
မြန်မာဒုက္ခသည်များ စခန်းပြင်ပ၌ နယ်ကျော် တရားဝင်အလုပ်လုပ်ကိုင်နိုင်မည့် ထိုင်းအုပ်ချုပ်ရေးဦးစီးဌာန (DOPA) ထုတ်ပြန်
AI Summary
ထိုင်းအစိုးရသည် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသည့် မြန်မာဒုက္ခသည် ၇၇,၃၀၅ ဦးအား ပြည်နယ် ၄၃ ခုတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း ထိုင်းအုပ်ချုပ်ရေး ဦးစီးဌာန (DOPA) က တရားဝင်ထုတ်ပြန်ခဲ့သည်။ ဤဆုံးဖြတ်ချက်သည် အမေရိကန်ပြည်ထောင်စုက စခန်းများအတွက် ထောက်ပံ့နေသည့် ရန်ပုံငွေများကို ဖြတ်တောက်လိုက်ခြင်းကြောင့် ထိုင်းအစိုးရအပေါ် ကျရောက်လာသော ရိက္ခာနှင့် ဆေးဝါးအကူအညီပေးရေး ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်ဖြစ်သည်။ ထို့အပြင် ထိုင်းနိုင်ငံ၏ လုပ်သားရှားပါးမှုပြဿနာကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။ ဒုက္ခသည်များသည် သတ်မှတ်ထားသော ကျွမ်းကျင်၊ တစ်ပိုင်းကျွမ်းကျင်နှင့် အခြေခံလုပ်သားကဏ္ဍများအပြင် MOU အခြေခံလုပ်ငန်းများတွင် တရားဝင်မှတ်ပုံတင်ထားသော အလုပ်ရှင်များအောက်၌သာ လုပ်ကိုင်ရမည်ဖြစ်သည်။ ၎င်းတို့အား စခန်းပြင်ပ ထွက်ခွာလုပ်ကိုင်ခွင့်ပြုရာတွင် မည်သူမည်ဝါဖြစ်ကြောင်း စနစ်တကျ စိစစ်ခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အလုပ်အကိုင်အပေါ် ထိန်းချုပ်ခြင်းဆိုင်ရာ စနစ်များကိုပါ ထည့်သွင်းထားသည်။ ဤအစီအမံသည် ရွှေ့ပြောင်းနေထိုင်ရသူများ၏ လူသားတို့ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်နှင့် ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်မှုမရှိစေရန် မျှတအောင် ညှိနှိုင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသည့် မြန်မာရွှေ့ပြောင်းဒုက္ခသည်များ အနေဖြင့် သတ်မှတ်ထားသော ပြည်နယ် ၄၃ ခုတွင် အစိုးရက ခွင့်ပြုထားသည်။
ထို အလုပ်အကိုင်အမျိုးအစားများ၌ တရားဝင် ထွက်ခွာလုပ်ကိုင်ခွင့်ရှိတော့မည်ဖြစ်ကြောင်း ထိုင်းအုပ်ချုပ်ရေး ဦးစီးဌာန (DOPA) က တရားဝင် ရှင်းလင်းထုတ်ပြန်ကြောင်း The Nation Thailand ဖော်ပြသည်။
ထိုင်းအုပ်ချုပ်ရေးဦးစီးဌာန၏ ရှင်းလင်းချက်အရ ၁၉၈၄ ခုနှစ် ကတည်းက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်လာသူ ၇၇,၃၀၅ ဦး ရှိနေသည်။
၎င်းတို့ကို မယ်ဟောင်ဆောင်၊ တာ့ခ်၊ ရာ့ချ်ဘူရီနှင့် ကန်ချနဘူရီ ပြည်နယ်များရှိ ယာယီခိုလှုံရာစခန်း ကိုးခုတွင် လူသားချင်းစာနာမှုဖြင့် ယာယီလက်ခံထားခဲ့ခြင်း ဖြစ်သည်။
ထိုင်းလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ B.E. 2522 (1979) အရ “မြန်မာ ရွှေ့ပြောင်း ဒုက္ခသည်များ” ဆိုသည်မှာ တရားမဝင် ဝင်ရောက်လာသူများအဖြစ်သတ်မှတ်ထားသည်။
သို့သော်လည်း မကြာသေးမီက အမေရိကန်ပြည်ထောင်စုက ၎င်းစခန်းများအတွက် ထောက်ပံ့နေသည့် ရန်ပုံငွေများကို ဖြတ်တောက်လိုက်ခြင်းကြောင့် ရိက္ခာနှင့် ဆေးဝါးအကူအညီပေးရန် တာဝန်သည် ထိုင်းအစိုးရအပေါ်တွင်သာ အလုံးစုံကျရောက်လာခဲ့သည်။
ထို့ကြောင့် ထိုင်းအစိုးရအဖွဲ့က အထူးကိစ္စရပ်အနေဖြင့် ၎င်းတို့အား အလုပ်လုပ်ကိုင်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပြီး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အုပ်ချုပ်ရေးဦးစီးဌာနတို့က စခန်းပြင်ပထွက်ခွာခွင့် လမ်းညွှန်ချက်များကို ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ယခုအစီအမံသည် ထိုင်းအစိုးရ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်မည့်အပြင် ထိုင်းနိုင်ငံ၏ လုပ်သားရှားပါးမှုပြဿနာကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။
