
ထရမ့် – ရှီ တည်ငြိမ်ရေးနဲ့ ကျားသနားမှ နွားချမ်းသာမယ့် မြန်မာ့အရေး
AI Summary
ဒေါ်နယ်ထရမ့်နှင့် ရှီကျင့်ဖျင်တို့၏ ထိပ်သီးဆွေးနွေးပွဲတွင် "အပြုသဘောဆောင်သော မဟာဗျူဟာမြောက် တည်ငြိမ်ရေး" ကို ဆွေးနွေးခဲ့ကြသော်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် အင်အားကြီးနိုင်ငံများကြား တည်ငြိမ်ရေး၏ အဓိပ္ပာယ်ကို ထပ်မံပြသနေသည်။ တရုတ်နိုင်ငံသည် မြန်မာကို နိုင်ငံရေးစနစ်အရ မကြည့်ဘဲ နယ်စပ်ဒေသရေးရာ၊ အရေးပါသော မြေရှားသတ္တု၊ ပိုက်လိုင်းများနှင့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် စသည့် မဟာဗျူဟာမြောက် အကျိုးစီးပွားများဖြင့်သာ ရှုမြင်သည်။ ထို့ကြောင့် တရုတ်သည် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို "သမ္မတသစ်" အဖြစ် အသိအမှတ်ပြုကာ ၎င်းတို့၏ စီမံကိန်းများနှင့် နယ်စပ်တည်ငြိမ်ရေးအတွက် ကတိကဝတ်များ ရယူခဲ့သည်။ တစ်ချိန်တည်းမှာပင် တရုတ်သည် ၎င်းတို့၏ အကျိုးစီးပွားများ ထိခိုက်လာပါက တော်လှန်ရေးအင်အားစုများဖြစ်သည့် KIA နှင့် AA တို့ကိုလည်း ဖိအားပေးလျက်ရှိသည်။ ဝါရှင်တန်အနေဖြင့် မြန်မာ့အရေးကို ကုန်သွယ်ရေး၊ မြေရှားသတ္တု သို့မဟုတ် တရုတ်ထိန်းချုပ်ရေး ကိစ္စများအဖြစ်သာ သဘောထားပါက မြန်မာ့ဒီမိုကရေစီရေး ခုခံတော်လှန်မှုသည် ပထမဆုံး မြေစာပင် ဖြစ်သွားနိုင်ကြောင်း ဆောင်းပါးက သတိပေးသည်။ အမေရိကန်သည် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပယ်ချခြင်း၊ စစ်တပ်၏ ဝင်ငွေနှင့် လေယာဉ်ဆီအပေါ် ပိတ်ဆို့မှုများ ဆက်လက်ထားရှိခြင်းနှင့် ဒီမိုကရေစီအင်အားစုများကို မိတ်ဖက်အဖြစ် အသိအမှတ်ပြုခြင်းဖြင့် မြန်မာနိုင်ငံကို တရုတ်၏ လက်အောက်ခံနိုင်ငံ မဖြစ်စေရန် ကူညီသင့်သည်။ အင်အားကြီးနိုင်ငံများ၏ အပေးအယူလုပ်မှုများကြားတွင် မြန်မာပြည်သူများသည် "ကျားသနားမှ နွားချမ်းသာမယ်" ဆိုသကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပြီး၊ ၎င်းတို့၏ ကာကွယ်ပေးမည့်သူကို ရှာဖွေနေရသည်။
ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ဟာ ပေကျင်းထိပ်သီးဆွေးနွေးပွဲတုန်းက “အပြုသဘောဆောင်တဲ့ မဟာဗျူဟာမြောက် တည်ငြိမ်ရေး” ဆိုတဲ့ စကားလုံးတွေ သုံးနှုန်းခဲ့ကြပါတယ်။ အင်အားကြီးနိုင်ငံတွေကြားက တည်ငြိမ်ရေးဆိုတာက တရုတ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံမျိုးတွေမှာ ဘယ်လို အဓိပ္ပာယ်ဆောင်လဲဆိုတာကို မြန်မာပြည်က စစ်ပွဲတွေက ထပ်ပြီး ပြသနေပါတယ်။
