
AI Summary
အမေရိကန်နှင့် အီရန်နိုင်ငံတို့သည် ၃ လကြာ ဖြစ်ပွားနေသည့် ပဋိပက္ခကို အဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေးသဘောတူညီချက် မူကြမ်းတစ်ခုကို ရေးဆွဲလျက်ရှိသည်။ အဆိုပါသဘောတူညီချက်တွင် ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေး၊ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးနှင့် အမေရိကန်က အီရန်အပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရေးတို့ ပါဝင်သည်။ ဤပဋိပက္ခကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး ကမ္ဘာ့လောင်စာဆီဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့ရသည်။ လက်ရှိတွင် နှစ်နိုင်ငံစလုံးသည် သဘောတူညီချက်ကို အပြီးသတ်နိုင်ရန် ကြိုးပမ်းနေသော်လည်း အီရန်ဘက်ကမူ နောက်ဆုံးဆုံးဖြတ်ချက် မချရသေးကြောင်းနှင့် အမေရိကန်၏ တောင်းဆိုမှုအချို့အပေါ် သဘောထားကွဲလွဲမှုများ ရှိနေသည်။ သမ္မတ ထရမ့်ပ်ကမူ ငြိမ်းချမ်းရေးစာချုပ်ကို မကြာမီ လက်မှတ်ရေးထိုးနိုင်မည်ဟု ယုံကြည်ထားပြီး အီရန်အနေဖြင့် နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် လုံးဝမရှိစေရဟု အခိုင်အမာ ပြောကြားထားသည်။
ထင်ရှားသော ပြောကြားချက်များ
"သဘောတူတယ်လို့ပဲ ကျနော် နားလည်ထားတယ်"
"အီရန်စစ်ပွဲ အဆုံးသတ်ဖို့ နောက်ဆုံး စာရွက်စာတမ်းကိစ္စတွေ လုပ်နေပါတယ်။ ဒီကိစ္စကလည်း နောက်ရက်အနည်းငယ်ဆို ပြီးမှာပါ"
အမေရိကန်နဲ့ အီရန်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ အဆိုပြု ကမ်းလှမ်းထားတဲ့ နောက်ဆုံးမူကြမ်း သဘောတူညီချက် အသေးစိတ်ကို ဆော်ဒီမီဒီယာ အယ်လ်အာရေးဘီးယားက ဇွန် ၁၂ ရက်မှာ ထုတ်ဖော် ဖွင့်ချလိုက်ပါတယ်။
သတင်းဌာနရဲ့ လူမှုမီဒီယာမှာ ပို့စ်တွေ ဆက်တိုက်တင်ထားချက်တွေအရ အဲဒီသဘောတူညီချက် မူကြမ်းမှာ အပစ်အခတ်ရပ်စဲရေးကို ရက်ပေါင်း ၆၀ ထပ်တိုးဖို့နဲ့ မဟာဗျူဟာမြောက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့တွေ ပါဝင်ပါတယ်။
ဒါ့အပြင် အမေရိကန်ဟာ အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေနဲ့ ပိတ်ဆို့တားဆီးမှုတွေကို ပြန်ရုပ်သိမ်းပေးရမှာဖြစ်ပြီး ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးထားတဲ့ အတောအတွင်းမှာ အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယံကိစ္စနဲ့ ပတ်သက်လို့ ၂ နိုင်ငံ ဆွေးနွေးသွားရမယ်လို့ သဘောတူညီချက်ထဲမှာ သတ်မှတ်ထားပါတယ်။
သဘောတူညီချက် မူကြမ်းအရ ၂ ဖက်စလုံးက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ကတိကဝတ် ပြုရမှာဖြစ်ပြီး သဘောတူညီချက်ကို အကောင်အထည်ဖော်နေတဲ့ ကာလအတွင်းမှာ ဘယ်လိုစစ်ရေးတိုက်ခိုက်မှုမျိုးကိုမှ မလုပ်ရဘူးလို့လည်း ဆိုပါတယ်။
