
တီအန်မင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၇ နှစ်ကြာသည်အထိ တရားမျှတမှု မရသေး - BUR.MIZZIMA.COM
AI Summary
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က တရုတ်အစိုးရသည် ၁၉၈၉ ခုနှစ် တီအန်မင်ရင်ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အထိမ်းအမှတ်များကို ဖျောက်ဖျက်ရန်နှင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် လူအခွင့်အရေးများကို ထိန်းချုပ်ရန် ပိုမိုလုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ကျောင်းသားများ၊ အလုပ်သမားများနှင့် ပြည်သူများက လွတ်လပ်စွာဖော်ထုတ်ခွင့်၊ ဒီမိုကရေစီနှင့် အဂတိလိုက်စားမှုပပျောက်ရေးတို့ကို တောင်းဆိုဆန္ဒပြခဲ့ရာမှ အစိုးရက အင်အားသုံး နှိမ်နင်းခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်ရပ်တွင် ဆန္ဒပြသူများနှင့် ရပ်ကြည့်သူအများအပြား သေဆုံးခဲ့ရပြီး၊ သေဆုံးသူများ၏ မိသားစုဝင်များ (တီအန်မင်မိခင်များအဖွဲ့) နှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ ထိခိုက်နစ်နာခဲ့ကြသည်။ တရုတ်အစိုးရသည် သေဆုံးသူများအတွက် တာဝန်ယူမှုမရှိဘဲ ဖြစ်ရပ်နှင့်ပတ်သက်သည့် အချက်အလက်များကို ဖုံးကွယ်ထားကာ၊ ဟောင်ကောင်တွင်လည်း အထိမ်းအမှတ်အခမ်းအနားများကို အမျိုးသားလုံခြုံရေးဥပဒေဖြင့် ပိတ်ပင်ဖိနှိပ်လျက်ရှိသည်။ ကမ္ဘာတစ်ဝန်းရှိ ပြည်ပရောက်အဖွဲ့အစည်းများနှင့် လူမှုကွန်ရက်အကောင့်များကမူ တီအန်မင်ဖြစ်ရပ်ကို ဆက်လက်အမှတ်တရပြုလုပ်နေကြပြီး၊ နိုင်ငံတကာအစိုးရများကလည်း တရုတ်အစိုးရအား တာဝန်ခံမှုရှိစေရန် ဖိအားပေးသင့်ကြောင်း HRW က တိုက်တွန်းထားသည်။
ဓာတ်ပုံ – တရုတ်နိုင်ငံ တီယန်အန်မင်ရင်ပြင်တွင် ၁၉၈၉ ခုနှစ်က ဆန္ဒပြနေကြသည့် ကျောင်းသားများ။
Eurasia Review
တီအန်မင်ရင်ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အထိမ်းအမှတ်များကို ဖျောက်ဖျက်ရန် တရုတ်အစိုးရက ပိုမိုလုပ်ဆောင်လာသကဲ့သို့ တနိုင်ငံလုံးအတိုင်းအတာဖြင့် လူအခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များကို ထိန်းချုပ်မှုများလည်း တိုးမြှင့်လုပ်ဆောင်နေကြောင်း လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့(HRW) က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
၁၉၈၉ ခုနှစ်၊ ဧပြီလတွင် ကျောင်းသားများ၊ အလုပ်သမားများနှင့် ပြည်သူများသည် လွတ်လပ်စွာဖော်ထုတ်ခွင့်၊ ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲရေးနှင့် အဂတိလိုက်စားမှု ပပျောက်ရေးတို့ကို တောင်းဆိုရန် ပေကျင်းမြို့ရှိ တီအန်မင်ရင်ပြင်နှင့် အခြား တရုတ်မြို့ကြီးများတွင် အေးချမ်းစွာ စုဝေးဆန္ဒပြခဲ့ကြရာမှ တီအန်မင်ရင်ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပေါ်လာခဲ့သည်။
