မြန်မာစစ်အာဏာရှင်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ တွေ့ဆုံမှုက တော်လှန်ရေးအပေါ် ထိခိုက်နိုင်မလား

မြန်မာစစ်အာဏာရှင်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ တွေ့ဆုံမှုက တော်လှန်ရေးအပေါ် ထိခိုက်နိုင်မလား

DVB
SourceDVB

AI Summary

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၁ ရက်နေ့တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် နယူးဒေလီ၌ တွေ့ဆုံခဲ့သည်။ ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သော ဤတွေ့ဆုံမှုတွင် အိန္ဒိယက ရခိုင်ဓာတ်ငွေ့၊ ကုလားတန်စီမံကိန်းနှင့် နယ်စပ်လုံခြုံရေးတို့ကို လိုလားပြီး၊ မင်းအောင်လှိုင်က တော်လှန်ရေးအဖွဲ့များ ရှင်းလင်းရေးနှင့် ၎င်း၏အစိုးရကို အသိအမှတ်ပြုရန် ရည်ရွယ်သည်။ လေ့လာသူများက မင်းအောင်လှိုင်သည် တရုတ်-အိန္ဒိယ အားပြိုင်မှုကို အခွင့်ကောင်းယူကာ နိုင်ငံတကာအင်အားကြီးများအကြား အပေးအယူလုပ်ရန် ကြိုးပမ်းနေသည်ဟု သုံးသပ်သည်။ ဤတွေ့ဆုံမှုသည် တော်လှန်ရေးအင်အားစုများအတွက် အန္တရာယ်ရှိနိုင်ပြီး၊ မင်းအောင်လှိုင်က ပြည်တွင်း၌ ဝါဒဖြန့်ရန် ဓာတ်ပုံအခွင့်အရေး ရရှိခဲ့သည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် မြေပြင်ထိန်းချုပ်မှုကို ခိုင်မာအောင်လုပ်ဆောင်ရန်၊ အိန္ဒိယပြည်နယ်အဆင့် ခေါင်းဆောင်များနှင့် ဆက်ဆံရေးတည်ဆောက်ရန်နှင့် တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရရေးအတွက် ဗျူဟာမြောက်ချဉ်းကပ်ရန် လိုအပ်ကြောင်း သုံးသပ်သူများက အကြံပြုသည်။

Photo: MRTV

အိန္ဒိယနိုင်ငံမှာ အလည်အပတ်ရောက်ရှိနေတဲ့ မြန်မာစစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက   နယူးဒေလီမြို့မှာရှိတဲ့ ဟိုက်ဒရာဘတ်ဟောက်စ် နိုင်ငံတော်ဧည့်ဂေဟာမှာ ဇွန် ၁ ရက်က တွေ့ဆုံခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒီနောက် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ရုံးမှာ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပေမဲ့ အသေးစိတ် ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ နှစ်ဖက်စလုံးက သတင်းမထုတ်ပြန်သေးပါဘူး။

စစ်အာဏာရှင်သမ္မတက အိန္ဒိယနဲ့ ဘာတွေသဘောတူညီမှုယူပြီး ဘယ်လို အပေးအယူလုပ်လာဖို့ ရှိနေတယ်ဆိုတာ သီးသန့်တွေ့ဆုံမှုမှာ ဆွေးနွေးကြတာ ဖြစ်ဖို့ရှိတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ပြီး ဝန်ကြီးချုပ်မိုဒီနဲ့ စစ်အာဏာရှင်သမ္မတတို့ နှစ်နိုင်ငံသတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ အစီအစဉ်ရှိနေပေမဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တွေ့ဆုံမှုမတိုင်ခင် ကြေညာချက်အတိုင်း ကုန်သွယ်ရေးနဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေကို အပေါ်ယံ သတင်းထုတ်ပြန်ဖို့သာ ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲက သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ရယူနိုင်ရေး၊ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို ဆက်အကောင်အထည်ဖော်ရေး၊ နယ်စပ်က ကသည်း၊ နာဂသူပုန်တွေကို နှိမ်နင်းရေးတို့ကို အိန္ဒိယက အလိုရှိနေတယ်လို့ ဝါရှင်တန်ဒီစီ ချင်းကွန်မြူနတီ ခေါင်းဆောင်က မှတ်ချက်ပေးပါတယ်။

အလားတူပဲ စစ်အာဏာရှင်က စစ်ကိုင်း၊ ချင်း၊ ရခိုင်ပြည်နယ်တို့က တော်လှန်ရေးအစုအဖွဲ့တွေကို ရှင်းလင်းရာမှာ အိန္ဒိယအစိုးရက အကူအညီပေးဖို့နဲ့ သူတို့ကို အစိုးရတရပ်အဖြစ် အသိအမှတ်ပြုရေးကို လိုလားနေတာပါ။