တကယ်လို့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာမျိုး ရှိလာရင်တော့ ကြားဝင်စေ့စပ်ညှိနှိုင်းရေး ယန္တရားတခုကနေ တဆင့် ဖြေရှင်းသွားမယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ အီရန်နဲ့ အမေရိကန်တို့ဟာ ပါကစ္စတန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကတဆင့် ငြိမ်းချမ်းရေးအတွက် အခြေအနေတွေကို အကြမ်းဖျင်း ဖော်ပြထားတဲ့ အစီအစဉ် တော်တော်များများကို အပြန်အလှန် အဆိုပြု ကမ်းလှမ်းခဲ့ကြပြီး စစ်ပွဲကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ နားလည်မှုစာချွန်လွှာ (MoU) ကို အပြီးသတ်နိုင်ဖို့ လုပ်ဆောင်နေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ အမေရိကန်နဲ့ အီရန်နိုင်ငံတို့ဟာ ဟော်မုဇ်ရေလက်ကြားရဲ့ ရေကြောင်းကုန်သွယ်မှုကို ပြန်ဖွင့်ပေးမဲ့ ငြိမ်းချမ်းရေးစာချုပ်ကို ဒီတပတ် ပိတ်ရက်မှာတင် လက်မှတ်ထိုးနိုင်ခြေ ရှိတယ်လို့ ဇွန် ၁၁ ရက်မှာ ပြောပါတယ်။
ထရမ့်ပ်ဟာ ဆွေးနွေးပွဲတွေ တိုးတက်မှု ရှိလာတာကြောင့် အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်ဖို့ ပြင်ဆင်ထားတာတွေကို ပြန်ဖျက်သိမ်းလိုက်ပြီးနောက်မှာ အခုလို ကြေညာခဲ့တာပါ။
အီရန်ရဲ့ အဓိပတိခေါင်းဆောင် အယာတိုလာ မို့ဂျ်တာဘာ ခါမေနီ ကရော ဒီစာချုပ်ကို သဘောတူပြီးပြီလားလို့ မေးရာမှာတော့ ထရမ့်ပ်က “သဘောတူတယ်လို့ပဲ ကျနော် နားလည်ထားတယ်” လို့ ဖြေခဲ့ပါတယ်။
သတင်းထောက်တွေက ဒီသဘောတူညီချက်ထဲမှာ အီရန်ဘက်က နျူကလီးယားလက်နက် မထုတ်လုပ်ဖို့ ကတိပြုချက် ပါ၊ မပါ မေးမြန်းရာမှာတော့ ထရမ့်ပ်က အီရန်အနေနဲ့ နျူကလီးယား လက်နက်ကို ဘယ်ပုံစံ၊ ဘယ်နည်းနဲ့မှ ဝယ်ယူတာ ဒါမှမဟုတ် တီထွင်တာမျိုး လုံးဝ လုပ်မှာမဟုတ်ကြောင်း သဘောတူထားပြီးသားမို့ သူတို့မှာ နျူကလီးယားလက်နက် လုံးဝ ရှိလာမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။
အခုပြင်ဆင်နေတဲ့ နားလည်မှုစာချွန်လွှာ (MOU) ဟာ စိတ်ကူးသဘောတရားပိုင်း နည်းနည်းဆန်ပေမဲ့ တကယ်ခိုင်မာပြီး အသေးစိတ်ကျတဲ့အပြင် အီရန်အပေါ် သြဇာညောင်းတဲ့ တခြားနိုင်ငံ အများကြီးကလည်း သဘောတူထားတာမို့ မုချအောင်မြင်မှာဖြစ်ပြီး အမေရိကန်ထက်တောင် အီရန်ဘက်က ဒါကို ပိုပြီး လက်မှတ်ထိုးချင်နေကြတယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
ဒါ့အပြင် နောက်ဆုံးသဘောတူညီချက်ရဖို့ သတ်မှတ်ရက် အတိအကျကိုတော့ ထရမ့်ပ်က မပြောလိုဘဲ သတ်မှတ်ရက်ပြောလိုက်ရင် မမီတဲ့အခါ ဝေဖန်ခံရနိုင်တာမို့လို့ဖြစ်ပြီး ဘယ်လိုပဲဖြစ်ဖြစ် အတော်မြန်မြန်နဲ့ လက်မှတ်ထိုးဖြစ်မှာမို့ သတ်မှတ်ရက်က သိပ်မရေးကြီးဘူးလို့ ရှင်းပြခဲ့ပါတယ်။
ဒီသဘောတူညီချက်သာ အတည်ဖြစ်သွားရင် လူပေါင်းထောင်ချီ သေဆုံးပြီး ကမ္ဘာ့လောင်စာဆီ ဈေးနှုန်းတွေကို အဆမတန် တက်စေခဲ့တဲ့ ၃ လကြာ စစ်ပွဲကို အဆုံးသတ်နိုင်မဲ့ အရေးအပါဆုံး သံတမန်ရေးရာ အလှည့်အပြောင်း ဖြစ်လာမှာပါ။
