
အိန္ဒိယစားသောက်ကုန်လုပ်ငန်း Tekfoods မြန်မာဈေးကွက်ကို စိတ်ဝင်စားနေ
AI Summary
အိန္ဒိယအခြေစိုက် Tekfoods စားသောက်ကုန်ကုမ္ပဏီသည် မြန်မာဈေးကွက်သို့ ၎င်းတို့၏ ထုတ်ကုန်များဖြန့်ဖြူးရန် စိတ်ဝင်စားနေပြီး ကုန်သွယ်ဖက်များ ရှာဖွေလျက်ရှိသည်။ ဤအစီအစဉ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်မတိုင်မီ စတင်ခဲ့ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှတစ်ဆင့် ပြည်တွင်းစီးပွားရေးအသင်းအဖွဲ့များကို အကြောင်းကြားခဲ့သည်။ Tekfoods သည် အသင့်စားခေါက်ဆွဲ၊ ကိတ်မုန့်နှင့် သရေစာမုန့်များ ထုတ်လုပ်ဖြန့်ဖြူးပြီး မြန်မာနိုင်ငံမှ ဆန်၊ ပဲ၊ ပြောင်းနှင့် ရေထွက်ပစ္စည်းများကို အိန္ဒိယနှင့် ဒူဘိုင်းဈေးကွက်သို့ ပြန်လည်တင်ပို့နိုင်မည့် အခွင့်အလမ်းများလည်း ရှိသည်။ သို့သော် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၏ လက်ရှိငွေကြေးဖောင်းပွမှု၊ လျှပ်စစ်မီးပြတ်တောက်မှုနှင့် စီးပွားရေးပြိုလဲမှုများကြောင့် ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရန် မလွယ်ကူကြောင်း သုံးသပ်ကြသည်။ အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုများကိုလည်း စိုးရိမ်ကြပြီး၊ ဤဈေးကွက်ရှာဖွေမှုများသည် စစ်ခေါင်းဆောင်၏ ခရီးစဉ်နှင့် အချိန်ကိုက် ပုံဖော်လိုခြင်းဖြစ်နိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အိန္ဒိယခရီးစဉ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးကို ဒေါ်လာ ၂ ဘီလီယံမှ ၅ ဘီလီယံအထိ တိုးမြှင့်ရန် ရည်မှန်းကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့အခြေစိုက် စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း Tekfoods ကုမ္ပဏီသည် ၎င်းတို့၏ ထုတ်ကုန်များကို မြန်မာဈေးကွက်၌ ဖြန့်ဖြူးရောင်းချရန် စိတ်ဝင်စားနေပြီး ကုန်သွယ်ဖက်များ ရှာဖွေရန် စီစဉ်နေကြောင်း Myanmar Now က စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက် မှ ဇွန်လ ၃ ရက်အထိ ငါးရက်ကြာသွားရောက်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်မတိုင်မီ မေလလယ်ပိုင်းမှစတင်၍ ဈေးကွက်ချဲ့ထွင်လိုသည့်အစီအစဉ်အတွက် Tekfoods ကုမ္ပဏီ အကြံပေးပုဂ္ဂိုလ်နှင့် ကိုးလ်ကတ္တားမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး စီပွားရေးသံမှူးတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီပွားကူးသန်းဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံ ထပ်ဆင့်အကြောင်းကြားခဲ့ပြီး ထိုမှတဆင့် ထိုကုမ္ပဏီနှင့်ပူးပေါင်းဆောင်ရွက်နိုင်သည့်အကြောင်းကို ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)နှင့် စီးပွားရေးအသင်းအဖွဲ့ ငါးခုကို ဇွန်လ ၂ ရက် ရက်စွဲဖြင့် အသိပေးအကြောင်းကြားခဲ့ကြောင်း Myanmar Now က ရရှိထားသည့် ရုံးစာများအရသိရသည်။
