
အိန္ဒိယနယ်စပ်ကုန်သွယ်ရေး ကလေး- တမူးလမ်းကို စစ်တပ် နှစ်ဖက်ညှပ်ထိုးစစ်ဆင်
AI Summary
စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အပြီးတွင် စစ်တပ်က အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကလေး-တမူးလမ်းပိုင်းကို ဇွန်လ ၈ ရက်နေ့မှစ၍ နှစ်ဖက်ညှပ်ထိုးစစ်ဆင်နေပါသည်။ ၎င်းလမ်းပိုင်းသည် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး၏ အစိတ်အပိုင်းဖြစ်ပြီး စစ်ခေါင်းဆောင်က အိန္ဒိယခရီးစဉ်အတွင်း အရှိန်မြှင့်ရန် ကတိပြုခဲ့သည့် စီမံကိန်းတစ်ခုဖြစ်သည်။ ကလေးမြို့မြောက်ဘက်နှင့် တမူးမြို့တောင်ဘက်မှ စစ်ကြောင်းများ ထိုးစစ်ဆင်နေပြီး နန်မွန်းတားရွာကို ပြန်လည်ထိန်းချုပ်ခဲ့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားသည့် ခါမ်းပါတ်မြို့ဘက်သို့ ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်သည်။ ဤထိုးစစ်များကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး အိန္ဒိယနယ်စပ်သို့ ထွက်ပြေးသူများမှာ စစ်ဆေးမှုများ ပိုမိုတင်းကျပ်မှုကို ရင်ဆိုင်နေရသည်။ စစ်တပ်သည် ယခင်ကလည်း ထိုလမ်းပိုင်းကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ဘဲ ယခုတစ်ကြိမ်တွင် အရေးပါသည့် လမ်းပိုင်းများနှင့် နယ်မြေများကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ကလေး-တမူးလမ်းပိုင်းအပြင် စစ်ကိုင်းတိုင်းအတွင်းရှိ အခြားအရေးပါသော လမ်းပိုင်းများတွင်လည်း စစ်ကြောင်းထိုးနေပြီး ဒေသခံများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အပြီး အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကလေး- တမူးလမ်းပိုင်းကို ပြီးခဲ့သည့်ရက်ပိုင်းကစ၍ စစ်တပ်က နှစ်ဖက်ညှပ်ထိုးစစ်ဆင်နေကြောင်း သိရသည်။
အိန္ဒိယခရီးစဉ်တွင် အရှိန်မြှင့်ရန် စစ်ခေါင်းဆောင် ကတိပြုခဲ့သော စီမံကိန်းများထဲမှ တစ်ခုဖြစ်သည့် အိန္ဒိယ- မြန်မာ- ထိုင်းအဝေးပြေး လမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သည့် ကလေး- တမူးလမ်းကို ဇွန်လ ၈ ရက်နေ့မှစ၍ ကလေးမြို့မြောက်ဘက်နှင့် တမူးမြို့တောင်ဘက်မှတဆင့် နှစ်ဖက်ညှပ်ကာ စစ်ကြောင်း ထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။
အိန္ဒိယနယ်စပ် တမူးမြိုနှင့် စစ်တပ်အခြေစိုက်စခန်းများရှိရာ ကလေးမြို့ပေါ်ရပ်ကွက်များကို စစ်တပ်က ထိန်းချုပ်ထားသော်လည်း မိုင် ၈၀ ခန့်ရှိသည့် ကလေး- တမူးလမ်းပိုင်းကို စစ်တပ်က အပြည့်အဝ မထိန်းချုပ်နိုင်ဘဲ ထိုလမ်းကြောင်းပေါ်ရှိ ခါမ်းပါတ်မြို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက ထိန်းချုပ်ထားသည်။
ဇွန်လ ၈ ရက်တွင် တမူးမြို့တောင်ဘက် ပန်းသာရွာဘက်မှတဆင့် ခါမ်းပါတ်မြို့ဘက် ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်ကြောင်းက နန်မွန်းတားရွာကို တော်လှန်ရေးအင်အားစုများလက်မှ ပြန်လည်ထိန်းချုပ်ရယူခဲ့ကြောင်း ဒေသခံများထံကသိရသည်။
နန်မွန်းတားရွာနှင့် ခါမ်းပါတ်မြို့သည် မိုင် ၂၀ ကျော်ကွာဝေးပြီး စစ်တပ်စစ်ကြောင်းက ဆက်လက် ထိုးစစ်ဆင်လာသည့်အတွက် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။
