တောင်ငူရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စစ်အုပ်စုဖယ်ရှား၊ အာဏာသိမ်းပြီးနောက် ဖယ်ရှားခံရသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ၅ ခုရှိလာ - BUR.MIZZIMA.COM
politics||3 MIN READ

တောင်ငူရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စစ်အုပ်စုဖယ်ရှား၊ အာဏာသိမ်းပြီးနောက် ဖယ်ရှားခံရသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ၅ ခုရှိလာ - BUR.MIZZIMA.COM

Back to News

AI Summary

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား စစ်အုပ်စုတပ်က ဇွန်လ ၉ ရက်နေ့ညပိုင်းတွင် မြို့လုံးကျွတ်မီးဖြတ်ပြီး ဖယ်ရှားခဲ့ကြောင်း သတင်းရရှိသည်။ ဤဖြစ်ရပ်သည် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့ တောင်ငူသို့ လာရောက်ပြီး သုံးရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြို့ခံတစ်ဦး၏ ပြောကြားချက်အရ ရုပ်တုကို ဖျက်ဆီးခြင်းမဟုတ်ဘဲ အခြားနေရာသို့ ရွှေ့ပြောင်းခြင်းဖြစ်နိုင်ပြီး လက်ရှိတွင် အဆိုပါနေရာကို အကာများ ကာရံထားသည်။ ဤသည်မှာ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုများ ဖယ်ရှားခံရသည့် ပဉ္စမအကြိမ်မြောက် ဖြစ်ရပ်ဖြစ်သည်။ ယခင်ကလည်း နေပြည်တော်၊ ပဲခူး၊ သာစည်နှင့် ပုသိမ်မြို့များရှိ ဗိုလ်ချုပ်ရုပ်တုများကို အလားတူ ဖယ်ရှားခဲ့ဖူးသည်။ ဤသို့သော လုပ်ရပ်များသည် အမျိုးသားခေါင်းဆောင်၏ အမွေအနှစ်များကို ဖျက်ဆီးခြင်းဖြစ်ပြီး ပြည်သူလူထု၏ စိတ်ဓာတ်ကို ထိခိုက်စေသည်။

YT (ဇွန် – ၁၁ ရက်)

မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား စစ်အုပ်စုတပ်က တမြို့လုံးမီးဖျက်ပြီး အမှောင်ချ ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့ ညပိုင်းက တောင်ငူမြို့ ကန်လမ်း၌ တည်ရှိသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ဖျက်ဆီးခြင်းဟု သိရသည်။

“ တောင်ငူက ကိုအောင်ဆန်းကတော့ ပေါ်တာဆွဲခံလိုက်ရပြီ။ မီးဖျက်ပြီးကို လုပ်တာ။ ဖြိုလိုက်တာတော့ မဟုတ်လောက်ဘူး။ တနေရာရာကို ရွှေ့တာနေမှာ။ လက်ရှိ အခုတော့ အကာတွေ ကာထားတယ် အဲ့ဒီနေရာတဝိုက်ကို” ဟု တောင်ငူမြို့ခံတဦးက ပြောသည်။

ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးမခံရခင် ဇွန်လ ၆ ရက်နေ့တွင် အရပ်သားတပိုင်းစစ်အုပ်ချုပ်ရေးခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုကာကွယ်ရေးဦးစီးချုပ်အသစ် ရဲဝင်းဦးနှင့် အဖွဲ့တို့ တောင်ငူသို့ လာရောက်ခဲ့ခြင်းရှိပြီး ၎င်းတို့လာရောက်ပြီး သုံးရက်အကြာ၌ ယခုကဲ့သို့ ဗိုလ်ချုပ်ရုပ်တု ဖျက်ဆီးခံရခြင်းဖြစ်သည်။

“ ကြားတာတော့ သူတို့စီမံချက်ရှိတယ်လို့ ကြားတာပဲ။ တိတိကျကျတော့ သိရတာ မဟုတ်ပါဘူး” ဟု အခြားတောင်ငူမြို့ခံတဦးကလည်း ပြောသည်။

အဆိုပါရုပ်တုသည် အမြင့် ၁၅ ပေမြင့်ပြီး ကြေးပိဿာချိန် ၄၅၃ ပိဿာရှိကာ NLD အစိုးရလက်ထက်၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် (ဗိုလ်ချုပ် အသက် ၁၀၁ နှစ်ပြည့်)တွင် စိုက်ထူဖွင့်လှစ်ခဲ့ခြင်းဟု သိရသည်။

ယခု တောင်ငူရှိ ဗိုလ်ချုပ်ကြေးရုပ်တု ဖယ်ရှားခံရခြင်းအပါအဝင် စစ်အုပ်စုတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုများကို ဖယ်ရှားမှုပြုလုပ်ခဲ့ပြီး ရုပ်တုထားရှိရာ ရင်ပြင်များကို ဖျက်ဆီးခဲ့သည့် ဖြစ်စဉ် ငါးခု ရှိပြီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်အစောပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပုဗ္ဗဈေးအနီးရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား ဖျက်ဆီးခဲ့သည်။ ထိုရုပ်တုသည် အမြင့် ၁၈ ပေ၊ ကြေးတန်ချိန် ခုနစ်တန် ရှိပြီး ၂၀၁၉ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် (အာဇာနည်နေ့)၌ စိုက်ထူဖွင့်လှစ်ခဲ့သည့် ရုပ်တုဖြစ်သည်။

အလားတူ ပဲခူးမြို့လယ် ရွှေမော်ဓောဘုရားလမ်းနှင့် ရန်ကုန်- မန္တလေး အမြန်လမ်းထောင့်၌ ဆယ်စုနှစ် သုံးခုခန့်ကြာ စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကိုလည်း စစ်အုပ်စုတပ်က ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၇ ရက်ညပိုင်းက မီးဖျက်၊ အမှောင်ချ၍ ဖယ်ရှားခဲ့ခြင်းရှိသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကလည်း မန္တလေးတိုင်း၊ သာစည်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကိုလည်း စစ်အုပ်စုတပ်က ညသန်းခေါင်ကျော်အချိန် လျှပ်စစ်မီးများ ဖြတ်တောက်၍ ဖျက်ဆီးခဲ့ခြင်းရှိခဲ့သည်။

၂၀၂၅ ခု၊ နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်းကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်၊ ကန်သုံးဆင့် ပြည်ထောင်စုကွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုအား စစ်အုပ်စုတပ်က လုံခြုံရေးတင်းကျပ်ချထားပြီး ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဆက်စပ်သတင်းများ

AI Curated
တောင်ငူရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စစ်အုပ်စုဖယ်ရှား၊ အာဏာသိမ်းပြီးနောက် ဖယ်ရှားခံရသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ၅ ခုရှိလာ - BUR.MIZZIMA.COM | YGN Daily