
AI Summary
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မင်းမရွာတွင် မွေးရာပါ စိတ်ဝေဒနာရှင် မောင်ကျော်နိုင်ဝင်း (ခေါ်) ဘားဘား အမည်ရှိ အမျိုးသားတစ်ဦးကို စစ်တပ်က သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောကြားသည်။ ဇွန်လ ၂ ရက်နေ့တွင် ၎င်း၏အလောင်းကို ရွာအနောက်ပိုင်းရှိ ဗုံးခိုကျင်းထဲမှ လက်ပြန်ကြိုးတုပ်ကာ လည်ပင်းဓားလှီးခံထားရသည့် အခြေအနေဖြင့် တွေ့ရှိခဲ့ရသည်။ စစ်တပ်သည် ကနီမြို့ပေါ်ရှိ အစိုးရရုံးဌာနများ ပြန်လည်ဖွင့်လှစ်နိုင်ရန် နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေး ကြိုးပမ်းနေပြီး ဧပြီ ၂၈ ရက်မှစ၍ ကနီနယ်တောင်ခြမ်းကို ထိုးစစ်ဆင်နေခြင်းကြောင့် ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူသည် စကားမပြောတတ်ဘဲ "ဘားဘား" ဟူသော စကားတစ်လုံးသာ ပြောတတ်သည့် မွေးရာပါ စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ပြီး ၎င်း၏ဆွေမျိုးများက စစ်တပ်၏ လုပ်ရပ်ကို လုံးဝမတရားဟု ရှုတ်ချပြောဆိုသည်။ ဤထိုးစစ်များကြောင့် ကနီတောင်ခြမ်းကျေးရွာများမှ ဒေသခံပြည်သူများသည် တစ်လကျော်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သမင်ခြံအုပ်စု၊ မင်းမရွာက မွေးရာပါ စိတ်ဝေဒနာရှင် အမျိုးသားတယောက်ကို စစ်တပ်က သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံရွာသားတယောက်က “အလောင်းတွေ့တာက ဒီနေ့ ဇွန်လ ၂ ရက်နေ့ မနက်ခင်းပိုင်းမှာ ရွာအနောက်ပိုင်းက ဦးမန်းစိန်ရဲ့ အိမ်ဝန်းထဲက ဗုံးခိုကျင်းထဲက တွေ့ခဲ့တာ။ လက်ကို နောက်ပြန်ကြိုးတုပ်ပြီး လည်ပင်းကို ဓားနဲ့ လှီးသတ်တာ။ သတ်ထားတဲ့အလောင်းကို ဗုံးခိုကျင်းထဲ ထည့်ပစ်ထားခဲ့တာ” လို့ ပြောပါတယ်။
သတ်ဖြတ်ခံရသူဟာ မင်းမရွာက ဦးထွန်းကြည်၊ ဒေါ်တင်ရ တို့ရဲ့သား မောင်ကျော်နိုင်ဝင်း ခေါ် ဘားဘား ဖြစ်ပြီး အသက် ၃၈ နှစ်ဝန်းကျင် ဖြစ်တယ်လို့လည်း သိရပါတယ်။
သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူတယောက်က “မွေးရာပါ စိတ်မနှံ့တဲ့ စိတ်ဝေဒနာရှင်သည်လေးပါဗျာ။ သူ့ခမျာ သိုက်ကလာတဲ့သူလိုလို ကလေးပါ။ စကားလည်း မပြောတတ်ဘူးရယ်။ သူပြောတတ်တာ ဘားဘား ဆိုတဲ့ စကားတလုံးပဲ ပြောတတ်တာ။ အဲဒါကြောင့် သူ့ကို ဘားဘားလို့ တရွာလုံးက ခေါ်ကြတာ။ စိတ်ကို မကောင်းပါဘူးဗျာ။ သူ့မှာ ဘာအပြစ်ရှိလို့ စစ်တပ်ကလူတွေက သတ်ကြတာလဲ။ ဒါ လုံးဝမတရားဘူးဗျာ။ လုံးဝမကျေနပ်ဘူး” လို့ ပြောပါတယ်။
စစ်တပ်ကတော့ ကနီမြို့ပေါ်မှာ အစိုးရရုံးဌာနတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ နယ်မြေစိုးမိုးမှု ပြန်လည်ရရှိဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
အခုလို နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် ဧပြီ ၂၈ ရက်က စတင်ပြီး ကနီနယ် တောင်ခြမ်းကို ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။
အခုလို ထိုးစစ်ဆင်နေတာကြောင့် ကနီတောင်ခြမ်း ကျေးရွာတွေက ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ နေကြရတာဟာ တလကျော် ကြာနေပြီလည်း ဖြစ်ပါတယ်။