စစ်အုပ်စု ဖမ်းဆီးထားသည့် မောတောင်ဒေသခံ ၁ ဦး ထွက်ပြေးလွတ်မြောက်၊ ဖမ်းဆီးနှိပ်စက်ခံရသူများရှိ၍ ဒေသခံများ မြို့ထဲမပြန်ရဲ - BUR.MIZZIMA.COM
politics||4 MIN READ

စစ်အုပ်စု ဖမ်းဆီးထားသည့် မောတောင်ဒေသခံ ၁ ဦး ထွက်ပြေးလွတ်မြောက်၊ ဖမ်းဆီးနှိပ်စက်ခံရသူများရှိ၍ ဒေသခံများ မြို့ထဲမပြန်ရဲ - BUR.MIZZIMA.COM

AI Summary

မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်အုပ်စုတပ်၏ ဖမ်းဆီးနှိပ်စက်ခံရသူများအနက် ကိုနိုင်နိုင်ဆိုသူ ဒေသခံအမျိုးသားတစ်ဦး အသက်အန္တရာယ်ခြိမ်းခြောက်မှုများကြားမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ စစ်အုပ်စုတပ်သည် မောတောင်မြို့ကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်စဉ်က ထိုတပ်များနှင့် ထိစပ်မှု၊ အကူအညီပေးမှုများရှိခဲ့သည်ဟု ယူဆသူများကို ဖမ်းဆီးနှိပ်စက်နေခြင်းဖြစ်သည်။ ကိုနိုင်နိုင်နည်းတူ ဖမ်းဆီးနှိပ်စက်ခံထားရသူ သုံးဦးထက်မနည်း ကျန်ရှိနေသေးပြီး၊ ၎င်းတို့အား ကြိုးများဖြင့်တုပ်၊ သေနတ်ဒင်များ၊ နွားရိုက်ကြိုးများဖြင့် ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း သိရသည်။ စစ်အုပ်စု၏ ဖမ်းဆီးနှိပ်စက်မှုများကြောင့် မောတောင်မြို့ခံ ၂,၀၀၀ နီးပါး နေရပ်သို့ ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးဘဲ တောတောင်များထဲတွင် တိမ်းရှောင်နေကြရသည်။ ထို့ပြင် စစ်အုပ်စုတပ်က တိမ်းရှောင်နေသည့် အရပ်သားများ၏ နေအိမ်များကို ဖောက်ထွင်း၍ ပစ္စည်းများယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းနှင့် ချိပ်ပိတ်ခြင်းများ ပြုလုပ်နေသည်။ လက်ရှိတွင် မြို့ထဲ၌ ပိတ်မိနေသူ ၃,၀၀၀ ခန့် ဖမ်းဆီးခံရပြီး နှိပ်စက်ခံနေရကာ၊ ကျန် ၂,၀၀၀ ခန့်မှာ အကူအညီများစွာ လိုအပ်လျက် တိမ်းရှောင်နေဆဲဖြစ်သည်။ စစ်အုပ်စုတပ်သည် မေလ ၁၉ ရက်နေ့တွင် မောတောင်မြို့ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် မြို့တွင်းဌာနဆိုင်ရာ လုပ်ငန်းများ ပြန်လည်စတင်ရန် ပြင်ဆင်နေကြောင်းလည်း သတင်းရရှိသည်။

YT (ဇွန် – ၄)

မဇ္ဈိမ။ ။ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်အုပ်စုတပ်၏ ဖမ်းဆီးနှိပ်စက်ခံထားရသူများအနက် ဒေသခံအမျိုးသားတဦး ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သတင်းရင်းမြစ်ထံက သိရသည်။

အသက် ၄၀ ကျော်အရွယ် ကိုနိုင်နိုင်ဆိုသူသည် စစ်အုပ်စုတပ်၏ ဖမ်းဆီးနှိပ်စက်၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုများအကြားမှ ဇွန်လ ၁ ရက်နေ့ နံနက် အစောပိုင်းတွင် ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ သူက ရိုးရိုးသားသား ကွမ်းယာတို့ အချိုရည်တို့ အအေးတို့ ရောင်းတဲ့သူ။ အခု သူ့ကို ဖမ်းပြီးတော့ မောတောင်ထဲက ပျူစောထီးက သူ့ကိုညှိတာ မင်းကို အသက်တော့ ရှင်အောင်လုပ်ပေးမယ်။ ဒါပေမယ့် မင်းပိုင်ဆိုင်မှုတွေ အကုန်သိမ်းမယ်’ဆိုတာမျိုးနဲ့ ညှိတော့ သူကလည်း ‘ရတယ်။ ကျွန်တော်အသက်ချမ်းသာရင် ရပြီ’ဆိုတာမျိုးနဲ့ ထွက်ပြေးလွတ်လာတာပေါ့” ဟု မောတောင်သတင်းရင်းမြစ်တရပ်က ပြောသည်။

