ဦးထုပ်အနက်ဆောင်း ခရိုနီကြီး မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း လူရှေ့ပြန်ထွက်လာ
politics||8 MIN READ

ဦးထုပ်အနက်ဆောင်း ခရိုနီကြီး မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း လူရှေ့ပြန်ထွက်လာ

AI Summary

မြန်မာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ရာမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့နှစ်ဦးသည် နယူးဒေလီနှင့် မွမ်ဘိုင်းမြို့များရှိ နိုင်ငံအဆင့်အခမ်းအနားများနှင့် စီးပွားရေးတွေ့ဆုံပွဲများတွင် အတူတကွ ပါဝင်ခဲ့ကြပြီး ယခင်က ကောလာဟလသာဖြစ်ခဲ့သော နီးစပ်သည့်ဆက်ဆံရေးကို လူသိရှင်ကြားပြသခဲ့သည်။ မင်းအောင်လှိုင်သည် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များကို မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သော်လည်း၊ မြန်မာနိုင်ငံ၏ မတည်ငြိမ်သော အခြေအနေနှင့် နယ်စပ်ဒေသများတွင် စစ်တပ်ထိန်းချုပ်မှုမရှိခြင်းကြောင့် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာရန် မဖြစ်နိုင်ကြောင်း အကဲဖြတ်များက သုံးသပ်ကြသည်။ ဤခရီးစဉ်သည် မင်းအောင်လှိုင်၏ ပထမဆုံးပြည်ပခရီးစဉ်ဖြစ်ပြီး၊ ၎င်းနှင့် ဦးအောင်ကိုဝင်းတို့၏ ဆက်ဆံရေးသည် သာမန်စီးပွားရေးမိတ်ဖက်အဆင့်ထက် ကျော်လွန်ကြောင်း စစ်တပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဦးအောင်ကိုဝင်းသည် မြန်မာနိုင်ငံ၏ ဩဇာအရှိဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးများအနက် တစ်ဦးဖြစ်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အလွန်ရင်းနှီးသည့် ခရိုနီအဖြစ် အများက တညီတညွတ်တည်း လက်ခံထားကြသည်။ ကမ္ဘောဇအုပ်စုကို တည်ထောင်သူဖြစ်သည့် ၎င်းအား ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီကာလများက စစ်ဘက် ထိပ်သီးခေါင်းဆောင်များနှင့်အတူ မကြာခဏ တွဲဖက်တွေ့မြင်ခဲ့ရသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ နိုင်ငံရေးအခမ်းအနားများတွင် ပေါ်ထွက်လာခြင်း မရှိသလောက် နည်းပါးကာ အများပြည်သူ မြင်ကွင်းတွင် လုံးဝပျောက်ကွယ်နေခဲ့သည်။

သို့သော်လည်း လွန်ခဲ့သည့် သီတင်းပတ်က မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ဦးအောင်ကိုဝင်းကို  ပြန်လည် သတိပြုမိခဲ့ကြသည်။

၎င်း၏ထုံးစံအတိုင်း ဦးထုပ်အနက်ဆောင်းကာ ပွဲတက်လေ့ရှိသည့် ဦးအောင်ကိုဝင်းသည် နယူးဒေလီနှင့် မွမ်ဘိုင်းမြို့များတွင် ကျင်းပခဲ့သော နိုင်ငံအဆင့်အခမ်းအနားများနှင့် စီးပွားရေးတွေ့ဆုံပွဲများ၌ စစ်ခေါင်းဆောင်၏ ဘေးတွင် အရိပ်လို ကပ်ပါနေခဲ့သည်။ တချိန်က ကောလာဟလလိုသာ ဖြစ်နေခဲ့သည့် ၎င်းနှင့်မင်းအောင်လှိုင်တို့၏ ဆက်ဆံရေးကို လူမြင်ကွင်းတွင် ရှားရှားပါးပါး သက်သေပြသလိုက်ခြင်းလည်း ဖြစ်သည်။

ဦးအောင်ကိုဝင်းသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး စီးပွားရေး အင်ပါယာကြီးတစ်ခုကို တည်ထောင်ခဲ့သော်လည်း စစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပေါ်ပေါ်ထင်ထင် တွဲထွက်လေ့မရှိခဲ့သူဖြစ်ရာ ယခုလို မင်းအောင်လှိုင်နှင့်အတူ တွဲ၍ ပွဲတက်ခဲ့ခြင်းသည် အထူးပင် ထူးခြားထင်ရှားနေသည်။

