
AI Summary
ပဲခူးမြို့နယ်မှ အသက် ၆၈ နှစ်အရွယ် အဘွားအို ဒေါ်ကျင်စိုးအား လူမှုကွန်ရက်ပေါ်တွင် မှတ်ချက်ရေးသားမှုကြောင့် ဇွန်လ ၅ ရက်နေ့တွင် စစ်တပ်လက်အောက်ခံရဲများက ဖမ်းဆီးခဲ့သည်။ ဒေါ်ကျင်စိုးသည် သမ္မတပြောရေးဆိုခွင့်ရှိသူ၏ သတင်းအောက်တွင် "ဇော်မဲလုံးညီမလား" ဟု ရိုးသားစွာ မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပြီး၊ ယင်းကို စစ်အာဏာရှင်လိုလားသူများက ဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။ စစ်တပ်ဘက်ကမူ သူမသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ပတ်သက်သည့် ပို့စ်များ မျှဝေခဲ့၍ ဖမ်းဆီးခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း မည်သည့်ပုဒ်မဖြင့် အရေးယူထားသည်ကို ဖော်ပြခြင်းမရှိပေ။ အသက်ကြီးပြီး ကျန်းမာရေးမကောင်းသည့် အဘွားအိုတစ်ဦးကို ယခုကဲ့သို့ ဖမ်းဆီးခြင်းသည် ပြည်သူများအပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေသည်။ ထို့အပြင် ဇွန်လ ၆ ရက်နေ့ကလည်း တောင်ကြီးမြို့နယ်မှ အမျိုးသမီးတစ်ဦးကို မင်းအောင်လှိုင်ကို ချီးကျူးသည့် သီချင်းအောက်တွင် မှတ်ချက်ရေးသားမှုကြောင့် ဖမ်းဆီးကာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခဲ့သည်။
လူမှုကွန်ရက်ပေါ်မှာ တင်ထားတဲ့ သတင်းတပုဒ်အောက်မှာ Comment ဝင်ရေးတဲ့ ပဲခူးမြို့နယ်က အသက် ၆၈ နှစ်အရွယ် အဘွားအိုတယောက်ကို အာဏာရှင်စစ်တပ် လက်အောက်ခံ ရဲတွေက ဇွန် ၅ ရက်က ဖမ်းဆီးခဲ့တယ်လို့ မြိုခံတွေဆီက သိရပါတယ်။
စစ်အာဏာရှင်လက်အောက်ခံရဲတွေက ဇွန် ၅ ရက် ည ၇ နာရီခွဲက ပဲခူးမြို့ လိပ်ပြာကန်ရပ်ကွက် မှော်ကန် ၁ လမ်းမှာ နေထိုင်တဲ့ အသက် ၆၈ နှစ်အရွယ် ဒေါ်ကျင်စိုးကို ဖမ်းဆီးခဲ့တာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။
“သမ္မတပြောရေးဆိုခွင့် ဒေါ်ခိုင်ခိုင်စိုးရဲ့ သတင်းအောက်မှာ ဇော်မဲလုံးညီမလား ဆိုပြီး သဘောရိုးနဲ့ မန့်လိုက်တာကို ဘောမတွေက စကရင်ရှော့ယူ နေရပ်လိပ်စာ စုံစမ်းပြီး အတင်းဖမ်းခိုင်းလို့ ရဲတွေက လာဖမ်းတာ။ ဒါလေးမန့်တာ ဘယ်လောက်တောင် အပြစ်ကြီးသွားလို့လဲ။ သူ မန့်တဲ့အထဲမှာ ဘာတွေ ထိခိုက်တာဘာရှိလဲ။ အသက်လည်း ကြီးနေပြီ။ ကျန်းမာရေးလည်း ကောင်းတာ မဟုတ်ဘူး။”
ဇွန် ၄ ရက်က စစ်အာဏာရှင် လော်ဘီချန်နယ်တွေက မှတ်ချက် စကရင်ရှော့နဲ့ ဒေါ်ကျင်စိုး အသုံးပြုနေတဲ့ Daw Kyin Soe ဖေ့စ်ဘွတ်ခ်အကောင့်မှ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခါစက တင်ထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုကာ ဖမ်းဆီးခိုင်းခဲ့တာဖြစ်ပါတယ်။
အာဏာရှင်စစ်တပ်က ဇွန် ၇ ရက်က ထုတ်ပြန်တဲ့ ဒေါ်ကျင်စိုး ဖမ်းဆီးရမိတဲ့သတင်းရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှဲ ပတ်သက်တဲ့ ပို့စ်တွေ မျှဝေ (Share) ခဲ့တာကြောင့် ဖမ်းဆီးတာလို့ ပါရှိပြီး ဘယ်ပုဒ်မနဲ့ အရေးယူထားတယ်ဆိုတာ ဖော်ပြထားခြင်း မရှိပေ။
ဇွန် ၆ ရက် ညပိုင်းကလည်း အာဏာရှင်သမ္မတမင်းအောင်လှိုင်ကို ဖားယားပြီး သီဆိုထားတဲ့ “လရောင်အောက်က ကုမုဒြာ” သီချင်းအောက်မှာ မှတ်ချက်ရေးခဲ့တဲ့ တောင်ကြီးမြို့နယ်က အမျိုးသမီးတယောက်ကို စစ်အာဏာရှင်လက်အောက်ခံ ရဲတွေက ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခဲ့ပါတယ်။
Photo: FB