ကလေးမြို့ မြောက်ဘက်ပိုင်းတွင် စစ်တပ်က အင်အားဖြည့်တင်းကာ ဇွန်လပထမပတ်တွင်စ၍ မြေပြင်စစ်ကြောင်းထိုးလာသည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်တွင် ခါမ်းပါတ်မြို့နှင့် အနီးရှိ ကနန်ရွာကိုလေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ကလေး- တမူးလမ်းပိုင်းကို နှစ်ဖက်ညှပ်ကာ စစ်ကြောင်းများထိုးစစ်ဆင်လာခြင်း ဖြစ်သည်။
ထိုသို့ ကလေး- တမူးလမ်းပိုင်းကို စစ်တပ်က ထိုးစစ်ဆင်နေသည့်အတွက် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။ တမူးမြို့နယ်ဘက်ခြမ်းရှိ ကျေးရွာများမှ စစ်ဘေးရှောင်ပြည်သူများ အိန္ဒိယဘက်သို့ နယ်စပ်ဖြတ်ကျော်ထွက်ပြေးတိမ်းရှောင်ချိန် နယ်စပ်၌ စစ်ဆေးမှုများ ပိုမိုတင်းကျပ်နေကြောင်း ဒေသခံများထံကသိရသည်။
“အတော်အသင့်တားဆီးတာတွေတော့ ရှိတယ်။ အစစ်အဆေးလဲ ပိုတင်းကျပ်တယ်။ ပိုလုံခြုံတယ်လို့ ခံစားရတော့လည်း နယ်စပ်ရွာကလေးတွေကို မှီခိုရတာပါ”ဟု ခါမ်းပါတ်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။
ကလေး – တမူးလမ်းပိုင်းကို နယ်မြေပြန်လည်စိုးမိုးနိုင်ရန် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် စစ်တပ်က ထိုးစစ် ဆင်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ရှေ့ဆက်မတိုးနိုင်ခဲ့ဘဲ ယခုတစ်ကြိမ် အိန္ဒိယခရီးစဉ်အပြီးတွင် တကျော့ပြန်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်အတွင်း ကြန့်ကြာနေသည့် စီမံကိန်းများဖြစ်သည့် သုံးနိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းစီမံကိန်းနှင့်ကုလားတန်မြစ်ကြောင်းဘက်စုံသုံးစီမံကိန်းကို အရှိန်မြှင့် အကောင်အထည်ဖော်ရန် သဘောတူခဲ့ခြင်းဖြစ်သော်လည်း ထိုစီမံကိန်းနှစ်ခုနယ်မြေများကို စစ်တပ်က အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိပေ။
အဝေးပြေးလမ်းစီမံကိန်းသည် မြန်မာက အလေးထားသည့် စီမံကိန်းတစ်ခုဖြစ်ပြီး အိန္ဒိယ- မြန်မာ နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေသည်ဟု အိန္ဒိယ သတင်းဌာန DDနှင့် အင်တာဗျူးတွင် စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ မိုရေးမြို့မှတဆင့် မြန်မာနိုင်ငံအလယ်ပိုင်းစစ်ကိုင်းတိုင်း၊ မန္တလေး၊ နေပြည်တော်၊ ကရင် ပြည်နယ်တို့ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ချိတ်ဆက်ထားသည့် မိုင် ၈၀၀ ကျော်ရှည်သည့် အဝေးပြေးလမ်းစီမံကိန်းတွင် စစ်ကိုင်းတိုင်းအတွင်း ကလေး- တမူးလမ်းပိုင်းနှင့် မုံရွာ- ယာကြီး- ကလေးဝ လမ်းပိုင်းတွင် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။
ထိုလမ်းပိုင်းဖြတ်သန်းသွားသည့် ကနီမြို့နယ်တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေသည်မှာ တစ်လခွဲ နီးပါးရှိနေပြီး ယာကြီး- ကလေးဝ လမ်းပေါ်ရှိ အချက်အချာကျသည့် ချောင်းမကျေးရွာတွင် စစ်တပ်က တပ်စွဲထားကြောင်း ဒေသခံများထံကသိရသည်။
“(စစ်တပ်ကလမ်းပိုင်းကို)မရပါဘူး။ ချောင်းမရွာကိုသာထိန်းချုပ်ထားတာပါ။ စစ်ကြောင်းကတော့ ထိုးပြီး လမ်းဘေးဝဲယာ လူနေအိမ်မီးရှို့၊ ပြည်သူတွေကိုသတ်ဖြတ်တာ လုပ်နေတာပါ”ဟု ကနီမြို့နယ် ဒေသခံတစ်ဦး က ပြောသည်။
စစ်တပ်ကြိုးကိုင်သည့် ရွေးကောက်ပွဲအပြီး စစ်ခေါင်းဆောင် သမ္မတရာထူးရယူပြီးနောက် တော်လှန်ရေး အင်အားစုများအားကောင်းရာ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ လက်လွှတ်ထားရသည့်နယ်မြေများနှင့် အရေးပါသည့် လမ်းပိုင်းများကို စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ရန်ကြိုးပမ်းနေသည်။