
လားရှိုးတွင် ကျောင်းပိုင်မြေက လူနေအိမ်များကို ဘူဒိုဇာဖြင့် ဖြိုချ
AI Summary
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက် ၅၊ နယ်မြေ ၉ ရှိ ကျောင်းပိုင်မြေပေါ် ဆောက်လုပ်ထားသော လူနေအိမ် ၁၅ လုံးကို မေ ၃၁ ရက်နေ့တွင် စစ်အာဏာရှင်ဘက်က ဘူဒိုဇာများဖြင့် လာရောက်ဖျက်ဆီးခဲ့သည်။ ယင်းမြေများသည် ၂၀၁၂ ခုနှစ်က ကျောင်းအုပ်ဟောင်းတစ်ဦးက ခိုးရောင်းခဲ့ခြင်းဖြစ်ပြီး၊ ဌာနဆိုင်ရာများက အိမ်မဆောက်ရန် တားမြစ်ခဲ့ဖူးသည်။ ရဲ၊ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်နှင့် မြို့နယ်ပညာရေးမှူးတို့ ပါဝင်သော အဖွဲ့က အိမ်များကို ဖြိုချခဲ့ရာ သိန်းထောင်ချီတန်သော နေအိမ်များလည်း ပါဝင်သည်။ ဒေသခံအများစုသည် နှစ်ပတ်ကြိုတင်စာထုတ်ပြီးနောက် ပြောင်းရွှေ့ခဲ့ကြပြီး၊ ကျန်ရှိသူများကိုမူ ယနေ့တွင် ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့သည်။ ပြီးခဲ့သည့် မေ ၂၆ ရက်ကလည်း ရပ်ကွက် ၉၊ နယ်မြေ ၁ တွင် စစ်တပ်ပိုင်မြေဟုဆိုကာ နေအိမ် ၉ လုံးကို ဘူဒိုဇာဖြင့် ဖြိုချခဲ့သေးသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ကျောင်းပိုင်မြေအတွင်း နေထိုင်နေတဲ့ လူနေအိမ်တွေကို စစ်အာဏာရှင်ဘက်က မေ ၃၁ ရက် ဒီနေ့မှာ ဘူဒိုဇာနဲ့ လာရောက်ဖျက်ဆီးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရပ်ကွက် ၅၊ နယ်မြေ ၉ က လူနေအိမ် ၁၅ လုံးကို စာသင်ကျောင်းပိုင်မြေဆိုပြီး ရဲ၊ မီးသတ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်နဲ့ မြို့နယ်ပညာရေးမှူးတို့က ဘူဒိုဇာနဲ့ဖြိုချတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အ.မ.က ၁၀ မူလွန်ကျောင်းပိုင်မြေ။ ၂၀၁၂ က ကျောင်းအုပ်က ၂ လုံး ထိုးများတော့ ခိုးရောင်းစား။ အဲဒီနောက်ပိုင်း အိမ်ဆောက်ကြမဲ့အချိန်လည်း ဌာနဆိုင်ရာနဲ့ ရပ်ကွက်လူကြီးတွေက မဆောက်ဖို့ အကြိမ်ကြိမ် တားမြစ်စာထုတ်တယ်၊ မရဘူး။ အခုတော့ နှစ်ပတ် စာထုတ်ပြီး ရွှေ့ခိုင်းတော့ အားလုံးရွှေ့လိုက်ရတယ်” လို့ DVB ကို ပြောပါတယ်။
ဖျက်ဆီးခံရတဲ့ နေအိမ်တွေထဲမှာ သိန်းထောင်ချီတန်တဲ့ နေအိမ်တွေလည်း ပါဝင်ပြီး စုစုပေါင်း ခြံ ၈ ကွက်မှာ ၇ ကွက်က အိမ်ဆောက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
တချို့က စာထုတ်ပြီးနောက်ပိုင်း ရွှေ့သွားကြပေမဲ့ ကျန်နေသူတွေကတော့ ဒီနေ့မှ ရွှေ့ကြပြီး အိမ်တွေကို ဘူဒိုဇာနဲ့ ဖြိုချခဲ့ပါတယ်။
ဒေသခံ နောက်တယောက်ကလည်း “ရောင်းစားသွားတဲ့ အဲဒီကျောင်းအုပ်က အငြိမ်းစားယူတာ ကြာပြီ။ ဘယ်ရောက်မှန်း မသိဘူး။ အခုက ကျောင်းအုပ်အသစ် ၂ ယောက်မြောက်ဖြစ်နေပြီ။ လူတွေက အားလုံး ဒီနေ့ကောင်းကောင်းဖယ်ပေးကြပါပြီ။ လားရှိုးမြို့မှာ ဒီလို မလွတ်မကင်းမြေ ဝယ်ထားမိကြတာ များတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၆ ရက်ကလည်း ရပ်ကွက် ၉၊ နယ်မြေ ၁ မှာ နေအိမ် ၉ အိမ်ကို စစ်တပ်ပိုင်မြေဆိုပြီး ဘူဒိုဇာနဲ့ ဖြိုချခဲ့ပါသေးတယ်။