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် နိုင်ငံတကာရုံးခွဲဖွင့်ထားသည့် Tekfoods ကုမ္ပဏီသည် အသင့်စားခေါက်ဆွဲ၊ ကိတ်မုန့်မျိုးစုံ၊ အိန္ဒိယရိုးရာမုန့်နှင့် အခြားသရေစာမုန့်များထုတ်လုပ်ဖြန့်ဖြူးပြီး မြန်မာဈေးကွက်ကို တိုးချဲ့ရန် လေ့လာရေးလာရောက်၍ ကုန်ထုတ်လုပ်ငန်းရှင်များ၊ လက်လီလက်ကားလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း ထိုအသိပေးအကြောင်းကြားစာတွင် ဖော်ပြထားသည်။
အပြန်အလှန်အနေဖြင့် မြန်မာနိုင်ငံမှထွက်ရှိသည့် ဆန်၊ ပဲ၊ ပြောင်းစသည့် လယ်ယာထွက်ကုန်နှင့် ရေထွက်ပစ္စည်းများကို အိန္ဒိယနှင့် ဒူဘိုင်းရှိ Tekfoods ကုမ္ပဏီ၏ ဈေးကွက်ကွန်ရက်နှင့်ချိတ်ဆက်၍ ပြန်လည်တင်ပို့နိုင်မည့်အခြေအနေရှိပြီး စိတ်ဝင်စားသည့် ပြည်တွင်းလုပ်ငန်းရှင်များစာရင်းပေးပို့၍ ဆွေးနွေးသင့်ကြောင်း ထိုအကြောင်းကြားစာများတွင် ဖော်ပြထားသည်။
“Tekfoods ၏ စားသောက်ကုန်ကဏ္ဍနှင့် ကိုက်ညီသော စားသောက်ကုန်၊ အိန္ဒိယဈေးကွက်အတွင်းနှင့် ဒူဘိုင်းဈေးကွက်အတွင်း ဝယ်လိုအားကောင်းသော မြန်မာ့ပဲမျိုးစုံ၊ စိုက်ပျိုးရေးအခြေခံ (Processed Food/ Products)၊ ရေထွက်ကုန်ပစ္စည်း(Processed Seafood) များကို အဓိက ဈေးကွက်ထိုးဖောက်သင့်ကြောင်း အကြံပြုတင်ပြလိုပါသည်” ဟု မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။
နှစ်စဉ် ကုန်သွယ်မှုဝင်ငွေ ရူပီး ၁၈ ကုဋေကျော်(ဒေါ်လာ ၂၁ ဒသမ ၅ သန်း) ရှိသော စားသောက်ကုန်လုပ်ငန်း Tekfoods ကုမ္ပဏီ၏ အရောင်းမြှင့်တင်ရေးကြော်ငြာများကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တွေ့ရစဉ်။ (ဓာတ်ပုံ – Tekfoods Facebook)
ထိုကုမ္ပဏီ၏ လူသိများသော ထုတ်ကုန်များမှာ Boodles အသင့်စားခေါက်ဆွဲ၊ Vevey Foods ကိတ်နှင့် Delifun မုန့်များဖြစ်သည်။ ဒူဘိုင်းမှတဆင့် အရှေ့အလယ်ပိုင်းဒေသများသို့ ထုတ်ကုန်ဖြန့်ဖြူးရာတွင် White Label စနစ်ဟုခေါ်သည့် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် စားသောက်ကုန်ရောင်းချလိုသည့် ကုမ္ပဏီကို အမှတ်တံဆိပ်မပါဘဲ သီးသန့်ထုတ်ပေး၍ မုန့်မျိုးစုံကို ဖြန့်ဖြူးပေးနေသည်ဟု သိရသည်။
ထိုကုမ္ပဏီ၏ နှစ်စဉ် ကုန်သွယ်မှုဝင်ငွေမှာ ရူပီး ၁၈ ကုဋေကျော် (အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၅ သန်း) ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံသို့ အိမ်နီးချင်းထိုင်းနိုင်ငံမှ စားသောက်ကုန်နှင့် လူသုံးကုန်များအဓိကတင်သွင်းမှုရှိနေပြီး အိန္ဒိယ အမှတ်တံဆိပ် စားသောက်ကုန်များတင်သွင်းဖြန့်ဖြူးမည့်အစီအစဉ်သည် ဖြစ်နိုင်ခြေရှိသော်လည်း ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရန် မလွယ်ကူကြောင်းမန္တလေးမြို့မှ အမည်မဖော်လိုသည့် စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။
