တိုက်ပွဲများကြောင့် စစ်တွေမြို့လုံခြုံရေးတိုးမြှင့်ပြီး         ဧည့်စာရင်းစစ်ဆေးမှုတိုးလုပ်လာ
general||4 MIN READ

တိုက်ပွဲများကြောင့် စစ်တွေမြို့လုံခြုံရေးတိုးမြှင့်ပြီး ဧည့်စာရင်းစစ်ဆေးမှုတိုးလုပ်လာ

Narinjara
SourceNarinjara

AI Summary

စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။ ထို့ကြောင့် စစ်တွေမြို့လုံခြုံရေးကို ယခင်ကထက် တိုးမြှင့်ကာ စစ်အင်အားဖြည့်တင်းခြင်းနှင့် ဧည့်စာရင်းစစ်ဆေးမှုများကို ပိုမိုလုပ်ဆောင်လျက်ရှိသည်။ မေလ ၇ ရက်မှစ၍ မြို့တွင်းလမ်းဆုံလမ်းခွများတွင် စစ်သားများချထားပြီး မြို့ပြင်တစ်လျှောက် ဘင်ကာနှင့် လုံခြုံရေးဂိတ်များ တိုးချထားသည်။ ဧည့်စာရင်းစစ်ဆေးမှုများကြောင့် မသင်္ကာသူများကို ဖမ်းဆီးခြင်း၊ ငွေပေးမှပြန်လွတ်ခြင်းများရှိပြီး မြို့ဆင်ခြေဖုံးနှင့် နေ့စားအလုပ်သမားများ ပိုမိုထိခိုက်နေသည်။ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြားပြီး AA ကလည်း စစ်တွေအခြေစိုက် စစ်တပ်စခန်းများကို လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်နေသည်။ လက်ရှိတွင် မြို့ပေါ်၌ ပုံမှန်အတိုင်း သွားလာနေရဆဲဖြစ်သော်လည်း မြို့ပြင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

နိရဉ္စရာ၊မေ၃၁/၂၀၂၆

စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် နေရာအချို့တွင် အာဏာသိမ်းအကြမ်းဖက် မြန်မာစစ်တပ်နှင့်အာရက္ခတပ်တော်တို့အကြား မကြာခဏ ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေသဖြင့် စစ်တွေမြို့ လုံခြုံရေးကို ယခင်ကထက် တိုးမြှင့်ကာ အနီးကပ်စောင့်ကြည့်မှုများနှင့်အတူ ဧည့်စာရင်းစစ်ဆေးမှုများကို ပိုမို လုပ်ဆောင် နေကြောင်း သတင်းရရှိသည်။

စစ်တွေ ဒေသခံ အမျိုးသမီးတစ်ဦးက “မေလ ၇ ရက်ကစပြီး နေဗီနဲ့စစ်အင်အားနဲ့လုံခြုံရေး တိုးချတာရှိတယ်။တစ်မြို့လုံး နီးပါးလမ်းဆုံလမ်းခွတွေမှာငါးယောက်တစ်စု ၊ခြောက်ယောက် တစ်စု။ တချို့က စစ်သုံးလွယ်အိတ်တွေလွယ်ပြီး၊ တချို့က  စစ်ဝတ်တွေနဲ့ရော၊အရပ်ဝတ်နဲ့ပါစောင့်ကြည့် နေတာတွေလည်းရှိတယ်” ဟုပြောသည်။

စစ်တွေတွင် မေလပထမပတ်မှစကာမြန်မာစစ်တပ်ကစစ်အင်အားဖြည့်တင်းမှု၊စစ်ရေး ပြင်ဆင်မှုများကိုပိုမိုလုပ်ဆောင်လျက်ရှိနေပြီး လုံခြုံရေးကိုလည်း တိုးချထားကြောင်းသူမကဆက်ပြောသည်။

ယင်းအပြင်ခလရ (၂၀) တပ်ရင်းတွင် အရေးပေါ်အတွက် ရဟတ်ယာဉ်တစ်စီးထားရှိပြီး  စစ်တွေ မြို့ပြင်တစ်လျှောက်ဘင်ကာများ၊ ကာကင်းများထပ်တိုးချခြင်း၊လုံခြုံရေးဂိတ်များတိုးချခြင်း၊ရှိပြီးသား ဂိတ်များတွင်လည်းတပ်အင်အားထပ်တိုးခြင်းများရှိနေကြောင်းစစ်ရေးသတင်းရင်းမြစ် များကနိရဉ္စရာကို ပြောသည်။

