
AI Summary
G7 ထိပ်သီးအစည်းအဝေးအတွင်း တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က မြောက်ကိုရီးယားနှင့် ဖြစ်ပွားနေသည့် တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ထံ တောင်းဆိုခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ်နောက်ပိုင်း သံတမန်ရေးလမ်းကြောင်း ရပ်တန့်နေခဲ့ခြင်းကြောင့် ယခုကဲ့သို့ တောင်းဆိုရခြင်းဖြစ်သည်။ ဤကိစ္စရပ်တွင် နှစ်နိုင်ငံခေါင်းဆောင်များအပြင် ကိုရီးယားကျွန်းဆွယ်ဒေသတွင်း တည်ငြိမ်ရေးကိုပါ ထိခိုက်စေနိုင်သည့်အတွက် အရေးပါနေသည်။ သမ္မတထရမ့်ပ်ကလည်း မြောက်ကိုရီးယားအရေးကို ဖြေရှင်းပေးသွားမည်ဟု တုံ့ပြန်ခဲ့သည်။ လက်ရှိတွင် နှစ်ဖက်ခေါင်းဆောင်များ၏ ဆွေးနွေးမှုအပေါ် အခြေခံ၍ ငြိမ်းချမ်းရေးလမ်းစသစ်တစ်ခု ပေါ်ပေါက်လာနိုင်မလားဆိုသည်ကို စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေသည်။
ထင်ရှားသော ပြောကြားချက်များ
"သမ္မတ အီဂျယ်မြောင်က သမ္မတထရမ့်ပ် အနေနဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲကို ဖြေရှင်းပေးခဲ့သလိုမျိုး မြောက်ကိုရီးယားအရေးကိုလည်း ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုတွေကို ဦးဆောင်ပေးစေချင်တယ်လို့ တောင်းဆိုခဲ့တာဖြစ်တယ်"
"ထရမ့်ပ်ကလည်း မြောက်ကိုရီးယားအရေးကို ဖြေရှင်းနိုင်အောင် လုပ်ဆောင်သွားမယ်လို့ တုံ့ပြန်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဂန်ယူးဂျောင်း က ဆိုပါတယ်"

တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်ဟာ ဇွန် ၁၆ ရက်က ပြုလုပ်ခဲ့တဲ့ G7 ထိပ်သီး အစည်းအဝေးမှာ အကျဉ်းချုံး အပြန်အလှန်ဆွေးနွေးမှုအတွင်း မြောက်ကိုရီးယားနဲ့ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မဲ့လမ်းစကို ဦးဆောင်ရှာဖွေပေးဖို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ကို တောင်းဆိုလိုက်တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ထုတ်ပြန်ပါတယ်။
G7 ခေါင်းဆောင်တွေ စုပေါင်းဓာတ်ပုံရိုက်နေကြချိန်မှာ ခေါင်းဆောင် ၂ ယောက် အပြန်အလှန် နှုတ်ဆက်ကြရင်းနဲ့ ထရမ့်ပ်က သမ္မတ အီဂျယ်မြောင်ကို မြောက်ကိုရီးယားနဲ့ လက်ရှိ ဆက်ဆံရေးအခြေအနေကို မေးမြန်းခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဂန်ယူးဂျောင်းက ပြောပါတယ်။
သမ္မတ အီဂျယ်မြောင်က သမ္မတထရမ့်ပ် အနေနဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲကို ဖြေရှင်းပေးခဲ့သလိုမျိုး မြောက်ကိုရီးယားအရေးကိုလည်း ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုတွေကို ဦးဆောင်ပေးစေချင်တယ်လို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ပြောပါတယ်။
ထရမ့်ပ်ကလည်း မြောက်ကိုရီးယားအရေးကို ဖြေရှင်းနိုင်အောင် လုပ်ဆောင်သွားမယ်လို့ တုံ့ပြန်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဂန်ယူးဂျောင်း က ဆိုပါတယ်။
ဒေါ်နယ်လ်ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ဟာ ထရမ့်ပ်ရဲ့ ပထမ သမ္မတသက်တမ်းတုန်းက ၃ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ဖူးပါတယ်။
ဒါပေမဲ့ ၂၀၁၉ ခုနှစ် ဟနွိုင်းထိပ်သီးအစည်းအဝေးမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ကို ဖျက်သိမ်းရေးနဲ့ အမေရိကန်ဦးဆောင်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လျှော့ချပေးရေးကိစ္စတွေမှာ သဘောတူညီချက်မရဘဲ ပျက်ပြားသွားခဲ့ပြီးတဲ့နောက်ပိုင်း သံတမန်ရေးလမ်းကြောင်း ရပ်တန့်သွားခဲ့တာ ဖြစ်ပါတယ်။
Source:Reuters