အီရန်ရဲ့ အစိုးရတပိုင်း သတင်းဌာနဖြစ်တဲ့ ဖားစ်သတင်းဌာနကလည်း တီဟီရန်အစိုးရဘက်က တရားဝင် အကြောင်းမပြန်သေးပေမဲ့ ဒီသဘောတူညီချက်ကို အတည်ပြုဖို့ရှိတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လလယ်ကတည်းက စစ်ပွဲကို အဆုံးသတ်ဖို့ အီရန်နဲ့ သဘောတူညီချက် ရခါနီးပြီလို့ ထရမ့်ပ်က ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ဧပြီလက ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ဒီတပတ်အတွင်း နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ပျက်ပြယ်လုနီးပါး ဖြစ်ခဲ့ပါသေးတယ်။
ထရမ့်ပ် ကတော့ ဘယ်လိုငြိမ်းချမ်းရေးစာချုပ်မျိုးမဆို အီရန်အနေနဲ့ နျူကလီးယားလက်နက် လုံးဝ မထုတ်လုပ်နိုင်ဖို့ကိုပဲ အဓိက ဇောက်ချ ပြောနေခဲ့တာပါ။
တဖက်မှာလည်း အီရန်က နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းပေးဖို့၊ ဒေါ်လာဘီလီယံချီ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ထားတာကို ပယ်ဖျက်ပေးဖို့နဲ့ ဟော်မုဇ်ရေလက်ကြားကို သူတို့ ထိန်းချုပ်ခွင့် ရှိတာကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဘတ်ဂါအီ ကတော့ အမေရိကန်နဲ့ ဖြစ်နိုင်ဖွယ်ရှိတဲ့ သဘောတူညီချက်ကို အီရန်က နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးဘူးလို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်ပ်ဟာ ၃ ညဆက်တိုက် တိုက်ခိုက်မှုကို ပယ်ဖျက်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ အီရန်စစ်ပွဲ အဆုံးသတ်ဖို့ သဘောတူညီမှု ရှိခဲ့တယ်လို့ ကြေညာခဲ့ပေမဲ့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာက အခုလို တုံ့ပြန်ခဲ့တာပါ။
“အီရန်စစ်ပွဲ အဆုံးသတ်ဖို့ နောက်ဆုံး စာရွက်စာတမ်းကိစ္စတွေ လုပ်နေပါတယ်။ ဒီကိစ္စကလည်း နောက်ရက်အနည်းငယ်ဆို ပြီးမှာပါ” လို့ ထရမ့်ပ်က ပြောခဲ့ပြီး စာချုပ် ချုပ်ဆိုပွဲကလည်း ဥရောပမှာ ဖြစ်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန်ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုတွေ ကြိုးစားခဲ့တယ်လို့ အီရန်မီဒီယာကို ဘတ်ဂါအီက ပြောပါတယ်။
ဆွေးနွေးချက် အများအပြားကို နောက်ဆုံး ပြင်ဆင်ပြီးပြီဖြစ်ပေမဲ့ အမေရိကန်က ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဘတ်ဂါအီက ထပ်မံ ပြောပါတယ်။
ထရမ့်ပ်ကတော့ အမေရိကန်နဲ့ အီရန်တို့ဟာ မကြာမီ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမယ်လို့ ပြောထားသလို ဒီအပတ်အကုန်မှာလည်း ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပြီး သင်္ဘောတွေ ပြန်သွားနိုင်မှာ ဖြစ်တယ်လို့ ပြောထားတာပါ။
ဒီသဘောတူညီချက်သာ အတည်ဖြစ်မယ်ဆိုရင် ၃ လကြာ စစ်ပွဲကို သံတမန်နည်းနဲ့ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုငြိမ်းချမ်းရေးစာချုပ်ပဲချုပ်ချုပ် အီရန်က နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးလို့ ထရမ့်ပ်က ထပ်ပြောထားပြီး အီရန်ကတော့ လက်နက်လုပ်ဖို့ နျူကလီးယား အစီအစဉ် လုပ်နေတာ မဟုတ်ဘူးဆိုပြီး ငြင်းထားပါတယ်။