၎င်းနည်းတူ ဖမ်းဆီးနှိပ်စက်ခံထားရသူများလည်း သုံးဦးထက်မနည်း ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ စစ်အုပ်စုတပ်က မောတောင်မြို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်ထားစဉ် ထိုတပ်များနှင့် ထိစပ်မှု၊ အကူအညီပေးမှုများရှိခဲ့သူဟု ယူဆသူများအား ဖမ်းဆီးနှိပ်စက်ခြင်းဟု သိရသည်။

“ သူတို့က လည်ပင်းတွေကို ကြိုးနဲ့ တုပ်တယ်။ ခြေတွေ၊လက်တွေကို ကြိုးနဲ့တုပ်တယ်။ သေနတ်ဒင်တွေနဲ့ရိုက်တယ်။ နောက် နွားရိုက်တဲ့ ကြိုးတွေနဲ့ လူတွေကိုရိုက်တယ်” ဟု မောတောင်မြို့ခံ တဦးကလည်း ပြောသည်။

စစ်အုပ်စုတပ်၏ ဖမ်းဆီး၊ နှိပ်စက်မှုများကြောင့် မောတောင်မြို့ခံ ၂,၀၀၀ နီးပါး နေရပ်၌ ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးဘဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထို့ပြင် စစ်အုပ်စုတပ်က မောတောင်မြို့၌ ပြန်လည်နေထိုင်နေခြင်းမရှိသေးသည့် အရပ်သားများ၏ နေအိမ်များကိုလည်း ဖောက်ထွင်း၍ ကား၊ ဆိုင်ကယ် အပါအဝင် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်ခြင်း၊ နေအိမ်များအား ဖျက်ဆီးခြင်း၊ ချိပ်ပိတ်ခြင်းတို့ကိုလည်း ပြုလုပ်နေကြောင်း သိရသည်။

“ အခုလက်ရှိ မြို့ထဲမှာ သူတို့ မြို့ကို ပြန်သိမ်းတုန်းက ရှိနေတဲ့ လူ ၃,၀၀၀ လောက်ကတော့ ပိတ်မိပြီး သူတို့လက်ထဲ ရောက်သွားတာပေါ့။ အခု ဖမ်းဆီးခံရ၊ နှိပ်စက်ခံနေရတာ သူတို့တွေထဲကပေါ့။ ကျန် ၂,၀၀၀ လောက်ကတော့ အခုထိ တောတောင်တွေထဲ တိမ်းရှောင်နေကြရတုန်းပဲ။ အကူအညီတွေလည်း အများကြီး လိုအပ်နေတယ်” ဟု မောတောင် တော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် မြို့ကို ပြန်လည်သိမ်းပိုက်သွားသည့် စစ်အုပ်စုတပ်က မြို့တွင်း၌ ဌာနဆိုင်ရာ လုပ်ငန်းများ ပြန်လည်စတင်ရန် ပြင်ဆင်နေခြင်းများလည်း ရှိကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့တခုဖြစ်သည့် မောတောင်မြို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုတပ်က ထိုမြို့ပြန်ရရေး နှစ်ဝက်ခန့်အကြာအထိ မြေပြင်၊ လေကြောင်းထိုးစစ်များဖြင့် စစ်ကြောင်းထိုးပြီးနောက် ပြီးခဲ့သည့် ၂၀၂၆ ခု၊ မေလ ၁၉ ရက်တွင် ပြန်လည်သိမ်းယူသွားခဲ့သည်။

မောတောင်မြို့နှင့် မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်းမြို့နယ်တို့အား မောတောင်- သိန်ခွန်း ကားလမ်းကြောင်းမှတဆင့် ဆက်သွယ်ထားပြီး ထိုမြို့သည် ထိုင်းနိုင်ငံ၊ ပရာကျော့ခီရီခန်ပြည်နယ်၊ ဆင်ခွန်းမြို့နှင့် ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ မြို့တမြို့ဖြစ်ရာ စစ်အုပ်စုတပ်အတွက် အရေးပါသည့် မြို့တခုဖြစ်သည်။

ထို့ပြင် မောတောင်မြို့သည် ယခင်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ဘိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ရုံးစိုက်ရာ မြို့တမြို့ဖြစ်ပြီး ၁၉၉၀ ခုနှစ်တွင် စစ်ကောမရှင်တပ်(စစ်အုပ်စုတပ်)က တိုက်ခိုက်သိမ်းယူသွားခဲ့သည့် မြို့ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဆက်စပ်သတင်းများ

AI Curated
စစ်အုပ်စု ဖမ်းဆီးထားသည့် မောတောင်ဒေသခံ ၁ ဦး ထွက်ပြေးလွတ်မြောက်၊ ဖမ်းဆီးနှိပ်စက်ခံရသူများရှိ၍ ဒေသခံများ မြို့ထဲမပြန်ရဲ - BUR.MIZZIMA.COM | YGN Daily