိနေချိန်မှာ အလုပ်သမားတွေဟာ ဖမ်းဆီးခံရမှာကို  စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားတယောက်က “Work permit ကတ်ဆိုလည်း ကတ်သက်တမ်းက တနှစ်ပဲ ရှိတယ်ဆိုတာကို ၉ လလောက်နေမှ ကိုယ့်လက်ထဲ ရောက်တယ်။ ဒီကြားထဲမှာ အကြောင်းအမျိုးမျိုးနဲ့ သူတို့ တုံကင် မရတာတို့၊ Que မရတာတို့ အကြောင်းပြချက်မျိုးစုံ ပေးပြီး နှစ်တိုင်းလိုလိုတော့ ကတ်တွေ မရဘူး။ ကိုယ့်မှာရှိတဲ့ အထောက်အထားနဲ့ပဲ အဆင်ပြေသလို နေနေရတာပေါ့။ သူတို့ သွားပြီးလည်း ပြဿနာရှာလို့ မရဘူး။ ဘာလို့ Work permit ကတ်တွေ မရသေးတာလည်း မေးရင် လူတွေများလို့ စောင့်ရမယ် ဘာညာနဲ့ အဲ့ပြဿနာတော့ နှစ်တိုင်း ကြုံနေရတယ်။ အဲ့ကျတော့ တကယ့်တကယ် အခုလို စီမံချက်ကာလ သတင်းတွေထွက်ရင် အလုပ်သမားတွေက သတိထားနေရတာပေါ့။ အဲ့ကြားထဲမှာမှ ကံဆိုးတဲ့သူက ဖမ်းဆီးခံရတာ ဖြစ်နိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ဘာမှလည်း တတ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး။ ပန်းရောင်ကတ်ဆိုရင်လည်း မရသေးဘူး။ ကိုယ့်ရဲ့ ဗီဇာသက်တမ်းက ကုန်တော့မယ် ၅ လကျော် ဝန်းကျင်ပဲ ကျန်တော့တယ်။ အဲ့လို ပြဿနာတွေ အများကြီး ရှိတယ်” လို့ ပြောပါတယ်။

အလုပ်သမားအရေး ဆောင်ရွက်သူတွေက အခုလို ဖမ်းဆီးခံရမှုတွေ လျော့နည်းစေဖို့ Work Permit နဲ့ ဗီဇာထုတ်ပေးရေး လုပ်ငန်းစဉ်တွေကို အမြန်ဆုံးဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရထံ တင်ပြ ထား တယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသားတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို မေလအစပိုင်းကစပြီး ၃ လ စီမံချက်နဲ့ စစ်ဆေးဖမ်းဆီးနေရာ တပတ်အတွင်း မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင် ဖမ်းဆီးခံခဲ့ရပြီး၊ ဖေဖော်ဝါရီကနေ မေလအတွင်း ဖမ်းဆီးခံရတဲ့ မြန်မာအရေအတွက် ၁,၀၀၀ ကျော် ရှိတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။

ဆက်စပ်သတင်းများ

AI Curated
ထိုင်းတွင် Work permit လုပ်ငန်းစဉ် ကြန့်ကြာနေသဖြင့် အလုပ်သမားများ စိုးရိမ်နေရ | YGN Daily