အာရက္ခဒေသ သစ်ပင်စိုက်ရာတွင် ပူးပေါင်းပါဝင်ကြရန် AA တိုက်တွန်း

အာရက္ခဒေသ သစ်ပင်စိုက်ရာတွင် ပူးပေါင်းပါဝင်ကြရန် AA တိုက်တွန်း

DVB
SourceDVB

AI Summary

အာရက္ခတပ်တော် (AA) က အာရက္ခဒေသရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောပြုန်းတီးမှု ကာကွယ်ရေးအတွက် ပြည်သူလူထုကို သစ်ပင်စိုက်ပျိုးရာတွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်းလျက်ရှိသည်။ အာရက္ခဒေသသည် သစ်ပင်ပြုန်းတီးမှု၊ ဒီရေတောပြုန်းတီးမှုနှင့် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ကြုံတွေ့နေရပြီး၊ ယခင်စစ်အစိုးရလက်ထက်ကတည်းက သစ်ခိုးထုတ်မှုများကြောင့် သစ်တောများ ပျက်စီးခဲ့ရသည်။ ထိုသို့ သစ်တောပြုန်းတီးမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ ဂေဟစနစ် ပျက်စီးပြီး ဒေသခံပြည်သူများ ထိခိုက်နစ်နာလျက်ရှိသည်။ AA က "Green Arakkha စိမ်းလန်းသော အာရက္ခပြည်စီမံကိန်း" လက်ကမ်းစာစောင်များ ဖြန့်ဝေကာ ပြည်သူလူထုကို တက်ကြွစွာ ပူးပေါင်းပါဝင်ရန် တိုက်တွန်းနေခြင်းဖြစ်သည်။ ဒေသခံလူငယ်များနှင့် စစ်ရှောင်များကလည်း ယခုလှုပ်ရှားမှုကို ကြိုဆိုပြီး ပူးပေါင်းပါဝင်လိုကြောင်း ပြောကြားခဲ့ကြသည်။ မိုးရာသီသည် အပင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း လက်ကမ်းစာစောင်တွင် ဖော်ပြထားပြီး၊ အနာဂတ်မျိုးဆက်သစ်များအတွက် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရန် ရည်ရွယ်သည်။

Photo : AA

အာရက္ခဒေသတွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောပြုန်းတီးမှုဒဏ်မှ ကာကွယ်ဖို့ ပြည်သူတွေအနေနဲ့ သစ်ပင်စိုက်ကြရာမှာ ပူးပေါင်းပါဝင်ကြဖို့ အာရက္ခတပ်တော် (AA)  လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး တိုက်တွန်းလိုက်ပါတယ်။

အာရက္ခဒေသမှာ သစ်ပင်ပြုန်းတီးမှု၊ ဒီရေတောပြုန်းတီးမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကို နှစ်စဉ် ခံရလေ့ရှိတာကြောင့် ကာကွယ်ဖို့နဲ့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်၊ ပန်းပင်နဲ့ လိုအပ်တဲ့ ဒီရေတော စိုက်ပျိုးကြရာမှာ ဒေသခံတွေအနေနဲ့ ပူးပေါင်းပါဝင်ကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက “Green Arakkha စိမ်းလန်းသော အာရက္ခပြည်စီမံကိန်း” လက်ကမ်းစာစောင်တွေကို ဖြန့်ဝေပြီး တိုက်တွန်းနေတာလို့ မြောက်ဦးဒေသခံ လူငယ်တယောက်က ပြောပါတယ်။

“လက်ကမ်းစာစောင်တွေကို ဒီရက်ပိုင်း ဖြန့်ဝေတာတွေ ရှိပါတယ်။ အမြို့မြို့အနယ်နယ်မှာ ဝေမယ်လို့လည်း သိရပါတယ်။ အာရက္ခပြည် စိမ်းစိုလှပဖို့ အခုလို ဒေသဖွံ့ဖြိုးရေးပိုင်းဆိုင်ရာတွေ လုပ်ပေးတာကို ဂုဏ်ယူတယ်။ ကျနော်တို့လို လူငယ်တွေအနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ အဆင်သင့်ပါပဲ။”

