မြိုင်မြို့နယ်တွင် စစ်အုပ်စုတပ်က ကျေးရွာများကို စစ်ကြောင်းထိုး၊ ဒေသခံ ထောင်နှင့်ချီထွက်ပြေးနေရ - BUR.MIZZIMA.COM
politics||4 MIN READ

မြိုင်မြို့နယ်တွင် စစ်အုပ်စုတပ်က ကျေးရွာများကို စစ်ကြောင်းထိုး၊ ဒေသခံ ထောင်နှင့်ချီထွက်ပြေးနေရ - BUR.MIZZIMA.COM

AI Summary

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုတပ်ဖွဲ့က စစ်ကြောင်းနှစ်ကြောင်းဖြင့် ကျေးရွာများကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများ နေ့စဉ်နီးပါး ပြုလုပ်နေသည်။ ယနေ့ ဇွန်လ ၄ ရက်နေ့တွင် ဝက်ပုတ်ကျေးရွာကို မီးရှို့ခဲ့ပြီး ဇွန်လ ၁ ရက်နေ့ကလည်း ကုန်းရွာရှိ နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။ ဤသို့ပြုလုပ်ရခြင်းမှာ မေလ ၂၃ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက သရက်ကန်ပျူရွာကို သိမ်းပိုက်ခဲ့ပြီးနောက် စစ်အုပ်စုက စက်မှု (၂) အထိုင်စခန်းကို အင်အားဖြည့်တင်းကာ လက်တုံ့ပြန်သည့်အနေဖြင့် စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများ ပြုလုပ်နေခြင်းကြောင့်ဖြစ်သည်။ စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကြောင့် စက်မှု (၂) အထိုင်စခန်းနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာခုနစ်ရွာမှ ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ထို့အပြင် မြိုင်မြို့နယ် အရှေ့မြောက်ဖက်ရှိ လင်းကတော ရဲစခန်းအခြေပြု စစ်ကြောင်းကလည်း ချောင်းတောင်၊ မရိုးကန်၊ ပေါင်းတည် စသည့်ရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသည်။ လက်ရှိတွင် ဒေသခံများသည် လေကြောင်း၊ မြေပြင်နှင့် ဒရုန်းရန်များကို အထူးဂရုပြုနေထိုင်ကြရန် တော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားပြီး ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်ပေးနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

ဓါတ်ပုံ – မြိုင်တွင် စစ်အုပ်စုတပ်ဖွဲ့ က ယနေ့ ဇွန် လ ၄ ရက်နေ့ တွင် ဝက်ပုတ်ကျေးရွာကို စစ်ကြောင်း ထိုးဝင်ရောက်ပြီးနောက် မီးရှို့ဖျက်စီးခဲ့သည်။ စစ်အုပ်စုတပ်ဖွဲ့ ၏ နေ့စဉ်နီးပါး စစ်ကြောင်းထိုးမှုများကြောင့် ထောင်နှင့်ချီသည့် ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။ မြိုင်မြို့နယ်အတွင်းရှိကျေးရွာ တခုမီးရှို့ခံရစဉ်။ (အညာမြေတပ်ပေါင်းစု – ပုံအဟောင်း)

MTO (ဇွန် – ၄)

မဇ္ဈိမ။ ။ မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်အုပ်စုတပ်ဖွဲ့က စစ်ကြောင်း နှစ်ကြောင်းဖြင့် ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည့်အတွက် ဒေသခံများ ထောင်ချီထွက်ပြေးနေရကြောင်း ဒေသတွင်းအဖွဲ့အစည်းများထံမှ သိရသည်။

ယနေ့(ဇွန်လ ၄ ရက်)မနက်အစောပိုင်းက မြိုင်မြို့နယ် အနောက်တောင်ဘက် စက်မှု (၂) မှ ထွက်လာသည့် စစ်အုပ်စုစစ်ကြောင်းသည် မနက် ၆ နာရီ ၄၀ မိနစ် အချိန်တွင် ဝက်ပုတ်ကျေးရွာကို စတင်မီးရှို့နေကြောင်း We Love Myaing အဖွဲ့ က ဆိုသည်။

