
ဗိုလ်လောင်းသိန်းဟန် သေဆုံမှု လပခတိုင်းမှူးနှင့် ကျောင်းအုပ်ကြီး စစ်ဆေးခံနေရ
AI Summary
DSA အပတ်စဉ် ၇၀ မှ ဗိုလ်လောင်းသိန်းဟန် သေဆုံးမှုနှင့်ပတ်သက်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေးနှင့် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ထွဋ်ခေါင်တို့ စစ်ဆေးခံနေရသည်။ မေလ ၁ ရက်နေ့က ပြင်ဦးလွင်စစ်တက္ကသိုလ်တွင် ပထမနှစ်ကျောင်းသား ဗိုလ်လောင်းသိန်းဟန်အား စီနီယာဗိုလ်လောင်းများက ထိုးကြိတ်ရိုက်နှက်ခဲ့၍ သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ စစ်ဆေးခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ်အောင်ဌေးသည် ယခင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဖြစ်ပြီး ဗိုလ်မှူးချုပ်ထွဋ်ခေါင်မှာ လက်ရှိကျောင်းအုပ်ကြီးဖြစ်ကာ ၎င်းတို့နှစ်ဦးစလုံးကို မေလ ၂၉ ရက်နေ့မှစ၍ စစ်ဆေးနေခြင်းဖြစ်သည်။ စစ်တက္ကသိုလ်များတွင် စီနီယာများက ဂျူနီယာများကို ရိုက်နှက်ထိုးကြိတ်ခြင်းသည် အစဉ်အလာတစ်ခုလို ဖြစ်နေပြီး ယခင်ကလည်း ထိုသို့သောဖြစ်စဉ်များကြောင့် ဗိုလ်လောင်းများ သေဆုံးခဲ့ဖူးကြောင်း အငြိမ်းစားအရာရှိတစ်ဦးက ပြောသည်။ ထိုသို့သော ဖြစ်စဉ်များတွင် ကျောင်းဘက်မှ သတင်းဖုံးကွယ်ကာ ပြင်ပရောဂါဖြင့် သေဆုံးသည်ဟု မိဘများကို အကြောင်းကြားလေ့ရှိကြောင်းလည်း သိရသည်။ ဗိုလ်လောင်းသိန်းဟန်၏ သူငယ်ချင်းများက လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်သည်။

DSA အပတ်စဥ် ၇၀ က ဗိုလ်လောင်းသိန်းဟန်သေဆုံးမှုနဲ့ ပတ်သက်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေး နဲ့ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွဋ်ခေါင်တို့ စစ်ဆေးခံနေရတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
စီနီယာဗိုလ်လောင်းတွေရဲ့ ထိုးကြိတ်ရိုက်နှက်မှုကြောင့် ဗိုလ်လောင်းသိန်းဟန် သေဆုံးရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် အရင်ကျောင်းအုပ်ကြီးဖြစ်တဲ့ ဗိုလ်မှူးချုပ် အောင်ဌေး နဲ့ လက်ရှိကျောင်းအုပ်ကြီး တာဝန်ယူထားတဲ့ ဗိုလ်မှူးချုပ် ထွဋ်ခေါင်တို့ကို မေ ၂၉ ရက်က စစ်ဆေးနေတာလို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“DSA အပတ်စဥ် ၇၀ က ဗိုလ်လောင်းသိန်ဟန်၊ စီနီယာတွေထိုးကြိတ်လို့ သေတယ်ဆိုတာ အတည်ပြုချက်ယူစစ်ဆေးတာပါ။ လက်ရှိကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွဋ်ခေါင်က ရောက်တာ ၂ လပဲ ရှိသေးတော့ အရင်ကျောင်းအုပ်ကြီးဖြစ်ခဲ့တဲ့ လခတိုင်းမှူးဖြစ်တဲ့ ဗိုလ်မှူးချုပ် အောင်ဌေးပါ ခေါ်စစ်တာ။ အမှန်တကယ် စီနီယာတွေ ထိုးကြိတ်လို့ သေတယ်ဆိုရင် ဘယ်လိုအရေးယူမလဲ မသိဘူး။”
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် အောင်ဌေးမှာ အရင်က စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဖြစ်ပြီး မေ ၅ ရက်က အာဏာရှင်စစ်ခေါင်းဆောင်ဟောင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာပေးခဲ့ပြီး စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနေရာကို တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ထွဋ်ခေါင်ကို ခန့်ခဲ့တာဖြစ်ပါတယ်။
စစ်တက္ကသိုလ်တွေမှာ စီနီယာ၊ ဂျူနီယာ ခွဲခြားမှုတွေရှိပြီး စီနီယာတွေက ဂျူနီယာတွေကို ရိုက် နှက်ထိုးကြိတ်တာဟာ အစဥ်အလာတခုလို ဖြစ်နေတယ်လို့ အငြိမ်စားအရာရှိတယောက်က DVB ကို ပြောပါတယ်။
“အဲ့လိုဖြစ်စဥ်တွေက ဖြစ်နေကျ။ စီနီယာတွေ ဝိုင်းပြီးထိုးကြိတ်လို့ သေသွားတဲ့ ဗိုလ်လောင်းတွေလည်းရှိတယ်။ အဲ့လိုဖြစ်ရင် ကျောင်းက သတင်းကို ဖုံးထားတယ်။ ပြင်ပရောဂါနဲ့သေတယ်လို့ပဲ မိဘတွေကို အကြောင်းကြားတယ်။ ပေါက်ရောက်တဲ့ မိဘတွေဆို လက်မခံဘူး၊ လေ့ကျင့်ရေးအရာရှိချုပ်အထိ တိုင်လို့ စုံခုံဖွဲ့ပြီး ထောင်ကျသွားတဲ့ စီနီယာတွေလည်းရှိတယ်။ ဒါပေမဲ့ အဲ့ဒီဖြစ်စဥ်က မရှိသလောက်ပဲ။”
မေ ၁ ရက်က ပြင်ဦးလွင်စစ်တက္ကသိုလ်မှာ ပထမနှစ်ကျောင်းတက်နေတဲ့ ဧရာ၀တီတိုင်း ဖျာပုံမြို့နယ်က ဗိုလ်လောင်းသိန်းဟန်ကို စီနီယာဗိုလ်လောင်းတွေက ထိုးကြိတ်လို့ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကို သူငယ်ချင်းဖြစ်သူတွေက လူမှုကွန်ရက်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။