မေလထဲမှာ မြန်မာစစ်တပ်ဟာ မဟာဗျူဟာကျတဲ့ နယ်စပ်ဒေသတွေဘက်ကို ထိုးစစ်တွေ ပြန်ဆင်လာခဲ့တယ်။ အဲဒီထဲမှာ တရုတ်နယ်စပ်တစ်လျှောက် ကချင်ပြည်နယ်က မြေရှားသတ္တုတွင်းဒေသတွေလည်း ပါဝင်ပါတယ်။ အဲဒီဒေသကနေ ကမ္ဘာ့ မြေရှားသတ္တု ထုတ်လုပ်မှုရဲ့ ထက်ဝက်လောက် ထွက်နေပြီး တရုတ်ကြီးစိုးထားတဲ့ မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်ကို အဓိကပံ့ပိုးနေတာပါ။ ထိပ်သီးဆွေးနွေးပွဲရဲ့ စီးပွားရေးအကျိုးအမြတ်တွေအဖြစ် အိမ်ဖြူတော်ကထုတ်ပြန်ခဲ့တဲ့ တရုတ်ရဲ့ ကတိကဝတ်တွေထဲမှာ ဒီလို မြေရှားသတ္တု ပြတ်လပ်မှုတွေကို ဖြေရှင်းမယ့် ကိစ္စတွေလည်း ပါပါတယ်။
ဒါပေမဲ့ ထရမ့်- ရှီ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအကြောင်းက ခေါင်းကြီးပိုင်းသတင်း မဟုတ်ခဲ့ပါဘူး။ ဒါကပဲ အဓိက ထောက်ပြစရာဖြစ်ပါတယ်။ ဝါရှင်တန်ရဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေနဲ့ ပေကျင်းရဲ့ မဟာဗျူဟာမြောက် တည်ငြိမ်ရေးဆိုတဲ့ ကြားထဲမှာ၊ အင်အားကြီးနိုင်ငံတွေရဲ့ တွက်ကိန်းတွေကြား ပိတ်မိနေတဲ့ နိုင်ငံတွေအတွက် အန္တရာယ်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ “ဘယ်သူ့အတွက် မဟာဗျူဟာမြောက် တည်ငြိမ်ရေးလဲ” ဆိုတာပါပဲ။
ထရမ့်- ရှီ အပေးအယူ လုပ်တဲ့နေရာမှာ မြန်မာကို နာမည်တပ် ထည့်ပြောစရာမလိုဘဲနဲ့ မြန်မာနိုင်ငံအတွက် အန္တရာယ် ဖြစ်သွားနိုင်ပါတယ်။ ဝါရှင်တန်အနေနဲ့ အကောက်ခွန်ကိစ္စတွေ၊ အရှေ့အလယ်ပိုင်းအရေးကိစ္စတွေ၊ အရေးပါတဲ့ သတ္တုတွင်းထွက်ကိစ္စတွေကိုပဲ အာရုံစိုက်ပြီး ပေကျင်းရဲ့ အဓိက အကျိုးစီးပွားတွေကို ရှောင်လွှဲပေးလိုက်မယ်ဆိုရင်တော့၊ မြန်မာ့ဒီမိုကရေစီရေး ခုခံတော်လှန်မှုဟာ ပထမဆုံး မြေစာပင် ဖြစ်သွားနိုင်တဲ့ အန္တရာယ် ရှိပါတယ်။
မြန်မာဟာ တရုတ်အတွက် အယူဝါဒရေးရာမဟုတ်
ဒီအန္တရာယ်ကို နားလည်ဖို့ ဝါရှင်တန်အနေနဲ့ မြန်မာနိုင်ငံကို ပေကျင်းက မြင်သလို မြင်တတ်ဖို့ လိုပါတယ်။ တရုတ်က မြန်မာကို ကြည့်ရင် နိုင်ငံရေးစနစ်ကနေ အခြေခံပြီး ကြည့်တာမဟုတ်ပါဘူး။ နယ်စပ်ဒေသရေးရာ၊ အရေးပါတဲ့ သတ္တုတူးဖော်ရေး၊ ပိုက်လိုင်းတွေနဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကိုပဲ ဦးစားပေး ရှုမြင်ပါတယ်။