၎င်း၏ ကမ္ဘောဇအုပ်စုတွင် ဘဏ်လုပ်ငန်းမှသည် လေကြောင်းလိုင်း၊ သတ္တုတွင်း၊ ကျောက်စိမ်း၊ အာမခံနှင့် အခြားကဏ္ဍပေါင်းစုံအထိ ပါဝင်ပြီး ဆယ်စုနှစ်နှင့်ချီ ကြာခဲ့သော စစ်အုပ်ချုပ်ရေးနှင့်အတူ ယှဉ်တွဲကြီးထွားလာသော စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုကို ထူထောင်နိုင်ခဲ့သူဖြစ်သည်။

ကျောင်းဆရာဘဝမှသည် နိုင်ငံ၏ ဩဇာအရှိဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်လာသည့် ဦးအောင်ကိုဝင်းသည် နဝတ/နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၊ ၎င်း၏ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်းမောင်အေး အပါအဝင် ခေတ်အဆက်ဆက် စစ်အာဏာပိုင်များနှင့် နီးကပ်သော ဆက်ဆံရေးများကြောင့် အရှင်မွေးနေ့ချင်းကြီး အခြေအနေသို့ တည့်တည့်မတ်မတ်ဆိုက်ရောက်နိုင်ခြင်းလည်း ဖြစ်သည်။

ဇွန်လ ၃ ရက်တွင် မွမ်ဘိုင်း၌ကျင်းပသည့် မြန်မာ-အိန္ဒိယစီးပွားရေးတွေ့ဆုံညှိနှိုင်းပွဲသို့ တက်ရောက်လာသည့် ဦးအောင်ကိုဝင်းကို ၎င်း၏ ထုံးစံ ဦးထုပ်အနက်ဆောင်းလျက် တွေ့ရစဉ်။ ထို တွေ့ဆုံပွဲတွင် မင်းအောင်လှိုင်က အိန္ဒိယစီးပွားရေးထိပ်ပိုင်းဦးဆောင်သူများကို မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ကြားခဲ့သည်။ (ဓာတ်ပုံ- စစ်တပ်ထိန်းချုပ်မြဝတီ)

ဦးအောင်ကိုဝင်းအပြင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်တွင် KT Services & Logistics လုပ်ငန်းစု တည်ထောင်သူ ဂျော်နသန်မျိုးကျော်သောင်းလည်း လိုက်ပါခဲ့ပြီး ၎င်းအား ဦးအောင်ကိုဝင်း၏ အနီးကပ် လုပ်ဖော်ကိုင်ဖက်နှင့် လူယုံ (Proxy) အဖြစ် မြန်မာ့စီးပွာရေးလောကသား အများအပြားက ယူဆထားကြသည်။

KT Services & Logistics ကုမ္ပဏီသည် စစ်တပ်အား စစ်လက်နက်ပစ္စည်းဝယ်ယူဖြည့်တင်းနိုင်ရန် ပံ့ပိုးကူညီခဲ့သည်ဟူသော စွပ်စွဲချက်များဖြင့် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုကို ခံခဲ့ရသည်။ အမေရိကန်က ၂၀၂၅ ခုနှစ်တွင် ၎င်းနှင့် ဆက်စပ်ကုမ္ပဏီအချို့အပေါ် ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ရုပ်သိမ်းပေးခဲ့သော်လည်း လူ့အခွင့်အရေးအဖွဲ့များကမူ မြန်မာစစ်ဘက်ယန္တရားနှင့် ၎င်း၏ စီးပွားရေးဆိုင်ရာ ပတ်သက်မှုများကို ဆက်လက်စောင့်ကြည့်လျက်ရှိသည်။

မင်းအောင်လှိုင်နှင့် ဦးအောင်ကိုဝင်းတို့အကြား ဆက်ဆံရေးသည် သာမန်စီးပွားရေး မိတ်ဖက် အဆင့်ထက် များစွာကျော်လွန်ကြောင်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) မှ အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိတစ်ဦးက Myanmar Now သတင်းဌာနကို ပြောသည်။

နိုင်ငံ၏ ငွေကြေး အကျပ်အတည်းများနှင့် ဘဏ်အပ်ငွေများ အလုအယက် ပြန်လည်ထုတ်ယူကြသည့်                   ကာလများအတွင်း စစ်တပ်ပိုင် မြဝတီဘဏ်သည် တရားဝင် ချေးငွေသဘောတူညီချက်များမရှိဘဲ ကမ္ဘောဇဘဏ်ကို ငွေသားအကူအညီ ထပ်ခါတလဲလဲ ပေးခဲ့ကြောင်း ၎င်းအရာရှိက ပြောသည်။ ထို့အပြင် မင်းအောင်လှိုင်သည် ရှမ်းပြည်နယ်တောင်ပိုင်းသို့ သွားရောက်သည့် ခရီးစဉ်တိုင်းတွင် ဦးအောင်ကိုဝင်း၏ နေအိမ်သို့ မကြာခဏ သွားရောက်လည်ပတ်လေ့ရှိကြောင်းလည်း ထိုအရာရှိက ပြောသည်။