ဇွန်လ ၃ ရက်နှင့် ၄ ရက်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ စစ်သားများသည် ပေကျင်းမြို့တွင် ဆန္ဒပြသူများနှင့် ရပ်ကြည့်သူအများအပြားကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
တီအန်မင်အထိမ်းအမှတ် အခမ်းအနားများကို ပြည်မကြီးတွင် ကျင်းပခြင်းမပြုရန် တရုတ်အာဏာပိုင်များက ကာလရှည်ကြာ ပိတ်ပင်ထားခဲ့သည်။ သေဆုံးသွားသူများ၏ မိသားစုဝင်များအား အကြောင်းကြားခြင်း၊ နစ်နာကြေးပေးခြင်း (သို့မဟုတ်) လူသတ်မှုအတွက် တာဝန်ရှိသူများကို တရားစွဲဆိုအရေးယူခြင်း စသည့်လုပ်ဆောင်ချက်မှ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။
“အတိတ်ကို မြေမြှုပ်လိုက်သလို တရုတ်အစိုးရက အနာဂတ်ရဲ့ အခြေခံရပိုင်ခွင့်တွေအပေါ် လေးစားမှုကိုလည်း မြေမြှုပ်လိုက်တာပဲ ဖြစ်ပါတယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ တရုတ် သုတေသီယာကွန် အူလူယိုးက ပြောကြားခဲ့သည်။
“အစိုးရက တီအန်မင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဆင်ဆာဖြတ်တောက်မှုတွေကို ရပ်တန့်သင့်ပြီး၊ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပခွင့်ပေးတာ၊ သေဆုံးသွားခဲ့ရသူတွေရဲ့ မိသားစုတွေကို နစ်နာကြေးပေးတာ၊ တာဝန်ခံမှုနဲ့ တရားမျှတမှုတို့အတွက် တောင်းဆိုလို့ ထောင်ချခံထားရသူတွေကို ပြန်လွှတ်ပေးတာတွေ လုပ်ဆောင်သင့်ပါတယ်”
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ပေကျင်းမြို့တွင် ပြည်သူ့လုံခြုံရေးဗျူရိုသည် တီအန်မင်မိခင်များအဖွဲ့၏ နှစ်သစ်ကူးဆုံဆည်းပွဲကို ပိတ်ဆို့ဟန့်တားခဲ့ရာ၊ ယင်းမှာ သေဆုံးသွားသူများဘက်မှ ရပ်တည်သည့် အဖွဲ့အစည်းက ၂၀၀၉ ခုနှစ်တွင် ထိုကဲ့သို့သော ဆုံဆည်းပွဲများကို စတင်ကျင်းပခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပိတ်ပင်ခံရခြင်း ဖြစ်သည်။
“၁၉၈၉ ခုနှစ် ကျောင်းသားလှုပ်ရှားမှုအတွင်း အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့မှုအပေါ် ဖြေရှင်းပေးဖို့ အစိုးရက စိတ်ရင်းမှန်နဲ့ ကြိုးပမ်းအားထုတ်မှု တစုံတရာမတွေ့ရှိရရုံသာမကဘဲ၊ အရပ်သားတွေရဲ့ တရားဝင်လူအခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်တွေကို ပိတ်ဆို့ဖို့ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက အာဏာကို အလွဲသုံးစားလုပ်နေတာကို မြင်တွေ့ခဲ့ရပါတယ်” ဟု အဖွဲ့က ပြောကြားခဲ့သည်။