ရခိုင်ပြည်နယ်ဟာ ခေတ်အဆက်ဆက် စစ်အစိုးရလက်ထက်ကတည်းက သစ်ခိုးထုတ်တာ၊ ဒီရေတောတွေကို ခုတ်တာတွေကြောင့််သစ်တောပြုန်းတီးတာ၊ ‌မိုးရာသီ ရေလွှမ်းမိုးတာတွေ ဖြစ်နေတာကြောင့်‌ သစ်ပင်ပန်းပင်တွေကို အတူတကွ ပူးပေါင်းပါဝင်စိုက်ပျိုးသင့်တယ်လို့ စစ်တွေဒေသခံ စစ်ရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။

“အမှန်ပြောရရင် ရခိုင်မှာလေ လမ်းဘေးတွေမှာ သစ်ပင်စိုက်တာအားနည်းတယ်။ စစ်ကောင်စီ လက်ထက်ကတည်းက စစ်တပ်အနားကလွဲပြီး ကျန်တဲ့‌ နေရာတွေမှာ သိပ်မစိုက်ဘူး။ ကားလမ်းမဘေးတွေမှာဆို တပင်မှမရှိသလောက် ရှားပါးတယ်။ သစ်ပင်ကို ကိုယ့်အိမ်မှာ နည်းနည်းပါးပါး စိုက်တာကလွဲလို့ တခြားနေရာတွေမှာ မစိုက်ကြဘူး။ မိုးရာသီဆိုရင် သိသာပြီ အပင်တွေက ရေကြီးရင်တောင် လူ့အသက်ကိုကယ်နိုင်တယ်။"

ဒီကနေ့ ဖြန့်ဝေခဲ့တဲ့လက်ကမ်းစာစောင်ထဲမှာ "အာရက္ခဒေသမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ သစ်တောပြုန်းတီးမှု စွမ်းအင်လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အာရက္ခပြည်သူပြည်သား တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေသလို ဂေဟစနစ်ပြန်လည်ထူထောင်ဖို့၊ ဒေသအကျိုးပြု သစ်ပင်စိုက်ပျိုးနည်း ဗျူဟာနဲ့ အာရက္ခပြည်တွင်းရှိ လူမှုအသိုက်အဝန်းအကြား သဘာဝပတ် ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု ရှိလာစေဖို့နဲ့ စိမ်းလန်းစိုပြည် သာယာလှပတဲ့ အာရက္ခပြည် ဖြစ်ထွန်းလာစေဖို့ ပြည်သူတဦးချင်းစီရဲ့ စည်းလုံးညီညွတ်မှုကို လိုအပ်လျက်ရှိတယ်" လို့ ဖော်ပြထားပါတယ်။

မိုးရာသီဟာ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေဖို့၊ ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို လျော့နည်းစေဖို့၊ အနာဂတ်မျိုးဆက်သစ်တွေအတွက် သဘာဝအရင်းအမြစ်တွေ ထိန်းသိမ်းနိုင်ရေး အပင်စိုက်ပျိုးဖို့ အကောင်းဆုံးအချိန်အခါ ဖြစ်တယ်လို့လည်း လက်ကမ်းစာစောင်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့ အိမ်တိုင်း၊ မြို့တိုင်းမှာ မိမိအိမ်ဝန်းကျငေတွေမှာ အပင်တွေစိုက်ပျိုးတာ၊ လမ်းဘေး၊ ကျောင်း၊ ရုံးနဲ့ လူအများအသုံးပြုရာ နေရာတွေမှာ စုပေါင်း အပင်စိုက်ပျိုးတာ၊ စိုက်ပျိုးပြီး အပင်တွေကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်တာတွေကို မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ဦးဆောင်လှုပ်ရှားကြဖို့၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်နဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဌာနဆိုင်ရာတွေက လုပ်ဆောင်တဲ့ သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

Photo : AA

ဆက်စပ်သတင်းများ

AI Curated
အာရက္ခဒေသ သစ်ပင်စိုက်ရာတွင် ပူးပေါင်းပါဝင်ကြရန် AA တိုက်တွန်း | YGN Daily