ဒီမဟာဗျူဟာအမြင်မှာ ရေကြောင်းဆက်သွယ်ရေး အချက်အချာ ဗဟိုကတော့ ရခိုင်ပြည်နယ်က ကျောက်ဖြူ ဖြစ်ပါတယ်။ တရုတ်- မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နဲ့ ချိတ်ဆက်ထားမယ့် ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ယူနန်ပြည်နယ်တောင်ပိုင်းကို သွယ်တန်းထားတဲ့ လက်ရှိပိုက်လိုင်းတွေဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းအတွက် အိန္ဒိယသမုဒ္ဒရာဆီကို ပိုကျယ်ပြန့်တဲ့ ထွက်ပေါက်တစ်ခု ဖန်တီးပေးမှာပါ။ အမေရိကန်နဲ့ ပဋိပက္ခဖြစ်လာခဲ့ရင် တရုတ်ရဲ့ စွမ်းအင်နဲ့ အရေးပါတဲ့ သွင်းကုန်တွေကို ခြိမ်းခြောက်နိုင်တဲ့ မလက္ကာရေလက်ကြား အကျပ်အတည်းကို ကျော်လွှားနိုင်မယ့် လမ်းကြောင်းလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာပြည်သူတွေအတွက်တော့ ကျောက်ဖြူဆိုတာ စစ်အာဏာရှင်စနစ်ကြောင့် ပျက်စီးချွတ်ခြုံကျနေတဲ့ နိုင်ငံထဲက ဒေသတစ်ခု ဖြစ်ပါတယ်။ အဲဒီဒေသမှာ စစ်တပ်ရဲ့ ထိန်းချုပ်နိုင်စွမ်းက သိသိသာသာ ကျဆင်းလာနေပြီး၊ တရုတ်ရဲ့ စီမံကိန်းတွေဟာလည်း မြေပြင်စစ်ပွဲ အခြေအနေတွေရဲ့ ရိုက်ခတ်မှုကို ပိုပိုပြီး ခံလာရပါတယ်။ ဒါက ဘာကိုပြသနေလဲဆိုတော့ ပေကျင်းရဲ့ မြန်မာ့အရေး မူဝါဒက ရှေ့နောက်မညီဘူးဆိုတာကိုပါ။ တရုတ်က တည်ငြိမ်မှုကို လိုချင်တယ် ပြောတယ်၊ ဒါပေမဲ့ အဲဒီတည်ငြိမ်မှုကို ဖျက်ဆီးပစ်ခဲ့တဲ့ စစ်တပ်နဲ့ကျတော့ လက်တွဲ အလုပ်လုပ်နေပါတယ်။
ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲတွေ ကျင်းပပြီး၊ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ကို အရပ်သားအစိုးရလို့ အမည်ခံထားတဲ့ အစိုးရအဖွဲ့ရဲ့ သမ္မတအဖြစ် တင်မြှောက်ပြီးတဲ့နောက်မှာတော့၊ တရုတ်က ဒီအခင်းအကျင်းသစ်ကို လက်တွေ့အလုပ်ဖြစ်မယ့် လမ်းကြောင်းအဖြစ် အမြန်ဆုံး အသိအမှတ်ပြု ဆက်ဆံလာခဲ့ပါတယ်။
ဧပြီလ ၂၅ ရက်နေ့က နေပြည်တော်မှာ ဗိုလ်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်ဘက်က ထုတ်ပြန်ရာမှာ ဗိုလ်မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ “သမ္မတသစ်” လို့ သုံးနှုန်းခဲ့ပါတယ်။ ပြီးတော့ မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း၊ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဆိုတဲ့ ပေကျင်းရဲ့ “ခိုင်မာတဲ့ ထောက်ခံမှု သုံးရပ်” ကိုလည်း ထပ်လောင်း အတည်ပြုပေးခဲ့ပါတယ်။
ဗိုလ်မင်းအောင်လှိုင်ဘက်ကလည်း စီးပွားရေးစင်္ကြံကို ရှေ့ဆက်ဖို့၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ နယ်စပ်တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့နဲ့ တရုတ်နိုင်ငံသားတွေနဲ့ စီမံကိန်းတွေကို ကာကွယ်ပေးဖို့ ကတိပြုပြီး တုံ့ပြန်ခဲ့တယ်။ တရုတ်အနေနဲ့ မြန်မာ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ထောက်ခံ ပြောပေးနေစရာမလိုပါဘူး။ သူတို့ရဲ့ အကျိုးစီးပွားအတွက် အသုံးဝင်တယ်လို့ သဘောထားရပ်တည်ပြလိုက်ရင်ကို အလုပ်ဖြစ်သွားပါတယ်။
