
‘မီးရှို့ရုံမျှဖြင့် ငြိမ်းချမ်းရေးမရနိုင်’ ဟု မင်းအောင်လှိုင်ကို မဘသ ဘုန်ကြီးသတိပေး
AI Summary
မဘသ ဘုန်းကြီး ဦးပါမောက္ခက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို 'မီးရှို့ရုံမျှဖြင့် ငြိမ်းချမ်းရေးမရနိုင်' ဟု သတိပေးပြီး အညာဒေသတွင် စစ်တပ်၏ ရွာစဉ်လှည့် မီးရှို့သတ်ဖြတ်မှုများ အမြန်ဆုံး ရပ်တန့်ရန် မေလ ၂၉ ရက်နေ့တွင် TikTok မှတဆင့် တောင်းဆိုခဲ့သည်။ စစ်တပ်၏ စစ်ကြောင်းထိုးကာ ရွာများမီးရှို့ဖျက်ဆီးမှုများကြောင့် ပခုက္ကူ၊ မြစ်ခြေ၊ ညောင်ဦး၊ မြင်းခြံမြို့နယ်များမှ ပြည်သူများ အကြီးအကျယ် စိတ်ဆင်းရဲဒုက္ခရောက်နေရကြောင်း ၎င်းက ထောက်ပြခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါ TikTok ဗီဒီယိုကို ဖယ်ရှားရန် တောင်းဆိုမှုများကြောင့် ပြန်လည်ဖယ်ရှားခဲ့ရသည်ဟု ဦးပါမောက္ခက ပြောကြားခဲ့သည်။ ၎င်း၏ ဝေဖန်ချက်သည် မင်းအောင်လှိုင် ဗုဒ္ဓဂယာတွင် ဘုရားဖူးနေချိန်နှင့် တိုက်ဆိုင်နေပြီး၊ စစ်တပ်၏ စစ်ဆင်ရေးများမှာလည်း နှစ်လအတွင်း ပိုမိုပြင်းထန်လာဆဲဖြစ်သည်။ စစ်တပ်၏ မီးရှို့မှုများကြောင့် ငါးနှစ်တာအတွင်း လူနေအိမ် တစ်သိန်းကျော် ပျက်စီးခဲ့ရပြီး၊ ဦးပါမောက္ခက PDF နှင့် ပျူစောထီးများကိုပါ ဝေဖန်ခဲ့သည်။
‘မီးရှို့ရုံမျှဖြင့် ငြိမ်းချမ်းရေးမရနိုင်’ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူသိများသည့် မဘသ ဘုန်းကြီး ဦးပါမောက္ခက သတိပေးလိုက်ပြီး အညာဒေသတွင် စစ်တပ်၏ ရွာစဉ်လှည့် မီးရှို့သတ်ဖြတ်မှုများ အမြန်ဆုံး ရပ်တန့်ရန်လည်း တောင်းဆိုလိုက်သည်။
ဦးပါမောက္ခသည် ပြီးခဲ့သည့် မေလ ၂၉ ရက်တွင် Tik Tok လူမှုကွန်ရက်မှတဆင့် ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
နှစ်မိနစ်နီးပါးကြာသည့် TikTok ရုပ်သံတွင် “အညာဒေသတွင် စစ်ကြောင်းထိုးသည်ဟုဆိုကာ ရွာတွေကို ဆက်တိုက်မီးရှို့နေသည်ကို တွေ့ရှိရပါသည်”ဟု ဦးပါမောက္ခကအစချီပြီး “သက်ဆိုင်ရာ နိုင်ငံတော်အကြီးအကဲ အနေဖြင့် မီးရှို့ရုံမျှဖြင့် ငြိမ်းချမ်းရေးမရနိုင်ပါ”၊ “ စစ်ကြောင်းထိုးပြီးတော့ ရွာတွေကို မီးရှို့ခြင်းကိစ္စကို ရပ်ပေးပါ”
“မီးရှို့တာတွေ၊ စစ်ကြောင်းထိုးတာတွေကို အမြန်ဆုံးရပ်ပေးပါ။ အခုဟာက အကုန်လုံး လူမှန်သမျှ၊ မိသားစုမှန်သမျှ စိတ်ဆင်းရဲနေရပါတယ်” စသဖြင့် မိန့်ကြားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့ တရားရုံးတစ်ခုအနီး၌ တွေ့ရသည့် ဦးပါမောက္ခ။ (ဓာတ်ပုံ – Myanmar Now)