“ နေအိမ် လေးလုံး လောက်ပဲ ပါသွားတယ်၊ ရှို့ပြီး မနက်ပိုင်းမှာပဲ စက်မှု (၂) ထဲကို ပြန်ဝင်သွားတယ်၊ စက်မှု (၂) နဲ့ ဝက်ပုတ်ရွာအကြားမှာ ကင်းပုန်းတွေ ထားခဲ့တယ်လို့လည်း ပြောတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ ဝင် တဦးက ပြောသည်။

အဆိုပါစစ်ကြောင်းသည် မနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် လာရာလမ်းအတိုင်း စက်မှု (၂) အထိုင်စခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

မြိုင်မြို့နယ်အတွင်းရှိ အကြီးဆုံးပျူရွာတရွာဖြစ်သည့် သရက်ကန်ပျူရွာကို တော်လှန်ရေးတပ်ဖွဲ့များ မေလ ၂၃ ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် ယင်နေ့မှာပဲ စစ်အုပ်စုတပ်ဖွဲ့ဖက်က စက်မှု (၂) အထိုင်စခန်းကို အင်အား ၁၀၀ ခန့်ဖြည့်တင်းပြီး မေလ ၂၄ ရက်နေ့ မှ စတင်ကာ အနီးအနားကျေးရွာများကို လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုးခြင်းများကို နေ့စဉ်နီးပါး ပြုလုပ်နေခြင်းဖြစ်သည်။

စစ်အုပ်စုတပ်ဖွဲ့ ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် စက်မှု (၂) အထိုင်စခန်းနှင့်အနီးတဝိုက် ရှိ ကျေးရွာပေါင်း ခုနစ်ရွာမှ ထောင်နှင့်ချီသည့် ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း အညာမြေတပ်ပေါင်းစုက ပြောသည်။

အဆိုပါ စစ်အုပ်စုစစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းကလည်း မြိုင်မြို့နယ်အနောက်တောင်ဘက်ရှိ ကုန်းရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀ လုံး ထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည်။

အလားတူ မြိုင်မြို့နယ် အရှေ့မြောက်ဖက် မြိုင်မြို့ နှင့် ၁၆ မိုင်အကွာတွင် တည်ရှိသည့် လင်းကတော ရဲစခန်းကို အခြေပြုပြီးလှုပ်ရှားနေသည့် စစ်အုပ်စုစစ်ကြောင်းသည်လည်း အနီးဝန်းကျင်ရှိ ကျေးရွာများဖြစ်ကြသော ချောင်းတောင်၊ မရိုးကန်၊ ပေါင်းတည် စသည့်ရွာများသို့ လှည့်လည်စစ်ကြောင်းထိုးကာ နေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိကြောင်းကိုလည်း အညာမြေတပ်ပေါင်းစုက ပြောသည်။

“ ကျတော်တို့ အနေနဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံအောင်နဲ့ ဆုံးရှုံးမှုတွေ ထပ်မဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ရေး ကြိုးစားနေပါတယ်” ဟု အညာမြေတပ်ပေါင်းစု မှ ကိုဘိုဘိုသန့်ဇင်က ပြောသည်။

လက်ရှိကာလတွင် မြိုင်မြို့နယ်အတွင်း စစ်ကြောင်းများ၏ အန္တရာယ်ကြောင့် ဒေသခံများအနေဖြင့် လေကြောင်း၊ မြေပြင်နှင့် ဒရုန်းရန်များကို အထူးအထူးဂရုပြုပြီးနေထိုင်ကြဖို့နှင့် တော်လှန်ရေးအဖွဲ့များမှ ဘေးကင်းရန် ထုတ်ပြန်ချက်များကို လိုက်နာပေးကြပါရန် အညာမြေတပ်ပေါင်းစုက တိုက်တွန်းနှိုးဆော်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဆက်စပ်သတင်းများ

AI Curated
မြိုင်မြို့နယ်တွင် စစ်အုပ်စုတပ်က ကျေးရွာများကို စစ်ကြောင်းထိုး၊ ဒေသခံ ထောင်နှင့်ချီထွက်ပြေးနေရ - BUR.MIZZIMA.COM | YGN Daily