
ဟားခါး - ထန်တလန်အကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွား ၊ စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက် - BUR.MIZZIMA.COM
AI Summary
ချင်းပြည်နယ်၊ ဟားခါးနှင့် ထန်တလန်မြို့နယ်အကြားတွင် ဇွန်လ ၅ ရက်နေ့က တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲများသည် ချင်းတော်လှန်ရေးတပ်ဖွဲ့များက စစ်အုပ်စု၏ ဗျူဟာမြောက်စခန်းကုန်းများကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ပြန်လည်ဖြစ်ပွားခြင်းဖြစ်ကာ၊ ဟားခါးမှ စစ်ကြောင်းတစ်ခုက ရိက္ခာစုဆောင်းကာ ထန်တလန်ဘက်သို့ ဦးတည်လာစဉ် ချင်းတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးငါးကြိမ်ချခဲ့ပြီး ညပိုင်းတွင်လည်း အော်တိုတောင်ကုန်းနှင့် C3 တောင်ကုန်းတို့ကို လေယာဉ်ဖြင့် ဗုံးကြဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ၏ ပြောကြားချက်အရ ချင်းတပ်ဖွဲ့များဘက်တွင် အထိအခိုက်မရှိခဲ့သော်လည်း စစ်အုပ်စုဘက်မှ အခြေအနေကိုမူ မသိရသေးပေ။ စစ်အုပ်စုတပ်များ ယာယီဆုတ်ခွာသွားခဲ့သော်လည်း ဇွန်လ ၆ ရက်နေ့ နံနက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ ယခုစစ်ကြောင်းသည် ထန်တလန်မြို့သို့ ဦးတည်နေကာ နယ်မြေရှင်းလင်းရေးများ ပြုလုပ်နိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ကြသည်။ ယခင်ကလည်း ထန်တလန်မြို့တွင် စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အိမ်အများစု ပျက်စီးခဲ့ရပြီး ဒေသခံ တစ်သောင်းကျော် တိမ်းရှောင်နေရဆဲဖြစ်သည်။
ဓါတ်ပုံ – စစ်အုပ်စုတိုက်ခိုက်မှုကြောင့် ထန်တလန်မြို့ မီးလောင်မှုမြင်ကွင်း (ပုံဟောင်း/CDF – Thantlang) ။ ချင်းပြည်နယ် ၊ ဟားခါး နှင့် ထန်တလန်မြို့နယ်အကြား ဇွန်လ၅ရက်နေ့တွင် တကျော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်က လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုက်ထက်နီ ကပြောသည်။
ပါခွီး (ဇွန် ၆ ရက်)
မဇ္ဈိမ ။ ။ ချင်းပြည်နယ် ၊ ဟားခါးနှင့် ထန်တလန်မြို့နယ်အကြားတွင် တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားနေပြီး စစ်အုပ်စုတပ်က လေကြောင်းက ဗုံးကြဲခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ထံကသိရသည်။
ဟားခါးနှင့် ထန်တလန်အကြားရှိ စစ်အုပ်စုတပ်၏ ဗျူဟာမြောက် စခန်းကုန်းများကို ၂၀၂၄ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၅ခုနှစ်အတွင်း ချင်းတော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် ယမန်နေ့ ဇွန်လ၅ရက် နေ့တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မနေ့က ထန်တလန် – ဟားခါးအကြားတိုက်ပွဲစဖြစ်တယ်၊လေကြောင်းကလည်းဗုံးချတယ်၊ ကျနော်တို့ဖက်က အထိအခိုက်မရှိဘူး ၊ သူတို့ဖက်အခြေအနေတော့မသိသေးဘူး” ဟု CNA ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီက မဇ္ဈိမ ကို ယနေ့ (ဇွန်၆ရက်) တွင်ပြောသည်။
ဟားခါးမြို့မှ အင်အား ၂၅၀ခန့်ရှိသော စစ်ကြောင်းသည် ဇွန်လ၃ရက်နေတွင် ဟားခါး – ထန်တလန် အကြားရှိ သီးမစ်လွင်ပြင်သို့ ပို့ဆောင်ခဲ့ပြီး ရိက္ခာ၊ လက်နက်ခဲယမ်းများစုဆောင်း၍ ဆက်လက်ထွက် ခွာလာစဥ် ချင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ နေ့လည်တွင် စစ်အုပ်စုတပ်က ဗုံးငါးကြိမ်ချတိုက်ခိုက်ခဲ့ပြီးနောက် ညပိုင်းတွင် အော်တိုတောင်ကုန်းနှင့် C3 တောင်ကုန်းတို့ကို လေယာဥ်ဖြင့်ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ ကြောင်းသိရသည်။
စတင်တိုက်ပွဲဖြစ်ပွားပြီးနောက် စုအုပ်စုတပ်များ ယာယီဆုတ်ခွာ သွားသော်လည်း ယနေ့နံနက်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း ဆလိုင်းထက်နီက ဆက်ပြော သည်။
ယခုစစ်ကြောင်းသည် ထန်တလန်မြို့သို့ဦးတည်နေသော်လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော မြို့နယ်အတွင်းသို့ နယ်မြေရှင်းလင်းရေးများပြုလုပ်နိုင်ကြောင်း စစ်ရေးအကဲခပ် များက သုံးသပ်ကြသည်။
စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သောလှုပ်ရှားမှုများ ထန်တလန်မြို့အတွင်း၌ ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်အုပ်စုတပ်က လူနေအိမ်များမီးရှို့ခြင်း ၊ မီးလောင်ဗုံးများဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် မြို့ပေါ်ရှိ အိမ် အများစုမီးလောင်ပျက်စီးခဲ့ရပြီး ဒေသခံ ၁၀,၀၀၀ကျော် နီးစပ်ရာဒေသများနှင့် အိန္ဒိယနိုင်ငံ ၊မီဇိုရမ် ပြည်နယ်တွင် တိမ်းရှောင်ခိုလုံလျက်ရှိသည်။
လက်ရှိ ထန်တလန်မြို့အတွင်း၌ စစ်အုပ်စုတပ်နှင့် CDF – Thantlang တပ်ဖွဲ့အပါအဝင် ချင်းတော်လှန် ရေး တပ်ဖွဲ့များက နှစ်ဖက်အခြေစိုက်တပ်စွဲလျက်ရှိကြောင်းသိရှိရသည်။