တရုတ်အစိုးရက “ဥပဒေကြောင်းအရလည်းကောင်း၊ ငြိမ်းချမ်းရေးနှင့် အကျိုးအကြောင်းဆင်ခြင်တုံတရားအရလည်းကောင်း ထိုဖြစ်ရပ်များကြောင့် ကျန်ရစ်ခဲ့သည့် ဒဏ်ရာများနှင့် မပြေလည်သေးသော မတရားမှုများအားလုံးကို ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် ချစ်ခင်ရသူကို ဆုံးရှုံးခဲ့ရသည့် မိသားစုတိုင်းအတွက် တရားမျှတမှုနှင့် ဂုဏ်သိက္ခာကို ပြန်လည်ဖော်ဆောင်ပေးရန်” ၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်တွင် တီအန်မင်မိခင်များအဖွဲ့က အဖွဲ့ဝင် ၁၀၇ ဦး လက်မှတ်ရေးထိုးထားသည့် ထုတ်ပြန်ချက်တွင် တိုက်တွန်းခဲ့သည်။
ပြီးခဲ့သည့်နှစ်၏ အရေးကြီးသော ဖြစ်ပေါ်ပြောင်းလဲမှုတခုမှာ ဆန္ဒပြသူများကို အင်အားသုံးရန် အထက်ခေါင်းဆောင်ပိုင်း၏ အမိန့်ကို ငြင်းဆန်ခဲ့သည်ဟု ကာလရှည်ကြာ ပြောဆိုခံခဲ့ရသည့် ဗိုလ်ချုပ် ရွှီချင်ရှန်း ၏ လျှို့ဝှက်စစ်ခုံရုံး စစ်ဆေးမှု ခြောက်နာရီစာ ဗီဒီယိုမှတ်တမ်းသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ပေါက်ကြားလာခဲ့ခြင်းဖြစ်သည်။
၁၉၉၀ ပြည့်နှစ်၊ မတ်လ ၁၇ ရက်တွင် ရိုက်ကူးခဲ့ပြီး ယခင်က ထုတ်ပြန်ခဲ့ခြင်းမရှိသည့် ဗီဒီယိုမှတ်တမ်းတွင် ဗိုလ်ချုပ်ရွှီက “ဒီပြဿနာကို နိုင်ငံရေးနည်းလမ်းတွေနဲ့ အဓိကဖြေရှင်းဖို့ မျှော်လင့်ခဲ့ပါတယ်။ ဒီလိုမျိုး အင်အားသုံးလုပ်ဆောင်တာက မှန်သလား မှားသလားဆိုတာအပေါ် ကျွန်တော့်မှာ သံသယတွေ ရှိခဲ့ပါတယ် ၊ ပြီးတော့ ကျွန်တော် အကြံပြုချက်တွေ ပေးခဲ့ပေမဲ့၊ လက်မခံခဲ့ကြပါဘူး” ဟု ပြောကြားခဲ့သည်။
“အမိန့်ကိုတော့ လွှဲပြောင်းပေးခဲ့ပါတယ် … ဒါပေမဲ့ တပ်မှူးတယောက်အနေနဲ့ ကျွန်တော်ကိုယ်တိုင်ကတော့ မပါဝင်ချင်ခဲ့ပါဘူး။” ဗိုလ်ချုပ်ရွှီသည် ထောင်ဒဏ် ငါးနှစ် ချမှတ်ခြင်းခံခဲ့ရပြီး ၂၀၂၁ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
ပြည်မကြီးအာဏာပိုင်များသည် တီအန်မင်ရင်ပြင်နှင့် ဆက်စပ်သမျှ အရာအားလုံးကို တင်းကျပ်စွာ ဆင်ဆာဖြတ်တောက်လေ့ရှိပြီး၊ အထူးသဖြင့် ကျော်ကြားလှသည့် “တင့်ကားလူသား” ဓာတ်ပုံကို ပို၍ ပိတ်ပင်ထားသည်။
“ငှက်ပျောသီးတလုံးနှင့် ပန်းသီးလေးလုံးကို တန်းစီထားသည့်” ပုံရိပ်ကိုပင်လျှင် တင့်ကားတန်းကို ပိတ်ဆို့နေသည့် လူတယောက်အား ရည်ညွှန်းခြင်းဖြစ်သည်ဟု ယူဆသဖြင့် ဆင်ဆာဖြတ်တောက်ရန် Algorithm ဖြင့် ပိတ်ပင်ထားကြောင်း သြစတြေးလျနိုင်ငံရှိ ABC သတင်းဌာနက ဖော်ပြခဲ့ဖူး သည်။
ဟောင်ကောင်တွင် ဆယ်စုနှစ် သုံးခုကျော်ကြာ နှစ်စဉ်ကျင်းပခဲ့သည့် တီအန်မင်အထိမ်းအမှတ်အခမ်းအနားများသို့ လူပေါင်း သိန်းနှင့်ချီ၍ တက်ရောက်ခဲ့ကြသည်။
ဟောင်ကောင်အာဏာပိုင်များသည် ကိုဗစ်-၁၉အကြောင်းပြချက်ဖြင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တွင် နှစ်ပတ်လည် ဆီမီးထွန်းဆုတောင်းပွဲကို ပထမဆုံးအကြိမ် ပိတ်ပင်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်တွင် အဆိုပါပွဲကိုစီစဉ်သည့် ‘ဟောင်ကောင် မဟာမိတ်အဖွဲ့’နှင့် ‘ဇွန်လ ၄ ရက် ပြတိုက်’ တို့ကိုလည်း အဓမ္မ ပိတ်ပင်ခဲ့သည်။