ဗုဒ္ဓဘာသာအများစုနေထိုင်ရာ နိုင်ငံအလယ်ပိုင်း အညာဒေသရှိ ပခုက္ကူ၊ မြစ်ခြေ၊ ညောင်ဦး၊ မြင်းခြံမြို့နယ်များတွင် စစ်တပ်လက်ချက်ကြောင့် နေအိမ်များ မီးရှို့ခံနေရသည်ကို လိုင်းပေါ်တွင် တွေ့ရှိရကြောင်းလည်း ဦးပါမောက္ခက ဆက်လက် မိန့်ကြားသည်။
နောက်ပိုင်းတွင် ဦးပါမောက္ခသည် အဆိုပါရုပ်သံကို Tik Tok မှပြန်လည်ဖယ်ရှားပစ်ခဲ့သည်။
အဆိုပါရုပ်သံကို Tik Tok မှပြန်လည်ဖြုတ်ချပေးရန် တောင်းဆိုမှုများရှိလာသဖြင့် ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ဦးပါမောက္ခက Myanmar Now ကို ယနေ့(ဇွန်လ ၃ ရက်) တွင်ပြောသည်။ သို့သော်မည်သူက ဖြုတ်ချခိုင်းသည်ဆိုသည်ကိုတော့ မိန့်ကြားခြင်းမရှိပါ။
ပြန်လည်ဖြုတ်ချခဲ့ရသည့် Tik Tok ရုပ်သံတွင် ရွာစဉ်လှည့် မီးရှို့မှုများအတွက် စစ်တပ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဝေဖန်ခဲ့သော်လည်း Myanmar Now က လျှောက်ထားမေးမြန်းချိန်တွင် စစ်တပ်ဖွဲ့စည်းပေးထားသည့် ပျူစောထီးပြည်သူ့စစ်နှင့် PDF များကိုလည်း ဦးပါမောက္ခက ထည့်သွင်းဝေဖန်မိန့်ကြားခဲ့သည်။
“မြန်မာနိုင်ငံကို အေးချမ်းချင်တဲ့ ဆန္ဒသာ ရှိပါတယ်။ PDF ရဲ့ မစင်ကလည်း နံပါတယ်။ တပ်မတော်ရဲ့ မစင်ကလည်း နံပါတယ်။ ဒါကြောင့် ပြည်သူတွေ ဒုက္ခမရောက်စေချင်လို့ ဘုန်းကြီးက ပြောဆိုခြင်းသာ ဖြစ်ပါတယ်” ဟု ဦးပါမောက္ခက Myanmar Now ကိုမိန့်သည်။
ဦးပါမောက္ခသည် ၂၀၁၃ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည့် ‘မဘသ’ ဟုလူသိများသော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့တွင် ဦးဝီရသူနည်းတူ လူသိများသည်။
သူသည် မူဆလင်မုန်းတီးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရပြုတ်ကျရေးတို့ကို တစိုက်မတ်မတ် ဦးဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးရှေ့၌ ရိုဟင်ဂျာဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ဦးဆောင်ခဲ့သူဖြစ်ပြီး ယင်းဆန္ဒပြပွဲကို ခွင့်ပြုချက်မဲ့ပြုလုပ်မှုဖြင့် ၂၀၁၈ ခုနှစ်တွင် ထောင်သုံးလကျခံခဲ့ရသည်။
ဦးပါမောက္ခ၏ ဝေဖန်မိန့်ကြားချက် လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာချိန်သည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ အိန္ဒိယနိုင်ငံ၊ ဗီဟားပြည်နယ်ရှိ ‘ဗုဒ္ဓဂယာ’ တွင် ဘုရားဖူးနေချိန်နှင့် တိုက်ဆိုင်နေသည်။
လွန်ခဲ့သော တစ်လကျော်က ကိုယ့်ကိုယ်ကိုယ် သမ္မတရာထူး ခန့်အပ်လိုက်သည့် စစ်အာဏာသိမ်းခေါင်းဆောင် သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်ဖြင့် မေလ ၃၀ ရက် ကတည်းက အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေပြီး ထိုနေ့တွင်ပင် ဗုဒ္ဓဂယာသို့ သွားရောက် ဘုရားဖူးခဲ့သည်။