ဇွန်လ ၃ ရက်တွင် မွမ်ဘိုင်းမြို့၌ ကျင်းပခဲ့သည့် မြန်မာ- အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ (Myanmar- India Business Dialogue)တွင် ဦးအောင်ကိုဝင်းနှင့် ဂျော်နသန်မျိုးကျော်သောင်းတို့သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အတူ တက်ရောက်ခဲ့ကြပြီး အဆိုပါပွဲသို့ ဧရာဟင်္သာလုပ်ငန်းစု တည်ထောင်သူ ဦးဇော်ဝင်းရှိန်နှင့် 24 Hour Group တည်ထောင်သူ ဦးအောင်အောင်ဇော်လတ် အပါအဝင် အခြားထင်ရှားသည့် ခရိုနီကြီးများလည်း တက်ရောက်ခဲ့ကြသည်။

ယခုခရီးစဉ်သည် အငြင်းပွားဖွယ် ရွေးကောက်ပွဲမှတဆင့် ကိုယ့်ကိုယ်ကိုယ် သမ္မတပြန်ခန့်အပ်ခဲ့သူ မင်းအောင်လှိုင်၏ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်သည်။

ခရီးစဉ်တစ်လျှောက်လုံးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က မြန်မာနိုင်ငံသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာရှိသော နိုင်ငံဖြစ်ကြောင်း ဂုဏ်တင်ပြောဆိုခဲ့ပြီး လက်ရှိ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့်ရှိသော နှစ်နိုင်ငံကုန်သွယ်မှုကို ကာလတိုအတွင်း ကန်ဒေါ်လာ သုံးဘီလီယံအထိလည်းကောင်း၊ ရေရှည်တွင် ကန်ဒေါ်လာ ငါးဘီလီယံအထိလည်းကောင်း မြှင့်တင်ရန် မျှော်လင့်ကြောင်း အိန္ဒိယရုပ်သံလိုင်းတစ်ခုဖြစ်သည့် DD India နှင့် အင်တာဗျူးတွင် ပြောခဲ့သည်။

၎င်းက စိုက်ပျိုးရေး၊ သစ်တောထွက်ပစ္စည်း၊ သတ္တုတွင်းထွက်များ၊ ရော်ဘာနှင့် အခြားကုန်ကြမ်းများ တင်ပို့နိုင်မည့် အခွင့်အလမ်းများကို အသားပေးပြောကြားခဲ့ပြီး သတင်းအချက်အလက်နည်းပညာနှင့် ဒီဂျစ်တယ်အခြေခံအဆောက်အဦ ကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။ ထို့အပြင် မင်းအောင်လှိုင်က အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းကို အသားပေး ပြောဆိုရင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာလျှင် မြန်မာနိုင်ငံသည် အိန္ဒိယနှင့် အရှေ့တောင်အာရှကို ချိတ်ဆက်ပေးမည့် တံခါးပေါက်တစ်ခု ဖြစ်လာနိုင်သည်ဟု ဆိုသည်။

အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာမိုဒီကလည်း နောက်ပိုင်းတွင် ကုန်သွယ်ရေး၊ ရေကြောင်းလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် မြေရှားသတ္တု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူညီချက်များကို ကြေညာခဲ့သည်။

သို့သော် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုများ ရှိခဲ့လင့်ကစား ယခုခရီးစဉ်ကြောင့် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာရန် မဖြစ်နိုင်ကြောင်း အကဲဖြတ်လေ့လာသူများက သုံးသပ်ကြသည်။

အဓိကအကြောင်းအရင်းသည် အိန္ဒိယ-မြန်မာနယ်စပ် ဒေသအချို့အပါအဝင် မြန်မာနိုင်ငံ၏ ဒေသအတော်များများကို စစ်တပ်က ထိန်းချုပ်ထားစိုးမိုးထားနိုင်ခြင်း မရှိဘဲ  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများကသာ နယ်စပ်ဒေသတစ်လျှောက်တွင် ခိုင်မာစွာ ခြေကုပ်ယူထားနိုင်သောကြောင့် ဖြစ်သည်။

ဆက်စပ်သတင်းများ

AI Curated
ဦးထုပ်အနက်ဆောင်း ခရိုနီကြီး မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း လူရှေ့ပြန်ထွက်လာ | YGN Daily