
AI Summary
မကွေးတိုင်း၊ ပေါက်မြို့နယ် ကပစ-၂၄ မှ ထွက်လာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် ယောတပ်တော် (YA) အပါအဝင် မဟာမိတ်တပ်များက မေ ၂၃ ရက်မှစတင်ကာ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲများကြောင့် စစ်ကောင်စီဘက်မှ စစ်သား ၈၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း မဟာမိတ်တပ်များက မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပစ္စည်းများ ခိုးယူခြင်းနှင့် စစ်ဘေးရှောင်နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။ မဟာမိတ်တပ်ပေါင်းစုဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိသူများနှင့် အသက်စွန့်လွှတ်ခဲ့သူများ ရှိခဲ့ကြောင်း ယောတပ်တော်က ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီတပ်သည် ချင်းတောင်ရှိ ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်များသို့ ထိုးစစ်ဆင်ရန် ယောဒေသတွင် အင်အားဖြည့်တင်းခဲ့ခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ချင်းပြည်တောင်ပိုင်းတွင်လည်း တိုက်ပွဲများ ပြင်းထန်နေကာ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းထားသည်။

မကွေးတိုင်း၊ ယောဒေသဖြစ်တဲ့ ပေါက်မြို့နယ် ကပစ-၂၄ က ထွက်လာတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းကို မဟာမိတ်တပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၈၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိကာ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ ရထားတယ်လို့ မဟာမိတ်တပ်တွေဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ ယောတပ်တော် (YA) တို့က မေ ၃၁ ရက်မှာ ထုတ်ပြန် ပါတယ်။
ပေါက်မြို့နယ် ကပစ-၂၄ က မေ ၁၁ ရက်မှာ ထွက်လာတဲ့ အင်အား ၄၀၀ ပါ စစ်ကြောင်းနဲ့ မေ ၂၂ ရက်က ထွက်လာတဲ့ အင်အား ၉၀၀ ပါ စစ်ကြောင်းတို့ကို မေ ၂၃ ရက်မှာ မဟာမိတ် ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲ ၁၀၀ ထက်မနည်း ဖြစ်ပွားခဲ့ကာ လက်ရှိအချိန်အထိလည်း တိုက်ပွဲဆက်ဖြစ်နေဆဲလို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။
တိုက်ပွဲကာလအတွင်းမှာလည်း စစ်တပ်ဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာ၊ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာတွေကို လေကြောင်းက အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်တာတွေ စတဲ့ စစ်ရာဇဝတ်မှုတွေကို ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေအတွင်းမှာလည်း မဟာမိတ်တပ်ပေါင်းစုဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အသက်စွန့်လွှတ်သွားသူတွေလည်းရှိတယ်လို့ ယောတပ်တော်က ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေဆက်လက်ပြီး ပြင်းထန်လာနိုင်တာကြောင့်လည်း ပြည်သူလူထုတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
စစ်တပ်ဟာ မကွေးနဲ့ ချင်းတောင်းအစပ်ရှိ ယောဒေသ၊ ဆောမြို့နယ်ကို မေလအစောပိုင်းကတည်းက အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတာဖြစ်ပြီး အဲဒီကတဆင့် ချင်းတောင်ရှိ ကန်ပက်လက်မြို့နယ်နဲ့ မင်းတပ်မြို့နယ်တို့ကို စစ်ရေးအရ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိ ချင်းပြည်တောင်ပိုင်းမှာ ကန်ပလက်မြို့နယ်နဲ့ မင်းတပ်မြို့နယ်အတွင်း ဆက်လက် တိုက်ပွဲတွေ ရှိနေကြပြီး ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) တို့နဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းပြီး စစ်တပ်ရဲ့ထိုးစစ်ကို တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။