
မြဝတီရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း တွင် အဓမ္မခိုင်းစေခံရသည့် ရုရှားသူကို ကယ်ဆယ်နိုင်ခဲ့ဟု ရုရှားသံရုံးထုတ်ပြန် - BUR.MIZZIMA.COM
AI Summary
မြဝတီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းခွင်တစ်ခုတွင် အတင်းအဓမ္မစေခိုင်းခံနေရသည့် ရုရှားနိုင်ငံသူတစ်ဦးကို ဇွန်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံး၊ ရုရှားပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ကယ်ဆယ်နိုင်ခဲ့သည်။ အဆိုပါ ရုရှားအမျိုးသမီးသည် ဧပြီလက ပြည်ပအလုပ်အကိုင် ကမ်းလှမ်းချက်ကို လက်ခံပြီးနောက် ထိုင်းမှတစ်ဆင့် ရန်ကုန်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူမအား မြဝတီသို့ ခေါ်ဆောင်သွားပြီး ကိုယ်ထိလက်ရောက် အကြမ်းဖက်မည်ဟု ခြိမ်းခြောက်ကာ အွန်လိုင်းငွေလိမ်လည်မှုများ လုပ်ကိုင်ခိုင်းစေခဲ့ခြင်းဖြစ်သည်။ ဇွန်လဆန်းပိုင်းတွင် သူမသည် ရုရှားသံရုံးသို့ အကူအညီတောင်းခံနိုင်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ရုရှားသံရုံးနှင့် ဆက်သွယ်မှု ရရှိထားသည်။ သူမအား ရုရှားနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန်အတွက် ဘန်ကောက်ရှိ ရုရှားသံရုံးဝန်ထမ်းများ၏ အကူအညီဖြင့် ထိုင်းနိုင်ငံ နယ်နိမိတ်ကို ဖြတ်ကျော်ကာ လေကြောင်းခရီးစဉ် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ရုရှားသံရုံးက အရှေ့တောင်အာရှဒေသတွင် အလုပ်အကိုင်ရှာဖွေရာ၌ သတိပြုကြရန်နှင့် မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် Work Visa မဖြစ်မနေလိုအပ်ကြောင်း ၎င်းတို့နိုင်ငံသားများကို သတိပေးထားသည်။
ဇွန် ၉
မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းခွင်တခုတွင် အတင်းအဓမ္မ စေခိုင်းခံနေရသည့် ရုရှားနိုင်ငံသူကို ဇွန်လ ၆ ရက်နေ့တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးက သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံး၊ ဗီယက်နမ်နိုင်ငံအခြေစိုက် (မြန်မာနှင့် လာအိုနိုင်ငံတို့တွင်လည်း ပူးတွဲတာဝန်ယူထားသည့်) ရုရှားပြည်ထဲရေးဝန်ကြီးဌာန ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ကယ်ဆယ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရုရှားအမျိုးသမီးသည် ပြီးခဲ့သည့် ဧပြီလအတွင်းက ပြည်ပတွင် အလုပ်အကိုင်ရရှိမည်ဟူသော ကမ်းလှမ်းချက်ကို လက်ခံပြီးနောက် ထိုင်းနိုင်ငံမှတဆင့် ရန်ကုန်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် သူမအား မြဝတီခရိုင်သို့ ခေါ်ဆောင်သွားပြီး ကိုယ်ထိလက်ရောက် အကြမ်းဖက်မည်ဟု ခြိမ်းခြောက်ကာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများကို အတင်းအကျပ် လုပ်ကိုင်ခိုင်းစေခဲ့ကြောင်း ရုရှားသံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇွန်လဆန်းပိုင်းတွင် အဆိုပါ ရုရှားအမျိုးသမီးသည် ရန်ကုန်မြို့ရှိ ရုရှားသံရုံးကိုယ်စားလှယ်အဖွဲ့ထံသို့ ဆက်သွယ်ပြီး ၎င်းအား ကယ်ဆယ်ပေးရန် အကူအညီ တောင်းခံနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သူမသည် မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီး ရုရှားသံရုံးဘက်နှင့် ဆက်သွယ်မှု ရရှိထားကြောင်း သိရသည်။
၎င်းအား ရုရှားနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန်အတွက် ဘန်ကောက်မြို့ရှိ ရုရှားသံရုံးဝန်ထမ်းများ၏ ကူညီမှုဖြင့် ထိုင်းနိုင်ငံ နယ်နိမိတ်ကို ဖြတ်ကျော်ကာ လေကြောင်းခရီးစဉ် ရက်ညှိနှိုင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှားသံရုံးက ဆိုသည်။
ရုရှားသံရုံးအနေဖြင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများတွင် အလုပ်အကိုင်ရှာဖွေရာ၌ သတိပြုကြရန် ရုရှားနိုင်ငံသားများကို ထပ်မံသတိပေးထားပြီး မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ရန်အတွက် အလုပ်သမားဗီဇာ (Work Visa) ရှိရန် မဖြစ်မနေ လိုအပ်ကြောင်းနှင့် အလုပ်ရှင်က ဗီဇာလုပ်ပေးမည်ဟု ပြောဆိုခြင်းသည် ၎င်းတို့၏ ရိုးသားမှုကို အာမမခံနိုင်ကြောင်း သတိပေးချက်တွင် ထည့်သွင်းဖော်ပြထားသည်။
စာတည်း။ ။ အောင်ကျော်ဖြိုး