
AI Summary
စစ်အုပ်စုပိုင် မီဒီယာများက အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် ၅ ဦးနှင့် ကျောင်းသားလက်ရုံးတပ် (SAF) မှ ၁ ဦး၊ စုစုပေါင်း ၆ ဦးသည် လက်နက်မဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြောင်း ဝါဒဖြန့်သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းတို့အား ကြိုဆိုပွဲကို ဇွန်လ ၈ ရက်နေ့တွင် စစ်တွေမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်နယ်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးအပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ သို့သော် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ အမည်၊ ကိုယ်ပိုင်နံပါတ်နှင့် တပ်ရင်းအမည်များကိုမူ ဖော်ပြထားခြင်းမရှိပေ။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ၎င်းတို့အား ဆုကြေးငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ တိုင်းမှူးက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအား လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများ ယူဆောင်လာပါက ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း မက်လုံးပေး ပြောကြားခဲ့သည်။
နိရဉ္စရာ၊ ဇွန် ၉/၂၀၂၆
အာဏာသိမ်း စစ်အစိုးရထိန်းချုပ်ထားသည့် စစ်တွေတွင် ကိုယ်ပိုင်နံပတ်မရှိ၊ တပ်ရင်းအမည်ကို မသိသော အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင် ၅ ဦးသည် ကျောင်းသားလက်ရုံးတပ် (SAF) မှအမျိုးသား၁ဦးနှင့်အတူ လက်နက်မဲ့ ဥပဒေဘောင်အတွင်း ဝင်လာသည်ဟု စစ်အုပ်စုပိုင် မီဒီယာများမှ ဝါဒဖြန့်သတင်းထုတ်ပြန်လာသည်။
၎င်းတို့မှာ မင်းပြားမြို့နယ်မှအမျိုးသား၁ဦး၊ပေါက်တောမြို့နယ်မှအမျိုးသား၁ဦး၊ပုဏ္ဏားကျွန်းမြို့နယ်မှအမျိုးသား၂ဦး၊အမ်းမြို့နယ်မှအမျိုးသား၁ဦးနှင့်စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်မှအမျိုးသား၁ဦးတို့ဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။
သို့သော်လည်း အဆိုပါအမျိုးသားများ၏ အမည်၊ ကိုယ်ပိုင်နံပတ်၊ တပ်ရင်းအမည်စသည်တို့ကို ဖော်ပြထားခြင်းမရှိသည်ကို တွေ့ရှိရသည်။
၎င်းတို့အား ကြိုဆိုပွဲအား ဇွန်လ ၈ ရက် နံနက်ပိုင်းတွင်AA သိမ်းပိုက်ပြီးနောက် အမ်းမြို့ကနေ စစ်တွေသို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊တပ်နယ်ခန်းမ၌ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
၎င်းအခမ်းအနားသို့ အကြမ်းဖက် စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်သူ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးနိုင်ဦး၊နပခ တိုင်းမှူးသစ်ဗိုလ်မှူးချုပ်ကျော်ဇော၊ကြံ့ဖွံ့ရခိုင်ပြည်နယ်ဥက္ကဋ္ဌလည်းဖြစ်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစန်းရွှေတို့လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။
၎င်းပြင် စစ်အုပ်စု၏ ဌာနဆိုင်ရာတာဝန်ရှိသူများ၊အရာရှိ၊စစ်သည်၊မိသားစုဝင်များ၊ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့်၎င်းတို့၏မိဘအုပ်ထိန်းသူများတက်ရောက်ကြသည်ဟု ဆိုသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့ကဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူများအားဆုကြေးငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ပြီးဝန်ခံကတိလက်မှတ်ရေးထိုးစေကာမိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။
အခမ်းအနားတွင် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လိုသူများအား လိုအပ်သည့်ကူညီထောက်ပံ့မှုများပေးအပ်သွားမည်ဖြစ်ကြောင်းနှင့်လက်နက်/ခဲယမ်းများ ယူဆောင်လာပါက ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်းတိုင်းမှူးက မက်လုံးပေး ပြောကြားခဲ့သည်ဟု သိရသည်။