၂၀၂၂ ခုနှစ်ကတည်းက စတင်ကာ အစဉ်အလာအရ ဆီမီးထွန်းဆုတောင်းပွဲ ကျင်းပလေ့ရှိသည့် ဗစ်တိုးရီးယားပန်းခြံတွင် တီအန်မင်အထိမ်းအမှတ်ပွဲကျင်းပခါနီးတိုင်း “မျိုးချစ်အစားအသောက်ပွဲတော်” ကို အစားထိုးကျင်းပလာခဲ့သည်။
မေလ ၁၉ ရက်တွင် ဟောင်ကောင်တရားရုံးက ‘ဟောင်ကောင် မဟာမိတ်အဖွဲ့’ နှင့် ခေါင်းဆောင်ဟောင်းနှစ်ဦးဖြစ်ကြသည့် လီချောက်ယန်နှင့် ချောင်ဟန်းတွန်တို့ကို အမျိုးသားလုံခြုံရေးဥပဒေအရ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော “နိုင်ငံတော်အာဏာ ဖီဆန်ရန် လှုံ့ဆော်မှု” စွဲချက်ဖြင့် တရားစွဲဆိုခဲ့ပြီး၊ ယင်းအမှုအတွက် နောက်ဆုံးလျှောက်လဲချက်များကို ကြားနာစစ်ဆေးခဲ့သည်။ စီရင်ချက်ကို ဇူလိုင်လတွင် ချမှတ်နိုင်သည်။
ထိုသို့ ဖိနှိပ်မှုများ ရှိနေသော်လည်း ဟောင်ကောင်သားတချို့က အထိမ်းအမှတ်နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေကြဆဲ ဖြစ်သည်။
၂၀၂၅ ခုနှစ် နှစ်ပတ်လည်နေ့အတွင်း ဟောင်ကောင်ရဲတပ်ဖွဲ့သည် “ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားစေသည်” ဟု သံသယရှိသဖြင့် အသက် ၁၅ နှစ်မှ ၆၉ နှစ်ကြားရှိ လူ ၁၀ ဦးကို စုံစမ်းစစ်ဆေးရန် ခေတ္တထိန်းသိမ်းခဲ့ပြီး၊ အခြား နှစ်ဦးကိုလည်း “မသင်္ကာဖွယ် ပြုမူလှုပ်ရှားမှု” ကြောင့် ဖမ်းဆီးခဲ့သည်။
ထို့ပြင် လက်ရှိတွင် ဖျက်သိမ်းခံထားရပြီဖြစ်သော ဒီမိုကရေစီလိုလားသည့် နိုင်ငံရေးပါတီတခုဖြစ်သည့် ‘လူမှုဒီမိုကရက်များအဖွဲ့ချုပ်’မှ အဖွဲ့ဝင်များအား တီအန်မင်အထိမ်းအမှတ်ပြုလုပ်ရန် ဗစ်တိုးရီးယားပန်းခြံသို့ သွားရောက်ခြင်းကိုလည်း ရဲတပ်ဖွဲ့က တားဆီးခဲ့သည်။
၂၀၂၀ ပြည့်နှစ်မှ စတင်ကာ ဟောင်ကောင်တွင် တီအန်မင်အထမ်းအမှတ်နှင့် ပတ်သက်၍ ဆင်ဆာဖြတ် တောက်မှုများက တရုတ်ပြည်မကြီးတွင် ကာလရှည်ကြာ ကျင့်သုံးလာခဲ့သည့် တင်းကျပ်သော ထိန်းချုပ်မှုများနှင့် ပိုမိုတူလာခဲ့သည်။
၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်ကို ရည်ညွှန်းသည်ဟု အဓိပ္ပာယ်ကောက်ယူနိုင်သော “US 8964” ကားနံပါတ်ပိုင်ရှင်သည် ၎င်း၏ ကိုယ်ရေးအချက်အလက်များ၊ ကားဓာတ်ပုံများနှင့် အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်နေနိုင်သည်ဟူသော စွပ်စွဲချက်များ ပါဝင်သည့် အမည်မသိစာများကို လက်ခံရရှိခဲ့ကြောင်း ဟောင်ကောင်သတင်းဌာနဖြစ်သည့် Hong Kong Free Press က ဖော်ပြခဲ့သည်။