ဒါ့အပြင် ဒီလိုအသိအမှတ်ပြုပေးမှုဆိုတာက ပေကျင်းရဲ့ ချဉ်းကပ်မှု တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။ တရုတ်ဟာ သူတို့ရဲ့ အကျိုးစီးပွားတွေ ထိခိုက်လာတဲ့အခါ တော်လှန်ရေးအင်အားစုတွေကိုလည်း ဖိအားပေးလေ့ရှိပါတယ်။ ပေကျင်းအတွက် အထူးအရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ မြေရှားသတ္တု ထွက်ရှိရာ ကချင်ပြည်နယ် မြောက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဟာ တရုတ်ရဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်လည်း တရုတ်ရဲ့ ပိုက်လိုင်းတွေနဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်း အဆုံးသတ်ရာ ကျောက်ဖြူမြို့ ပတ်ဝန်းကျင် တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ကို တရုတ်က ဖိအားပေးနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
ပေကျင်းရဲ့ အမြင်အရတော့ ဒါဟာ ပဋိပက္ခကို ထိန်းသိမ်းနိုင်ဖို့စီမံတာပါ။ ဒါပေမဲ့ မြန်မာပြည်သူအများစုရဲ့ အမြင်မှာတော့ ဒါဟာ ကိုယ်လိုသလို ခြယ်လှယ် အကျပ်ကိုင်တာပဲ ဖြစ်ပါတယ်။ စစ်ကောင်စီက နိုင်ငံတဝန်းက အရပ်သားတွေကို ဗုံးကြဲနေပေမယ့်၊ ဒါကို လျစ်လျူရှုပြီး တရုတ်ရဲ့ ဖိအားကတော့ နယ်စပ်ကုန်သွယ်ရေး၊ တွင်းထွက်သတ္တုတွေ၊ ပိုက်လိုင်းတွေနဲ့ ဆိပ်ကမ်းစီမံကိန်းတွေကို ခြိမ်းခြောက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေ အပေါ်ကိုပဲ အပြင်းထန်ဆုံး ကျရောက်နေပါတယ်။
တည်ငြိမ်ရေး ကျော့ကွင်း
တရုတ်သာ ကုန်သွယ်ရေးလမ်းကြောင်းတွေနဲ့ သတ္တုတွင်းဒေသတွေကို လုံခြုံအောင် လုပ်နိုင်ရင်၊ မြန်မာနိုင်ငံကို ပေကျင်းလက်ထဲ ထည့်ထားလိုက်တာ ကောင်းမယ်လို့ ဝါရှင်တန်က တချို့က တွေးကောင်း တွေးနိုင်ပါတယ်။ ထရမ့်အစိုးရအတွက်တော့ မြန်မာနိုင်ငံဟာ ဦးစားပေးအဆင့်နိမ့်တဲ့ ပြဿနာတစ်ခုလို ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ မူဝါဒက မြန်မာ့အရေးကို အကောက်ခွန်ကိစ္စ၊ မြေရှားသတ္တုကိစ္စ ဒါမှမဟုတ် တရုတ်ကို ထိန်းချုပ်ရေးဆိုတဲ့ ကျယ်ပြန့်တဲ့ မူဝါဒအရေး အဖြစ် သဘောထားလိုက်မယ်ဆိုရင်တော့၊ စစ်တပ်ဘက်က ဒီအချက်ပြမှုကို ကောင်းကောင်းကြီး သဘောပေါက်သွားနိုင်ပါတယ်။
