
အီဘိုလာရောဂါကူးစက်မည်ကိုစိုးရိမ်သဖြင့် ဒီအာကွန်ဂိုနှင့် ကမ္ဘာ့ဖလားခြေစမ်းပွဲကို စပိန်ပယ်ဖျက်
AI Summary
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဘောလုံးအသင်းနှင့် ချီလီအသင်းတို့ ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် ခြေစမ်းပွဲကို စပိန်နိုင်ငံ လာလီနီယာမြို့တွင် ကျင်းပရန်ရှိသော်လည်း မြို့တော်ဝန်က ဖျက်သိမ်းလိုက်သည်။ အဆိုပါဆုံးဖြတ်ချက်မှာ ကွန်ဂိုနိုင်ငံ၌ ဖြစ်ပွားနေသော အီဘိုလာရောဂါကူးစက်မှုကြောင့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများရှိနေခြင်းကြောင့် ဖြစ်သည်။ ဤပွဲစဉ်ဖျက်သိမ်းမှုကြောင့် ကွန်ဂိုဘောလုံးအသင်းနှင့် ပွဲစီစဉ်သူများ ထိခိုက်နစ်နာမှုရှိခဲ့သည်။ ဒေသဆိုင်ရာ ကျန်းမာရေးဌာန၏ အကြံပြုချက်အရ ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ လက်ရှိတွင် ကွန်ဂိုအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘယ်လ်ဂျီယံနိုင်ငံ၌ အခြေစိုက်လေ့ကျင့်နေပြီး ပြိုင်ပွဲဝင်ရောက်ရန်အတွက် သတ်မှတ်ထားသော ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာဆောင်ရွက်လျက်ရှိသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ပါဝင်ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားမတိုင်မီ ခြေစမ်းပွဲတစ်ပွဲကို အာဖရိကနိုင်ငံ၌ ဖြစ်ပွားနေသော အီဘိုလာရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးစိုးရိမ်မှုများကြောင့် အဆိုပါဘောလုံးပွဲကို လက်ခံကျင်းပမည့် စပိန်မြို့တော်၏ မြို့တော်ဝန်က ဖျက်သိမ်းလိုက်သည်။
"ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ချီလီတို့အကြား ဇွန်လ ၉ ရက်နေ့မှာ ကျင်းပမယ့်ပွဲကို ပိတ်ပင်တဲ့ အမိန့်စာကို ကျွန်တော် လက်မှတ်ရေးထိုးလိုက်ပါပြီ" ဟု စပိန်နိုင်ငံတောင်ပိုင်း လာလီနီယာ ဒီ လာ ကွန်ဆက်စီယွန် (La Linea de la Concepcion) မြို့၏ မြို့တော်ဝန် ဟွမ် ဖရန်ကို (Juan Franco) က ပြောကြားခဲ့သည်။
၎င်းသည် "ကြိုတင်ကာကွယ်သည့် အစီအမံ" တစ်ခုဖြစ်ပြီး အန်ဒလူစီယာ (Andalusia) ဒေသဆိုင်ရာ အစိုးရ၏ ကျန်းမာရေးဌာနမှ အကြံပြုချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖရန်ကိုက ဆိုသည်။
လူဦးရေ ၆၅,၀၀၀ ရှိပြီး ဂျီဘရော်လ်တာနယ်စပ်နှင့် နီးကပ်သော လာလီနီယာမြို့၏ မြို့တော်ဝန်က မြို့တော်၏ ဆေးဘက်ဆိုင်ရာဌာန အကြီးအကဲကလည်း အဆိုပါပွဲကို ကျင်းပခြင်းမပြုရန် အကြံပြုထားကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
"လာလီနီယာမြို့တော်ဝန်ရုံး ကျန်းမာရေးဌာန အကြီးအကဲရဲ့ အစီရင်ခံစာမှာ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကို ထည့်သွင်းစဉ်းစားပြီး ဒီပွဲကို လက်ခံကျင်းပခြင်းမပြုဖို့ ပြတ်ပြတ်သားသား အကြံပြုထားပါတယ်" ဟု ၎င်းက ပြောသည်။
၁၉၇၄ ခုနှစ်တွင် ဇိုင်ယာ (Zaire) အမည်ဖြင့် ပါဝင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားသို့ ခြေစစ်ပွဲအောင်မြင်ထားသည့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအသင်းသည် ဗုဒ္ဓဟူးနေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ လီယက်ချ် (Liege) မြို့၌ ဒိန်းမတ်အသင်းနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားသည်။
ပြီးခဲ့သည့်လက အီဘိုလာရောဂါ ဖြစ်ပွားမှုဒဏ်ကို ခံခဲ့ရပြီးနောက် အသင်းသည် ၎င်းတို့နိုင်ငံ၌ ပြုလုပ်ရန် စီစဉ်ထားသည့် ကမ္ဘာ့ဖလားမတိုင်မီ လေ့ကျင့်ရေးစခန်းကို ဖျက်သိမ်းခဲ့ပြီး ကစားသမားများမှာ ဘယ်လ်ဂျီယံနိုင်ငံ၌သာ အခြေစိုက်နေထိုင်လျက်ရှိသည်။ အဆိုပါ အာဖရိကနိုင်ငံ၏ ဘောလုံးအဖွဲ့ချုပ်က အသင်းအနေဖြင့် ကမ္ဘာ့ဖလားကို လက်ခံကျင်းပမည့် နိုင်ငံများက ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ပြောကြားထားသည်။
အလွန်ကူးစက်မြန်သော အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ (haemorrhagic fever) ဖြစ်ပွားမှုကို ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း၌ မေလလယ်ပိုင်းတွင် ကြေညာခဲ့သည်။
ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့ ပူးတွဲလက်ခံကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကွန်ဂိုအသင်းသည် အမေရိကန်နိုင်ငံသို့ မဝင်ရောက်မီ ၂၁ ရက်ကြာ သီးခြားခွဲနေထိုင်ရမည်ဖြစ်ကြောင်း အမေရိကန်အာဏာပိုင်များက မေလ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအသင်းသည် ပြိုင်ပွဲကာလအတွင်း အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့၌ အခြေစိုက်ရန် စီစဉ်ထားပြီး ဇွန်လ ၁၇ ရက်နေ့တွင် ပေါ်တူဂီအသင်းနှင့် အုပ်စု (K) ပွဲစဉ်ကို စတင်ကစားမည်ဖြစ်သည်။
ထို့နောက် ကွန်ဂိုအသင်းသည် ဇွန်လ ၂၄ ရက်နေ့တွင် မက္ကဆီကိုနိုင်ငံ၊ ဂွာဒါလာဂျာရာ (Guadalajara) မြို့သို့ သွားရောက်၍ ကိုလံဘီယာအသင်းနှင့် ကစားရန် စီစဉ်ထားပြီး၊ ဇွန်လ ၂၈ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့၌ ဥဇဘက်ကစ္စတန်အသင်းနှင့် ကစားရန် ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။