“တကယ့် International Business ကြီးတွေက ဝုန်းခနဲ ဒိုင်းခနဲ ကွန်တိန်နာ အလုံးတစ်ရာ၊ နှစ်ရာ သွင်းလာပြီးရောင်းတဲ့လုပ်ငန်းတစ်ခုမှမရှိဘူး။ ကွန်တိန်နာ နှစ်လုံး၊ သုံးလုံးသွင်းလာမယ်။ ဘယ်လောက်ထိ လူကြိုက်လဲ။ ဘယ် Product (ထုတ်ကုန်) တွေ လူကြိုက်လဲ Analyse (လေ့လာသုံးသပ်) လုပ်မယ်။ ပြီးတော့မှ နောက်ဆုံး မြန်မာပြည်အကြိုက် အရသာမျိုး သူတို့နိုင်ငံမှာ ပြန်ထုတ်ပြီး ပြန်သွင်းတာမျိုးပေါ့” ဟု သူက ဆိုသည်။
သို့သော်လည်း စစ်အာဏာသိမ်းမှုအကျိုးဆက်ကြောင့် ငွေကြေးဖောင်းပွမှု၊ လျှပ်စစ်မီးပြတ်တောက်မှုနှင့် အခြားသော အထွေထွေစီးပွားရေးပြိုကျမှုများကြောင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအများအပြား စွန့်ခွာနေကြသည်ကို စီးပွားရေးလုပ်ငန်းတိုင်းက သိရှိထားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သူတို့လည်းကြားမှာပေါ့။ မြန်မာပြည်မှာ ရှိနေတဲ့လုပ်ငန်းတွေတောင် အကုန်လုံးစွန့်ခွာနေတာပေါ့နော်။ International Brand ကုမ္ပဏီကြီးတွေ … အဓိက ကြောက်တာကတော့ အမေရိကန် Sanction (ဒဏ်ခတ်အရေးယူမှု) ပဲ။ မင်းအောင်လှိုင် အိန္ဒိယနဲ့ ဆက်ဆံမှုကြောင့် ဒီမှာဈေးကွက်လာရှာတယ်ဆိုတဲ့ပုံစံမျိုးလုပ်ရတဲ့အနေအထားမျိုးရှိတယ်” ဟု ၎င်းက သုံးသပ်သည်။
ထို့ကြောင့် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်နှင့် အချိန်ကိုက်၍ ဈေးကွက်ရှာဖွေမှုများရှိလာနေသည်ဟု ပုံဖော်လိုခြင်းလည်းဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
ယခုနှစ် ဇွန်လ ၃ ရက်တွင် မွန်ဘိုင်းမြို့ရှိ၊ မြန်မာ- အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ၌ အာဏာသိမ်း စစ်ခေါင်းဆောင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ- စစ်တပ်ထိန်းချုပ် MOI)
စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အတွင်း ခရိုနီတစ်ဦးဖြစ်သည့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းအပါအဝင် အခြားခရိုနီလုပ်ငန်းရှင်များ၊ ကုန်သည်လုပ်ငန်းရှင်များလိုက်ပါသွားပြီး ဇွန်လ ၃ ရက်တွင် မွန်ဘိုင်းမြို့၌ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စီးပွားရေးဆိုင်ရာဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း ယနေ့ထုတ် စစ်တပ်ထိန်းချုပ်သတင်းစာများတွင် ဖော်ပြသည်။
အိန္ဒိယသည် မြန်မာ၏ စတုတ္ထမြောက် ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ပဲမျိုးစုံ၊ သစ်တောထွက်၊ ရေထွက်ပစ္စည်းနှင့် သတ္တုများ မြန်မာက တင်ပို့လျက်ရှိကာ ဆေးဝါး၊ ရေနံနှင့် စက်ပစ္စည်းများ ပြန်တင်သွင်းနေကြောင်း ထိုဆွေးနွေးပွဲတွင် မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံဝန်းကျင်သာဖြစ်ပြီး ငါးဘီလီယံအထိ ကုန်သွယ်မှုတိုးမြှင့်ရန် ရည်မှန်းကြောင်း ၎င်းကဆိုသည်။ ထို့အပြင် မြန်မာတွင် အိန္ဒိယသည် ၁၁ နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၉၄ ဘီလီယံကျော်ရှိကာ ပိုမိုတိုးမြှင့်ရန်ဖိတ်ခေါ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။