တကယ်တော့ စစ်တပ်ဟာ သမ္မတ ထရမ့် မျက်စိကျနိုင်မယ့် သတင်းစကားတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေခဲ့တာ ကြာပါပြီ။ ၂၀၂၅ ခုနှစ် ဇူလိုင်လတုန်းက ဗိုလ်မင်းအောင်လှိုင်က ထရမ့်ကို ချီးကျူးစကားပြောခဲ့ပြီး၊ သွင်းကုန်ခွန်နဲ့ ပိတ်ဆို့အရေးယူမှုတွေ လျှော့ချပေးဖို့ တောင်းဆိုခဲ့တယ်။ ဝါရှင်တန်က သွင်းကုန်ခွန်တွေကို ဆက်ထားခဲ့ပေမယ့်၊ စစ်တပ်နဲ့ ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီအချို့အပေါ် ပိတ်ဆို့မှုတွေကိုတော့ လိုက်လျောပြီး ရုပ်သိမ်းပေးခဲ့တယ်။ အမေရိကန်ဘက်ကတော့ ဒါဟာ ဗိုလ်မင်းအောင်လှိုင်ရဲ့ တောင်းဆိုမှုနဲ့ မဆိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
အဲဒီနောက် ရက်ပိုင်းအတွင်းမှာပဲ၊ စစ်တပ်ဟာ ကုန်သွယ်ရေးနဲ့ သဘာဝသယံဇာတကိစ္စတွေ အပါအဝင် အမေရိကန်နဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ဖို့ လော်ဘီလုပ်ပေးမယ့် ဝါရှင်တန်အခြေစိုက် DCI Group ကို တစ်နှစ် ဒေါ်လာ သုံးသန်းနဲ့ ငှားရမ်းခဲ့ပါတယ်။
တချိန်တည်းမှာပဲ တရုတ်နဲ့ရုရှားကလည်း စစ်တပ်ဘက်ကနေ အကာအကွယ်တွေ ထပ်ပေးပြန်ပါတယ်။ ထရမ့်ရဲ့ခရီးစဥ်အပြီးလေးမှာတင် တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ဟာ ပြည်တွင်းရေး ဝင်မစွက်ဖက်ဖို့နဲ့ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုတွေကို ဆန့်ကျင်ကြောင်း ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံအကြောင်း မပါပေမယ့်၊ သူတို့ ပြောနေတဲ့ ယုတ္တိသဘောမှာတော့ ပြင်ပဖိအားတွေကို ကာကွယ်ဖို့ဆိုတာက စစ်တပ်အတွက် သံတမန်ရေးရာ အကာအကွယ် ဖြစ်စေခဲ့ပါတယ်။
အမေရိကန် ကွန်ဂရက်လွှတ်တော်ဘက်ကတော့ တခြား သတင်းစကားတစ်ခုကို ပေးနေပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ တင်သွင်းခဲ့တဲ့ ပါတီနှစ်ရပ်လုံးက ထောက်ခံထားတဲ့ BRAVE Burma Act ဥပဒေဟာ စစ်တပ်ရဲ့ ရန်ပုံငွေတွေကို ဖြတ်တောက်ဖို့၊ ပိတ်ဆို့အရေးယူမှုတွေ ပိုမိုတင်းကျပ်ဖို့နဲ့ တရုတ်နဲ့ ရုရှားရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာပါ။
စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲတွေဟာ “အရေးပါတဲ့ ဒေသတစ်ခုမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ပိုမိုနက်ရှိုင်းလာစေဖို့ ခြိမ်းခြောက်နေတယ်” လို့ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနယ် (Mitch McConnell) က သတိပေးခဲ့ပါတယ်။ မေလ ၂၆ ရက်နေ့က အမေရိကန်အပါအဝင် လေးနိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ Quad ကလည်း မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့ တောင်းဆိုရင်း၊ အရေးပါတဲ့ တွင်းထွက်သတ္တု ပူးပေါင်းဆောင်ရွက်ရေးကို ရှေ့တိုးလုပ်ဆောင်မယ့်အကြောင်း ထုတ်ပြန်ပြီး အဲဒီသတိပေးချက်ကို ပိုမိုခိုင်မာစေခဲ့ပါတယ်။
မဟာဗျူဟာမြောက် တခြား ရွေးချယ်စရာ
တရုတ်နဲ့ ဆက်ဆံတဲ့နေရာမှာ စစ်တပ်တစ်ခုတည်းကသာ လုပ်နိုင်တာ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ မြန်မာ့ဒီမိုကရေစီလိုလားသူတွေရဲ့ စင်ပြိုင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာလည်း အိမ်နီးချင်းကောင်း ပီသရေး၊ “တရုတ်တစ်ပြည်ထောင်” မူဝါဒ ကျင့်သုံးရေး၊ တရားဝင် တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ပေးရေးနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးပေါင်းနှိမ်နင်းရေး အစရှိတဲ့ အချက် ၁၀ ချက်ပါ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒ ရှိထားပါတယ်။
ပေကျင်းအနေနဲ့ NUG ကို မယုံကြည်တာမျိုး ဖြစ်နိုင်ပေမယ့်၊ သူတို့ရဲ့ မူဝါဒက တရုတ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက်တော့ စစ်အာဏာရှင်စနစ် မလိုအပ်ဘူးဆိုတာကို ပြသနေပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ မြန်မာနိုင်ငံ ဆိုရင်လည်း တရုတ်ကို အလိုအလျောက် ဆန့်ကျင်နေမှာမျိုး မဟုတ်ဘူးဆိုတာ ပြနေပါတယ်။ တစ်ဖက်မှာတော့ စစ်တပ် အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံကတော့ အမြဲတမ်း မတည်မငြိမ် ဖြစ်နေမှာဆိုတာကို သိစေပါတယ်။
ဒါကြောင့်မို့ ဝါရှင်တန်အနေနဲ့ မြန်မာနိုင်ငံကို ပေကျင်းလက်ထဲ ပေါ်တင်ဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ ထိုးမအပ်လိုက်သင့်ပါဘူး။ အဲဒီအစား BRAVE Burma Act ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်တာ၊ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပယ်ချတာ၊ ဗိုလ်မင်းအောင်လှိုင်ကို တရားဝင်မှု ဖြစ်စေမယ့် ထိပ်ပိုင်းအဆင့် ထိတွေ့ဆက်ဆံရေးတွေကို ရှောင်ကြဉ်တာ၊ စစ်တပ်ရဲ့ ဝင်ငွေနဲ့ လေယာဉ်ဆီတွေအပေါ် ပိတ်ဆို့မှုတွေကို ဆက်လက် အာရုံစိုက်ထားတာ၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီတွေကို ထောက်ပံ့တာတွေက အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် ပိုပြီး အကျိုးရှိစေမှာပါ။
