
ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မြန်မာဒုက္ခသည်များအရေး နိုင်ငံတကာတာဝန်ယူမှုလိုအပ်ဟု တိုက်တွန်း
AI Summary
ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းရှိ စစ်ပွဲနှင့် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာနေရသူများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းထားသည်။ ကမ္ဘာတစ်ဝန်းတွင် စစ်ပွဲနှင့် အကျပ်အတည်းများကြောင့် လူပေါင်း ၁၁၇ သန်းကျော် အတင်းအဓမ္မ နေရပ်စွန့်ခွာနေရပြီး မြန်မာနိုင်ငံ၊ ကရင်နီပြည်နယ်တွင်လည်း စစ်တပ်၏ ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒုက္ခသည်ဦးရေ သိသိသာသာ တိုးပွားလာသည်။ နေရပ်စွန့်ခွာသူများသည် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လုံခြုံရေးအတွက် အလွန်အမင်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံတကာအကူအညီများ လျော့နည်းလာခြင်းနှင့် စစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် ဒုက္ခသည်များ၏ ဘဝမှာ ပိုမိုဆိုးရွားလာသည်။ လက်ရှိတွင် ဒုက္ခသည်များအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများနှင့် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုများ အရေးတကြီး လိုအပ်နေဆဲဖြစ်သည်။
ထင်ရှားသော ပြောကြားချက်များ
"လူတိုင်း ဘေးကင်းလုံခြုံသည်အထိ"
"ဒုက္ခသည်များကို ကာကွယ်ပေးခြင်းသည် သနားကြင်နာမှုတခုသာမဟုတ်ဘဲ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အခြေခံလိုအပ်ချက်တခုဖြစ်သည်"
မဇ္ဈိမ။ ။ ကမ္ဘာ့ဒုက္ခသည်များနေ့ ဖြစ်သော ယနေ့(ဇွန်လ ၂၀ ရက်)အခါသမယတွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း စစ်ပွဲ၊ အကြမ်းဖက်မှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် နေရပ်စွန့်ခွာနေရသူများ၏ ဘေးကင်းလုံခြုံရေး၊ လူ့ဂုဏ်သိက္ခာနှင့် အခြေခံအခွင့်အရေးများကို ကာကွယ်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းမှုများ ထွက်ပေါ်လာသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ၂၀၂၆ ခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် ထုတ်ပြန်သည့် သတင်းစကားတွင် “လူတိုင်း ဘေးကင်းလုံခြုံသည်အထိ” ဆိုသည့် သဘောတရားကို အလေးပေးပြောကြားခဲ့သည်။
ကမ္ဘာတဝန်းတွင် အတင်းအဓမ္မ နေရပ်စွန့်ခွာရသူ ၁၁၇ သန်းကျော်ရှိနေပြီး ဆူဒန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ယူကရိန်း၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ မြန်မာနိုင်ငံနှင့် အခြားဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲနှင့် အကျပ်အတည်းများကြောင့် မိသားစုများ နေရပ်စွန့်ခွာနေရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဆိုသည်။
ဒုက္ခသည်များကို ကာကွယ်ပေးခြင်းသည် သနားကြင်နာမှုတခုသာမဟုတ်ဘဲ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အခြေခံလိုအပ်ချက်တခုဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ဒုက္ခသည်များအား အန္တရာယ်ရှိသည့် နိုင်ငံသို့ ပြန်လည်မပို့ရသည့်( “non-refoulement” )မူသည် ၁၉၅၁ ဒုက္ခသည်ကွန်ဗင်းရှင်း၏ အဓိကအခြေခံမူဖြစ်ပြီး၊ စစ်ပွဲနှင့် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် ထွက်ပြေးလာသူများကို လုံခြုံစွာနေထိုင်ခွင့်၊ ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ခွင့်နှင့် အခြေအနေကောင်းမွန်လာပါက မိမိနေရပ်သို့ လုံခြုံစွာ ပြန်လည်ရောက်ရှိခွင့် ပေးရမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ထောက်ပြထားသည်။
လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ကလည်း ကမ္ဘာ့ဒုက္ခသည်များနေ့မတိုင်မီ ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ကာ ကရင်နီပြည်နယ်နှင့် မြန်မာနိုင်ငံတဝန်း ဒုက္ခသည်နှင့် နေရပ်စွန့်ခွာပြည်သူများအရေး အလွန်စိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိနေကြောင်း ပြောသည်။
KnHRG ၏ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကရင်နီပြည်နယ်တွင် လူဦးရေ အနည်းဆုံး ၂၅၀,၀၀၀ နေရပ်စွန့်ခွာခဲ့ရပြီး အရေးပေါ် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေကြောင်း သိရသည်။
စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံနေထိုင်စရာအမိုးအကာများ ပြင်းထန်စွာ လိုအပ်နေသော်လည်း ယာယီစခန်းများနှင့် နေရပ်စွန့်ခွာသူများ ခိုလှုံနေရာများသည် စစ်အုပ်စု၏ တိုက်ခိုက်မှုအန္တရာယ်နှင့် ဆက်လက်ကြုံတွေ့နေရပြီး လုံခြုံသည့်နေရာများအဖြစ် အာမခံနိုင်ခြင်းမရှိကြောင်း KnHRG က ဖော်ပြသည်။
မြေပြင်အခြေအနေ ဆိုးရွားလာခြင်းကြောင့် ကရင်နီဒေသခံများသည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ပြည်နယ်ဘက်သို့ ခိုလှုံရန် ကြိုးပမ်းနေကြရကြောင်းလည်း အဖွဲ့က ဆိုသည်။
ထိုင်းနိုင်ငံသည် ၁၉၅၁ ဒုက္ခသည်ကွန်ဗင်းရှင်းတွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံမဟုတ်သော်လည်း နယ်စပ်ဒုက္ခသည်စခန်းများရှိ အသက် ၁၈ နှစ်မှ ၅၉ နှစ်အတွင်း မှတ်ပုံတင်ထားသည့် ဒုက္ခသည်များအား တရားဝင်အလုပ်လုပ်ခွင့်ပေးခဲ့ခြင်းသည် အရေးကြီးသည့် တိုးတက်မှုတခုဖြစ်ကြောင်း KnHRG က အသိအမှတ်ပြုသည်။
ကရင်နီဒေသများတွင်လည်း မြန်မာစစ်တပ်၏ ထိုးစစ် နှင့် လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် နေရပ်ဒေသရွှေ့ပြောင်းသူများ ပြီးခဲ့သည့် တနှစ်အတွင်း လူဦးရေ ပိုမိုများပြားလာသည်။
သို့သော် လူသားချင်းစာနာမှုအကူအညီများ လျော့နည်းလာခြင်း၊ နိုင်ငံတကာအကူအညီဖြတ်တောက်မှုများနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် နယ်စပ်ဒုက္ခသည်များအတွက် အကူအညီများ ဆက်လက်လိုအပ်နေကြောင်း KnHRG က သတိပေးသည်။
ဒုက္ခသည်အခွင့်အရေးများသည် လူ့အခွင့်အရေးများဖြစ်ပြီး ယင်းအခွင့်အရေးများကို ကာကွယ်ရေးနှင့် အကောင်အထည်ဖော်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်း၊ အိမ်ရှင်နိုင်ငံများ၊ အလှူရှင်များနှင့် လူမှုအဖွဲ့အစည်းများက စနစ်တကျ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း KnHRG က တိုက်တွန်းထားသည်။
ကမ္ဘာ့ဒုက္ခသည်များနေ့သည် စစ်ပွဲ၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် အကြမ်းဖက်မှုများကြောင့် မိမိနေအိမ်၊ မိမိနေရပ်နှင့် မိမိနိုင်ငံကို စွန့်ခွာထွက်ပြေးရသူများ၏ ခံနိုင်ရည်၊ သတ္တိနှင့် ဘဝပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများကို အသိအမှတ်ပြုသည့်နေ့ဖြစ်သည်။
ဒုက္ခသည်များ၊ နေရပ်စွန့်ခွာသူများ၊ နိုင်ငံမဲ့သူများနှင့် နေရပ်ပြန်သူများသည် အခြေအနေကွဲပြားသော်လည်း အားလုံးအတွက် လုံခြုံရေး၊ ဂုဏ်သိက္ခာရှိစွာနေထိုင်ခွင့်နှင့် အခြေခံအခွင့်အရေးများ ကာကွယ်ပေးရန် လိုအပ်သည်ဟု ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြထားသည်။
စာတည်း -သန့်ဇော်(သန်လျင်)