၂၀၂၅ ခုနှစ်၊ တီအန်မင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၏ ၃၆ နှစ်မြောက် နှစ်ပတ်လည်နေ့မတိုင်မီတွင် ကားပိုင်ရှင်သည် မော်တော်ယာဉ်ကို ပြည်ပသို့ သင်္ဘောဖြင့် တင်ပို့ခဲ့ပြီး၊ ဟောင်ကောင်၏ အခြေအနေသည် “အလွန်လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီး၊ ကျွန်တော်နှင့် မိသားစုအတွက် မလုံခြုံတော့သည့်အဆင့်သို့ ရောက်ရှိသွားပြီ” ဟု ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ကမ္ဘာတဝန်းရှိ ပြည်ပရောက် အဖွဲ့အစည်းများနှင့် အမည်မသိ လူမှုကွန်ရက်အကောင့်များသည် တီအန်မင်ဖိနှိပ်မှုကို အထိမ်းအမှတ်ပြုဖော်ပြရန်အတွက် လူထုဆွေးနွေးပွဲများ၊ ပြပွဲများနှင့် ဆုံဆည်းပွဲများကို ကျင်းပခဲ့ကြပြီး ဆောင်းပါးများကိုလည်း ထုတ်ဝေခဲ့ကြသည်။
၂၀၂၆ ခုနှစ်တွင် ဩစတြေးလျ၊ ကနေဒါ၊ ထိုင်ဝမ်၊ ဗြိတိန်နှင့် အမေရိကန်အပါအဝင် နိုင်ငံပေါင်း ခုနစ်နိုင်ငံရှိ မြို့ပေါင်း ၃၀ ကျော်တွင် အထိမ်းအမှတ် အခမ်းအနားများကျင်းပရန် စီစဉ်ထားသည်။
တီအန်မင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်ပွားပြီးနောက်တွင် တရုတ်အစိုးရသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် နှိပ်ကွပ်မှုတရပ်ကိုလုပ်ဆောင်ခဲ့ပြီး “တော်လှန်ရေးကို တန်ပြန်မှု” အဖြစ် မီးရှို့မှုနှင့် လူမှုရေးဆူပူအောင်လုပ်မှုအပါအဝင် အခြားသော ရာဇဝတ်မှုဆိုင်ရာ စွဲချက်များဖြင့် လူပေါင်း ထောင်နှင့်ချီ၍ ဖမ်းဆီးခဲ့သည်။
တီအန်မင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် အစိုးရက တာဝန်ခံမှုမရှိသကဲ့သို့၊ သတ်ဖြတ်မှုများအတွက် မည်သည့်အရာရှိကိုမျှ ဥပဒေကြောင်းအရ အရေးယူတာဝန်ခံခိုင်း ခြင်းလည်း မရှိခဲ့ပေ။ ထို့ပြင် ဖြစ်ရပ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခြင်း (သို့မဟုတ်) သေဆုံးသူ၊ ဒဏ်ရာရရှိသူ၊ အဓမ္မဖျောက်ဖျက်ခံရသူနှင့် ထောင်ချခံရသူများ၏ အချက်အလက်များကို ထုတ်ပြန်ပေးခြင်းမျိုးလည်း မရှိခဲ့ပါ။
တီအန်မင် မိခင်များအဖွဲ့သည် ပေကျင်းမြို့နှင့် အခြားမြို့ကြီးများတွင် ထိုလှုပ်ရှားမှုကို ဖိနှိပ်မှုအတွင်း လူပေါင်း ၂၀၂ ဦး သတ်ဖြတ်ခံခဲ့ရမှုကို မှတ်တမ်းတင် စုဆောင်းထားနိုင်ခဲ့သည်။
တီအန်မင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန် တောင်းဆိုချက်များကို တရုတ်အစိုးရက လျစ်လျူရှုထားခဲ့သည်။ တီအန်မင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အစိုးရက ချမှတ်ခဲ့သော ပိတ်ဆို့အရေးယူမှုများသည်လည်း နှစ်ပေါင်း များစွာအတွင်း အားနည်းသွားခဲ့သည်။
ထိရောက်သော နိုင်ငံတကာပိတ်ဆို့အရေးယူမှုများ မရှိခြင်းကြောင့် နောက်ပိုင်း ဆယ်စုနှစ်များအတွင်း တရုတ်လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းများ ပိုမိုဆိုးရွားလာစေရန် လမ်းခင်းပေးခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ပြောကြားခဲ့သည်။
တရုတ်အစိုးရက –
လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ အသင်းအပင်း ဖွဲ့စည်းခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုင်ရာ ရပိုင်ခွင့်များကို လေးစားလိုက်နာရမည်ဖြစ်ပြီး၊ တီအန်မင်လူသတ်ပွဲနှင့် ပတ်သက်၍ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်ကို စိန်ခေါ်သူများအား နှောင့်ယှက်ခြင်းနှင့် မတရား ဖမ်းဆီးထိန်းသိမ်းခြင်းများကို ရပ်တန့်ရမည်။
တီအန်မင် မိခင်များအဖွဲ့မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ တောင်းပန်ရမည်ဖြစ်ပြီး၊ သေဆုံးခဲ့သူ (သို့မဟုတ်) မတရားထောင်ချခံခဲ့ရသူအားလုံး၏ အမည်စာရင်းကို ထုတ်ပြန်ပေးရမည့်အပြင်၊ နစ်နာခဲ့ရသူများ၏ မိသားစုများကိုလည်း သင့်လျော်သည့်နစ်နာကြေး ပေးလျော်ရမည်။
တီအန်မင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် နောက်ဆက်တွဲ အကျိုးဆက်များအပေါ် လွတ်လပ်သော လူထုစုံစမ်းစစ်ဆေးမှုတရပ် ပြုလုပ်ရန် ခွင့်ပြုရမည်ဖြစ်ပြီး၊ စုံစမ်းစစ်ဆေး တွေ့ရှိချက်များနှင့် ကောက်ချက်များကို ချက်ချင်းထုတ်ပြန်ပေးရမည်။
၁၉၈၉ ခုနှစ် ဖြစ်ရပ်များနှင့် ဆက်စပ်မှုများကြောင့် ပြည်ပသို့ ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရသည့် တရုတ်နိုင်ငံသားများကို မည်သည့်သတ်မှတ်ချက်မျှမရှိဘဲ ပြည်တော်ပြန်ခွင့် ပြုရမည်။
ဆန္ဒပြသူများအပေါ် တရားမဝင်လက်နက်အားကိုး အင်အားသုံးရန် စီစဉ်ခဲ့ (သို့မဟုတ်) အမိန့်ပေးခဲ့သည့် အစိုးရနှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံးကို စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး၊ ၎င်းတို့ကို သင့်လျော်စွာ တရားစွဲဆို အရေးယူရမည်။
နိုင်ငံခြားအစိုးရများကလည်း အတိတ်က ပြင်းထန်သော ချိုးဖောက်မှုများအတွက် တရုတ်အစိုးရအား တာဝန်ခံစေရန် ကြိုးပမ်းမှုများကို ပြန်လည်စတင်သင့်ပါသည်။
“ပေကျင်းရဲ့ ဆင်ဆာဖြတ်တောက်မှု၊ ခြိမ်းခြောက်မှုနဲ့ ပြင်းထန်တဲ့ နှိပ်ကွပ်မှုတွေ ရှိနေပေမဲ့လည်း ကမ္ဘာတဝန်းက တရုတ်နဲ့ ဟောင်ကောင်ပြည်သူတွေက တီအန်မင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အထိမ်းအမှတ်ပွဲတွေကို ဆက်လက်လုပ်ဆောင်နေကြပါတယ်” ဟု အူလူယိုးက ပြောကြားခဲ့သည်။
“သက်ဆိုင်ရာအစိုးရတွေက သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုသင့်ပြီး၊ တရုတ်အစိုးရကိုလည်း တီအန်မင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် တာဝန်ခံဖို့၊ ကုစားမှုတွေ ပြုလုပ်ပေးဖို့နဲ့ တာဝန်ရှိတဲ့အရာရှိတွေကို အရေးယူဖို့ ဖိအားပေးသင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Eurasia Review မှ China: No Justice For Tiananmen Massacre 37 Years On, HRW Says အား သောမတ် ဘာသာပြန်သည်။