ထိုစီမံချက်တွင် အကျုံးဝင်သော မြန်မာဒုက္ခသည်များသည် တရားဝင်မှတ်ပုံတင်ထားသော အလုပ်ရှင်များအောက်တွင်သာ အလုပ်လုပ်ကိုင်ရမည်ဖြစ်ပြီး အောက်ပါအလုပ်အကိုင်ကဏ္ဍများတွင်သာ လုပ်ကိုင်ခွင့်ရှိမည် ဖြစ်သည် –


၁။ ကျွမ်းကျင်နှင့် တစ်ပိုင်း ကျွမ်းကျင်လုပ်သားများ – ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဓားလုပ်ငန်း၊ ဖိနပ်ချုပ်၊ အိုးလုပ်ငန်းနှင့် အထည်ချုပ်လုပ်ငန်းများ။
၂။ နားလည်မှုစာချွန်လွှာ (MOU) အခြေခံလုပ်ငန်းများ – အခြေခံလုပ်သား (အလုပ်ကြမ်း) နှင့် ဆိုင်ခန်းများတွင် အရောင်းဝန်ထမ်းလုပ်ငန်းများ။
(မှတ်ချက်အဖြစ် ခွင့်ပြုထားသော အလုပ်အကိုင်အမျိုးအစားများကို အလုပ်သမားဈေးကွက် လိုအပ်ချက်ပေါ်မူတည်၍ အချိန်နှင့်အမျှ ပြုပြင်ပြောင်းလဲသွားမည် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်)
အလုပ်လုပ်ကိုင်ရန် စခန်းပြင်ပသို့ ထွက်ခွာခွင့်ရရှိသူများသည် အောက်ပါအတိုင်း ဒေသ ၃ ခုရှိ ပြည်နယ် ၄၃ ခုတွင် သွားရောက်လုပ်ကိုင်ခွင့်ရှိမည် ဖြစ်သည် –
မြောက်ပိုင်း (၁၇ ခရိုင်) – ကန်ဖန်ဖတ် (Kamphaeng Phet)၊ ချင်းရိုင် (Chiang Rai)၊ ချင်းမိုင် (Chiang Mai)၊ တာ့ခ် (Tak)၊ နခွန်စဝမ် (Nakhon Sawan)၊ နန် (Nan)၊ ဖะယောင်း (Phayao)၊ ဖိချစ် (Phichit)၊ ဖိဆနုလောက် (Phitsanulok)၊ ဖက်ချာဘွန်း (Phetchabun)၊ ဖရေး (Phrae)၊ မယ်ဟောင်ဆောင် (Mae Hong Son)၊ လန်ပန်း (Lampang)၊ လန်ဖွန် (Lamphun)၊ ဆုခေါထိုင်း (Sukhothai)၊ ဥတ္တရဒစ် (Uttaradit) နှင့် ဥထိုင်းဌာနီ (Uthai Thani)။
အလယ်ပိုင်း (၁၈ ခရိုင်) – ဘန်ကောက် (Bangkok)၊ ကန်ချနဘူရီ (Kanchanaburi)၊ ချိုင်နတ် (Chai Nat)၊ နခွန်ပထမ် (Nakhon Pathom)၊ နွန်သဘူရီ (Nonthaburi)၊ ပသုမ်ထာနီ (Pathum Thani)၊ ပရာကျွတ်ခီရီခံ (Prachuap Khiri Khan)၊ အယုဒ္ဓယ (Ayutthaya)၊ ရာ့ချ်ဘူရီ (Ratchaburi)၊ လော့ဘူရီ (Lop Buri)၊ စမုတ်ပရာကန် (Samut Prakan)၊ စမုတ်စုံခရမ် (Samut Songkhram)၊ စမုတ်စခွန် (Samut Sakhon)၊ ဆာရဘူရီ (Saraburi)၊ ဆင်းဘူရီ (Sing Buri)၊ သုဖန်ဘူရီ (Suphan Buri)၊ အန်ထောင် (Ang Thong) နှင့် ဖက်ချာဘူရီ (Phetchaburi)။
အရှေ့ပိုင်း (၈ ခရိုင်) – ကျန်သဘူရီ (Chanthaburi)၊ ချာချိုးငြာအို (Chachoengsao)၊ နခွန်နာယခ် (Nakhon Nayok)၊ ပရာချင်းဘူရီ (Prachin Buri)၊ ချွန်ဘူရီ (Chonburi)၊ ရာယောင်း (Rayong)၊ တရတ် (Trat) နှင့် ဆာကေအို (Sa Kaeo)။
ထိုင်းအုပ်ချုပ်ရေးဦးစီးဌာနက ဒုက္ခသည်များအား စခန်းပြင်ပ ထွက်ခွာလုပ်ကိုင်ခွင့်ပြုရာတွင် မည်သူမည်ဝါဖြစ်ကြောင်း စနစ်တကျ စိစစ်ခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အလုပ်အကိုင်အပေါ် ထိန်းချုပ်ခြင်းဆိုင်ရာ စနစ်များကိုပါ ထည့်သွင်းထားကြောင်း ဆိုသည်။
အကြောင်းအရင်းမှာ ရွှေ့ပြောင်းနေထိုင်ရသူများ၏ “လူသားတို့ ဂုဏ်သိက္ခာ” ကို မြှင့်တင်ပေးရန်နှင့် တစ်ဖက်တွင်လည်း ထိုင်းနိုင်ငံ၏ “အမျိုးသားလုံခြုံရေး” ကို ထိခိုက်မှုမရှိစေရန် မျှတအောင် ညှိနှိုင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း အလေးအနက် ထည့်သွင်းပြောကြားထားသည်။
ကိုးကား – The Nation Thailand