
AI Summary
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းကျေးရွာကို စစ်အာဏာရှင်တပ်က ဇွန်လ ၄ ရက် ည ၈ နာရီကျော်တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ထုတ်ပြန်ခဲ့သည်။ အင်အား ၁၀၀ ခန့်ရှိသော စစ်ကြောင်းသည် မြင်းခြံမြို့မှ စတင်စစ်ကြောင်းထိုးလာကာ ရွာထဲသို့ ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတိအကျ မသိရသေးသော်လည်း ရာသီဥတုပူပြင်းပြီး လေတိုက်နေသဖြင့် ရွာလုံးကျွတ်မီးလောင်နိုင်သည့် အခြေအနေကို ဒေသခံများက စိုးရိမ်နေကြသည်။ စစ်ကြောင်းမှာ ရွာထဲမှ မထွက်သေးသည့်အတွက် မီးငြှိမ်းသတ်ရန် ရွာခံများ ပြန်ဝင်၍မရသေးကြောင်း သိရသည်။ အိမ်ခြေ ၅၀၀ ခန့်ရှိသော ဆင်ချောင်းရွာသည် ယခုအကြိမ်နှင့်ဆိုလျှင် ၃ ကြိမ်၊ ၄ ကြိမ်ခန့် မီးရှို့ခံရပြီးဖြစ်ကာ ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ကလည်း စစ်တပ်က ဝင်ရောက်၍ ပစ္စည်းများ ခိုးယူကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းကျေးရွာကို စစ်အာဏာရှင်တပ်က ဇွန် ၄ ရက် ည ၈ နာရီ ကျော်မှာ ဝင်ရောက် မီးရှို့ဖျက်ဆီးသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) အဖွဲ့ကနေ သိရပါတယ်။
မနေ့ည ၈ နာရီ ၂၅ မိနစ်လောက်ကနေ စတင်မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ်တွေ မီးလောင်ပျက်စီး ဆုံးရှုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ CDSOM အဖွဲ့တာဝန်ရှိသူ ကိုနွေဦး (မြောင်) က ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ အင်အား ၁၀၀ လောက်နဲ့ မြင်းခြံမြို့ကနေ စတင် စစ်ကြောင်းထိုးလာကာ ဆင်ချောင်းရွာကို ဝင်ရောက် မီးရှို့သွားတာလို့ သိရပါတယ်။
မြင်ခြံဒေသခံ ရွာသားတယောက်က “အဲရွာက အခုအကြိမ်နဲ့ဆို ၃ ကြိမ်၊ ၄ ကြိမ်လောက် ရှိနေပြီ။ ရာသီဥတုကလည်းပူပြီး အခုညပိုင်း လေကလည်းတိုက်နေတော့ တရွာလုံးများလောင်မလား မသိဘူး။ စစ်ကြောင်းကလည်း ရွာထဲကမထွက်သေးတော့ မီးငြှိမ်းမဲ့ ရွာခံတွေလည်း ပြန်ဝင်လို့မရတဲ့ အခြေအနေပါ” လို့ ပြောပါတယ်။
ဆင်ချောင်းရွာကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကလည်း စစ်တပ်က ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူခဲ့ကာ ညပိုင်းမှာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။
အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ ဆင်ချောင်းရွာဟာ မြင်းခြံမြို့နဲ့ ၁၅ မိုင်လောက်သာ ဝေးကွာပြီး ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။