မင်းတုန်းအနောက်ခြမ်းကို စစ်အာဏာရှင်တပ်က ဘာကြောင့် စစ်ကြောင်းထိုးတာလဲ
politics||5 MIN READ

မင်းတုန်းအနောက်ခြမ်းကို စစ်အာဏာရှင်တပ်က ဘာကြောင့် စစ်ကြောင်းထိုးတာလဲ

DVB
SourceDVB
Back to News

AI Summary

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းနှင့် ရခိုင်ရိုးမအစပ်တွင် စစ်အာဏာရှင်တပ်က အင်အား ၁,၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာရာ မေလနှင့် ဇွန်လ ပထမသီတင်းပတ်အတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ဧပြီ ၁၈ ရက်မှစတင်ကာ စစ်ကြောင်း ၃ ခုခွဲ၍ ထိုးစစ်ဆင်ခဲ့ပြီး ဇွန် ၁ ရက်အထိ တိုက်ပွဲ ၁၇ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ စစ်တပ်၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်သို့ ကုန်စည်စီးဆင်းမှုလမ်းကြောင်းကို ပိတ်ဆို့ရန်နှင့် ရခိုင်ဘက်သို့ ထိုးဖောက်ဝင်ရောက်ရန်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။ တိုက်ပွဲများအတွင်း PDF ပူးပေါင်းတပ်ဖွဲ့ဝင် ၂ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်မှာလည်း အထိနာခဲ့ကြောင်း ဒေသခံစစ်ရေးရင်းမြစ်က ပြောကြားသည်။ လက်ရှိတွင် မင်းတုန်းမြို့နယ်အနောက်ခြမ်းနှင့် ရခိုင်ရိုးမအစပ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်က လေကြောင်းပစ်ကူနှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေသည်။ ထို့ကြောင့် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် သရက်ခရိုင်အမှတ် (၄) တပ်ရင်းက တိုက်တွန်းနှိုးဆော်ထားသည်။

Photo: DVB

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းနဲ့ ရခိုင်ရိုးမအစပ်ကို စင်အာဏာရှင်တပ်က အင်အား ၁,၀၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာလို့ မေလနဲ့ ဇွန်လ ပထမ သီတင်းပတ်ထဲ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

သရက်အခြေစိုက် ခလရ (၄၄)၊ ကပစ (၁၂) နဲ့ လပခ လက်အောက်ခံတပ်တွေ ပါဝင်တဲ့ အင်အား ၁,၀၀၀ ကျော်ရှိ စစ်တပ် စစ်ကြောင်းဟာ ဧပြီ ၁၈ ရက်ကတည်းက မကွေးတိုင်း သရက်-မင်းတုန်း လမ်းပိုင်းကနေ စတင်ဝင်ရောက်လာတာ ဖြစ်ပါတယ်။

စစ်ကြောင်း ၃ ခုခွဲပြီးထိုးစစ်ဆင်လို့  သရက်ခရိုင်အမှတ် - ၄ တပ်ရင်းကကြားဖြတ်တိုက်ခိုက်ရာ ဇွန် ၁ ရက် အထိဆိုရင် တိုက်ပွဲ ၁၇ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အယောက် ၂၀ ထက်မနည်းသေဆုံးတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ ထန်းပင်ကုန်းရွာ၊ ပြောင်းရွာတွေကနေတဆင့် ငကုန်းကျေးရွာဘက်ကိုတက်လာလို့ ဇွန်လဆန်းပိုင်းမှာပဲ အာရက္ခတပ်တော်ဦးဆောင်တဲ့တပ်တွေနဲ့ ရိုးအစပ်မှာ တိုက်ပွဲထပ်ဖြစ်ခဲ့တဲ့ အကြောင်း ဒေသခံ စစ်ရေးရင်းမြစ်က ပြောပါတယ်။

မကွေးဒေသခံ စစ်ရေးရင်းမြစ်တယောက်က " မင်းတုန်းဘက်က စစ်ကြောင်းထိုးတာကတော့ လေးရက်၊ လွန်ခဲ့တဲ့ လေးရက်လောက်ကရှိပြီ။ တောင်ခြေမှာက ပြောင်း၊ ထန်းပင်ကုန်း၊ သဖန်ရောင်၊ အဲ့ရွာရှိတယ်။ အဲ့ကနေပြီးတော့ သူတက်သွားတာ။ တက်သွားတော့ ဘယ်ရောက်တုန်း။ ရင်းကောက်တို့၊ ငကုန်းတို့ ရောက်မှာ။  ရခိုင်အစပ် ရောက်သွားတယ်။ အဲ့မှာ ဇာလီတောင်ဆိုတာ မကွေးထဲမှာပဲပေါ့နော် အဲ့ဒါ။ အဲ့ကနေပြီးတော့ စတက်တာလေ။ နတ်ရေကန်လည်းမရ၊ ညောင်ကျိုးလည်းမရဆိုတော့ အလယ်ကနေ အဲ့မင်းတုန်းကနေ ဖောက်ပြီးတော့ ရခိုင်သွားချင်တာပေါ့။ ဟိုဟာကလည်း အဲ့ဒါကို တည်ပြီးတော့ကိုင်တော့တာ။ မနေ့ကတော့ အဲ့တော်တော်လေး အထိနာတယ်တဲ့။ လန်ကျသွားတာ”လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်တွေသာ ရခိုင်ဘက်အခြမ်းထိ တက်နိုင်ခဲ့ရင်တောင်မှ နယ်မြေအနေအထားရ AA တပ်တွေရဲ့ ချေမှုန်းတာကိုသာ ခံရနိုင်တဲ့အကြောင်းလည်း စစ်ရေးရင်းမြစ်တချို့က ပြောပါတယ်။