စစ်တွေမြို့ အနီးတွင် တည်ရှိသည့် ကံ့ကော်ကျွန်း၊ ကျောက်တန်းကြီးရွာ၊ ပါဒလိပ်၊ တောကန် ရွာနားများတွင် မေလ ၂၂ ရက်နေ့က စပြီး တိုက်ပွဲများဖြစ်ပွားနေသည်ဟု သတင်းရသော်လည်း စစ်တွေမြို့ပေါ်တွင် ပုံမှန်အတိုင်း သွားလာမပျက်ရှိနေသည်ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။

“စစ်တွေမြို့ထဲမှာတော့ အေးအေးဆေးဆေး နေထိုင်နေကြပါတယ်။ တိုက်ပွဲဖြစ်နေတာက ကံ့ကော်ကျွန်း၊ ကျောက်တန်းကြီးရွာ၊ ပါဒလိပ်ရွာနားတွေမှာ ဖြစ်နေတယ်လို့ ပြောတယ်။ ကိုယ်တိုင်မြင်တာတော့မဟုတ်ဘူး။ တစ်ဆင့်ကြားတာပါ။ မြို့ပြင်မှာဖြစ်နေပေမယ့် မြို့ထဲမှာပုံမှန်ပါဘဲ။ထူးခြားတာက ဧည့်စာရင်းစစ်တာတွေကို တိုးလုပ်နေပါတယ်”ဟု ပြောသည်။

ဧည့်စာစစ်ရာတွင် ည ၉ နာရီမထိုးခင် စတင်စစ်ဆေးပြီး တစ်ရက်တွင် ရပ်ကွက် ၃ ခု၊ လေးခုနှင့် တစ်ပတ်တွင် တစ်ကြိမ်၊ သုံးပတ်တွင် ၂ ကြိမ်နှုန်းစသဖြင့် ဝင်ရောက် စစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ဆိုသည်။

“ ဧည့်စာရင်းစစ်တာက အရင်ကထက် ပိုလုပ်လာတယ်။ မသင်္ကာရင် ဆွဲခေါ်သွားတယ်။ ပြန်လွှတ်လာတာတော့ နည်းတယ်။ ပိုက်ဆံပေးနိုင်ရင်တော့ ပြန်လွှတ်လာတာတွေတော့ရှိတယ်။ အဓိကတော့ မြို့ဆင်ခြေဖုံး ရပ်ကွက်တွေနဲ့ နေ့စားအလုပ်သမားတွေနေတဲ့ နေရာတွေဆို အခြေအနေ ပိုဆိုးတယ်” ဟု ပြောသည်။

တိုက်ပွဲများမှာ စစ်တွေမြို့နယ်နှင့်ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာအချို့တွင်မကြာ မကြာ ဖြစ်ပွားမှုများရှိနေသော်လည်း အပြင်းအထန်ဖြစ်ပွားမှုမျိုးတော့ မရှိသေးကြောင်း၊ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုက ပိုများကြောင်း၊ အထူးသဖြင့် အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ပေါက်တော၊ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များသို့ နေ့စဉ်လိုလို ပစ်ခတ်မှုများရှိနေသည်ဟု AA နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကပြောသည်။

အာရက္ခတပ်တော်ကလည်း စစ်တွေ အခြေစိုက် အာဏာသိမ်းစစ်တပ် တပ်စခန်းများသို့ ဒုံးကျည်များအပါအဝင် လက်နက်ကြီးများဖြင့် တုန့်ပြန်ပစ်ခတ်မှုများရှိနေပြီး တပ်စခန်းအတွင်းထဲထိ ကျရောက်ပေါက်ကွဲမှုများ ရှိနေသဖြင့် စစ်သားများမှာ ယခင်ကလို အဆောင်များတွင် မအိပ်ရဲဘဲ ဘန်ကာများ၊ ကတုတ်ကျင်းများနှင့် မွတ်ဆလင်ကျေးရွာများအတွင်းသို့ ဝင်ရောက်ကာ အိပ်နေကြသည်ဟု ပြောသည်။

ဆက်စပ်သတင်းများ

AI Curated
တိုက်ပွဲများကြောင့် စစ်တွေမြို့လုံခြုံရေးတိုးမြှင့်ပြီး ဧည့်စာရင်းစစ်ဆေးမှုတိုးလုပ်လာ | YGN Daily