ဗုဒ္ဓဂယာ၊ မဟာဗောဓိစေတီရှေ့တွင် ဗုဒ္ဓဘာသာဘုန်းကြီးများနှင့်အတူ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ- စစ်တပ်)
‘ဂေါတမ’ ဖြစ်လာမည့် ဘုရားလောင်း ဖွားမြင်(မွေးဖွား)ရာ၊ သဗ္ဗညုတဉာဏ်ရရှိရာ၊ ဓမ္မစင်္ကြာတရားဦးဟောကြားရာ၊ ပရိနိဗ္ဗာန်စံ(သေဆုံး)ရာ အရပ်ဒေသအဖြစ် ယုံကြည်ထားကြသည့် ဗုဒ္ဗဂယာသည် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ နေရာဖြစ်သည်။
၂၀၁၁ ခုနှစ် မှ ၂၀၂၆ ခုနှစ်ထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(တပ်ချုပ်)ရာထူးကို ၁၅ နှစ်တိတိ ရယူခဲ့သူ မင်းအောင်လှိုင်သည် သမ္မတရာထူးကိုရယူရန် ရက်ပိုင်းအလို ယခုနှစ် မတ်လ ၃၀ ရက်တွင် ၎င်း၏ အယုံကြည်ရဆုံး တပည့်ရင်းဖြစ်သော ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်ချုပ်အဖြစ် လွှဲပေးခဲ့သည်။
မင်းအောင်လှိုင်၏ ဩဇာခံ ဗိုလ်ချုပ်ကြီးရဲဝင်းဦး လက်ထက်တွင်လည်း ဝေဟင်၊ ရေပြင်နှင့် မြေပြင်စစ်ဆင်ရေးများမှာ အရှိန်လျော့ကျခြင်းမရှိဘဲ နှစ်လအတွင်း ပိုမိုပြင်းထန်လာသည်ဟုပင် စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။
၂၀၂၄ ခုနှစ်အတွင်း စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို စစ်တပ်က မီးတင်ရှို့နေချိန် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ရိုက်ကူးထားသည့် မှတ်တမ်းပုံ။
အထူးသဖြင့် စစ်တပ်က မြေပြင်စစ်ဆင်ရေးများတွင် ထုအင်အားပိုသုံး၍ တိုက်ခိုက်လာသလို လေယာဉ်အုပ်စုဖွဲ့ပျံသန်းကာ ဗုံးကြဲမှုများ တိုးလုပ်လာသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောကြားသည်။
ရွာစဉ်လှည့် မီးရှို့၊ သတ်ဖြတ်နေသည့် ရာဇဝတ်မှုများကို စစ်တပ်က ၂၀၂၂ ခုနှစ်ကတည်းက တွင်တွင်ကျယ်ကျယ် ကျူးလွန်နေခြင်းဖြစ်သည်။ ငါးနှစ်တာအတွင်း နိုင်ငံအနှံ့ စစ်တပ်၏ မီးရှို့မှုများကြောင့် လူနေအိမ် တစ်သိန်းကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု စစ်တပ်၏ကျူးလွန်မှုများကို မှတ်တမ်းပြုစုနေသည့် Data for Myanmar က ယခုနှစ် ဧပြီလတွင် ထုတ်ပြန်ထားသည်။
နှစ်နှင့်ချီနေသည့် စစ်တပ်၏အရပ်သားများအပေါ် ပစ်မှတ်ထားသည့် ရက်စက်မှုများကို ဘာကြောင့်ယခုမှ ဝေဖန်ရသနည်းဆိုသည့် Myanmarn Now ၏ လျှောက်ထားမေးမြန်းချက်ကို “ သိသလောက်ကြီး သွားပြောရင် ကျုပ်ထောင်ထဲ ရောက်မှာပေါ့ ဒကာကြီးရ” ဟု ဦးပါမောက္ခက ပြန်လည်မိန့်ကြားခဲ့သည်။