ဒါဆိုရင် စစ်တပ်က မင်းတုန်း-ကံမ နယ်မြေကနေ ရခိုင်ရိုးမဘက်ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့ စစ်ရေးရည်ရွယ်ချက်နဲ့ ပတ်သက်လို့ စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီး ကိုဇင်ယော်က သုံးသပ်ပါတယ်။

“သူတို့ရဲ့ရည်ရွယ်ချက်က ရရင်တိုးမယ်၊ ဒါပေမဲ့ ရရင်တိုးတယ်၊ ဒီစစ်ကြောင်းကြီး တကြောင်းလုံး ကတော့ ပြုတ်ပြုတ်ပြုန်းဖို့ပဲရှိတယ်။ တိုးရင်းနဲ့ပေါ့နော် အဓိကတော့ မင်းဘူးဘက်ကနေလာတဲ့ ဟာရယ်၊ ဉသျှစ်ပင်ဘက်ကလာတဲ့ ကုန်စည်စီးဆင်းမှုကို ရခိုင်မြေကို နောက်ဆုံးပိတ်လိုက်တဲ့ အပေါက်တပေါက်လို့ပဲ ပြောရမှာပါ။ ဒါပေမဲ့ သူတို့က ပိတ်နေရင်းနဲ့ပဲ ရမလားဆိုပြီးတော့ နည်းနည်းတိုးကြည့်တဲ့အနေအထားမျိုးပေါ့။ အဲတော့ တိုးကြည့်လို့မရတော့ ပြန်ဆုတ်လိမ့်မယ်။ ပြန်ဆုတ်ပေမဲ့ ဒီဘက်တွေကတိုးလို့မရဘူးဆိုရင် မင်းတုန်း၊ ကံမပေါ့နော် အဲဒီနယ်မြေတွေ ဒါက ညောင်ကျိုးနယ်မြေနဲ့လည်း နည်းနည်းဆက်စပ်တယ်။ နတ်ရေကန်ဘက်နဲ့ဆိုရင်လည်း အလှမ်းမဝေးဘူး အဲဒီတော့ နောက်ပိတ်ဆုံးတပေါက် ထပ်ပြီးတော့ အာရက္ခတပ်အတွက် ဒီကျနော်တို့ မကွေးဘက်အခြမ်း ကနေပေါ့နော် ရခိုင်တောင်ပိုင်းကိုနောက်ဆုံး ပိတ်တဲ့စစ်မျက်နှာတခုလို့ပဲ မြင်ပါတယ်။”

ဇွန် ၁ ရက် အထိကတော့ တိုက်ပွဲတွေအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိအချိန်အထိ မင်းတုန်းမြို့နယ်အနောက်ခြမ်းကျေးရွာတွေနဲ့ ရခိုင်ရိုးမအစပ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတုန်းဖြစ်ပြီး အထိနာနေတဲ့ စစ်တပ်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးတွေ ရမ်းသန်း ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံရာနေရာတွေမှာ သတိပြုနေထိုင်ကြဖို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်းက တိုက်တွန်းနှိုးဆော်ထား ပါတယ်။

ဒီထက်ပိုပြီး အသေးစိတ်သိရဖို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ မင်းတုန်းမြို့နယ် ပအဖ အဖွဲ့တွေဆီ ဆက်သွယ်ပေမဲ့ ဇွန် ၃ ရက်အထိ ပြန်ဖြေတာမရှိသေးသလို DVB က အဆက်အသွယ် ရခဲ့တဲ့ မင်းတုန်းမြို့ခံ ၃ ယောက်ကတော့ မြို့ပေါ်မှာ အခြေအနေတည်ငြိမ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

စိုးသူအောင်

ဆက်စပ်သတင်းများ

AI Curated
မင်းတုန်းအနောက်ခြမ်းကို စစ်အာဏာရှင်တပ်က ဘာကြောင့် စစ်ကြောင်းထိုးတာလဲ | YGN Daily