အမေရိကန်အနေနဲ့ မြန်မာ့ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကို၊ ပြိုင်ဘက် အင်အားကြီးနိုင်ငံတွေ လိုချင်တပ်မက်နေတဲ့ သတ္တုတွင်းတွေကို စောင့်ရှောက်ပေးရမယ့် တံခါးမှူးတွေအဖြစ် သက်သက်သဘောမထားဘဲ ဖက်ဒရယ်အနာဂတ်အတွက် မိတ်ဖက်တွေအဖြစ် အသိအမှတ်ပြုသင့်ပါတယ်။ ဒါက မြန်မာနိုင်ငံကို ကြားခံစစ်တလင်းအဖြစ် ပြောင်းလဲပစ်ဖို့ အထိ မလိုပါဘူး။ ကျရှုံးနေတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ တရုတ်က စီမံခန့်ခွဲတဲ့ လက်အောက်ခံနိုင်ငံတစ်ခု မဖြစ်သွားအောင် မြန်မာနိုင်ငံကို ကူညီပေးဖို့ပဲ လိုတာပါ။
အမေရိကန်- တရုတ် ဆက်ဆံရေး တည်ငြိမ်လာတာဟာ ကောင်းတဲ့သဘောပါ။ အရှေ့တောင်အာရှက ဘယ်နိုင်ငံကမှလည်း အင်အားကြီးနိုင်ငံ နှစ်ခုကြား စစ်ဖြစ်တာကို မလိုလားကြပါဘူး။ ဒါပေမဲ့ နိုင်ငံငယ်လေးတွေကို စွန့်ပစ်ပြီး တည်ဆောက်ထားတဲ့ “အပြုသဘောဆောင်တဲ့ မဟာဗျူဟာမြောက် တည်ငြိမ်ရေး” ဆိုတာဟာ လက်တွေ့ကျတဲ့ မူဝါဒတစ်ခု မဟုတ်ပါဘူး၊ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် နောက်ဆုတ်သွားမှု သက်သက်ပါပဲ။
မြန်မာနိုင်ငံမှာတော့၊ အင်အားကြီးနိုင်ငံတွေရဲ့ အပေးအယူလုပ်မှုတွေကြားထဲ တော်လှန်ရေးကို ပစ်ထားခဲ့တာဟာ၊ ပြည်သူတွေကို “ကျားသနားမှ နွားချမ်းသာမယ်” ဆိုတဲ့ မြန်မာစကားပုံလို အခြေအနေမျိုးဆီ တွန်းပို့လိုက်တာပါ။
ထရမ့်- ရှီ တို့ရဲ့ မဟာဗျူဟာမြောက် တည်ငြိမ်ရေးဆိုတဲ့ စကားလုံးတွေက ပေကျင်းနဲ့ ဝါရှင်တန်မှာတော့ အေးချမ်းတဲ့လေသံမျိုး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာတော့ ဒါဟာ ပိုပြီးခက်ခဲတဲ့ မေးခွန်းတစ်ခုကို ထွက်ပေါ်လာစေပါတယ်၊ “အင်အားကြီးနိုင်ငံတွေက တစ်ဦးနဲ့တစ်ဦး သတ်မှတ်ထားတဲ့ စည်းတွေကို မကျော်ဖို့ သဘောတူလိုက်ကြရင်၊ အဲဒီကြားထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ဘယ်သူက ကာကွယ်ပေးမှာလဲ” ဆိုတဲ့ မေးခွန်းပါပဲ။
(Asia Times တွင် ဖော်ပြခဲ့သည့် The cost of Trump-Xi detente will be paid in Myanmar ဆောင်းပါးကို စာရေးသူ ကိုယ်တိုင် မြန်မာလို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။)(ငြိမ်းချမ်းအေးသည် ဝါရှင်တန်ဒီစီ အခြေစိုက် သတင်းစာဆရာနှင့် စာရေးဆရာတစ်ဦး ဖြစ်ပြီး မြန်မာ၊ အမေရိကန်၊ တရုတ် နှင့် ဒေသတွင်းရေးရာများကို ရေးသားနေသူ ဖြစ်သည်။ ယခင်က BBCနှင့် VOA တို့တွင် အလုပ်လုပ်ကိုင်ခဲ့သည်။)