ဝါရှင်တန်ဒီစီ၊ ချင်းကွန်မြူနတီ ဥက္ကဋ္ဌ ဒေါင်ခုပ်က “အိန္ဒိယက AA နဲ့တောင်မှ နှစ်ခေါက် သုံးခေါက်တောင်မှ တွေ့ဆုံပြီးသွားပြီ။ အခု AA က နောင်နှစ်ဆိုလို့ရှိရင် ရခိုင်ပြည်တခုလုံးကို ထိန်းချုပ်နိုင်တော့မဲ့ အနေအထား ဖွင့်ပြောလာတဲ့ အနေအထား ရှိတယ်ပေါ့။ မင်းအောင်လှိုင်က အဲဒါကို တော်တော်လေးကို သူစိုးရိမ်တယ်။​ AA နဲ့ အိန္ဒိယနဲ့ တွေ့ဆုံမှုတွေ သူ ပွဲဖျက်ချင်တယ်။ အိန္ဒိယကို သူ မက်လုံးပေးမယ်၊ အိန္ဒိယနဲ့ AA ကြားမှာရှိတဲ့ သဘောတူညီမှုတွေကို သူက ဖျက်ပါလိမ့်မယ်။ အိန္ဒိယကလည်း သူက အဆမတန်ကို တောင်းလိမ့်မယ်။ သူလိုချင်တာ ရအောင်တောင်းပြီးတော့မှ အိန္ဒိယ-မြန်မာနယ်စပ် ထိန်းချုပ်နိုင်ဖို့ကို မင်းအောင်လှိုင်ကို သူ ကူညီရင်လည်း ကူညီနိုင်တယ် ပြောလို့မရဘူး။ အဲဒါကြောင့် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ အတွက် အများကြီး အန္တရာယ်ရှိနိုင်တယ်။ ပေါ့လို့ လုံးဝမရပါဘူး။ မင်းအောင်လှိုင်က တော်လှန်ရေးအင်အားစုကို ဖြိုခွင်းဖို့ ဆိုလို့ရှိရင် သူက ဘာပေးရပေးရ ပေးနိုင်တဲ့ အနေအထားရှိတယ်။ မင်းအောင်လှိုင်ရဲ့ ရက်စက်ယုတ်မာတဲ့ အကြံအစည်တွေသာ အောင်မြင်တယ် ဆိုလို့ရှိရင် သူက မြန်မာပြည်ကို ရောင်းစားနေတာ၊ တရုတ်ကို အများကြီးရောင်းစားပြီးပြီ။ အခုလည်း အိန္ဒိယဆီမှာ သူရောင်းစားလိမ့်မယ်။ ကျနော်တို့မှာ အခွံပဲကျန်တော့မယ်။ တော်လှန်ရေးကို ထိခိုက်မှာလည်း တော်တော်လေး စိုးရိမ်ပါတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်သမ္မတဟာ တရုတ်အစိုးရရဲ့ အကူအညီကြောင့် ဆက်လက်ရပ်တည်နိုင်တာ ဖြစ်ပေမဲ့ သမ္မတရာထူးကို ဖန်တီးရယူပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် တရုတ်ရဲ့ပြိုင်ဘက် အိန္ဒိယနိုင်ငံကို သွားခဲ့တာပါ။

ဒီလုပ်ရပ်ဟာ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့ အားလုံးနဲ့ တပြိုင်တည်းမှာ အပေးအယူ တန်ဖိုးနှုန်းထားကို ကစားဖို့ ခြေလှမ်းပြင်တာဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “AA ဖြစ်ဖြစ် ချင်းပဲဖြစ်ဖြစ် အနေအထိုင်ကျုံ့တာ ခက်ခဲတာ ရှိနိုင်တာပေါ့၊ ဒီလောက်ကတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျမကတော့ သိပ်မပူဘူးဗျ။ ခင်ဗျားကို ဘယ်သူကပြောလဲ ဒါ သတင်းကောင်းမဟုတ်ဘူးလို့။ နေပါစေဗျာ သွားစမ်းပါစေ၊ မင်းအောင်လှိုင်အတွက်က ဆုပ်ဆူး စားရူးပါ။ ကျမတို့ တော်လှန်ရေးဘက်ကတော့ ပြတ်သားဖို့လိုတယ်။ တော်လှန်ရေးသမားတွေ အချင်းချင်းကြားမှာ ပဋိပက္ခတွေ အဲဒါတွေကို ကျော်နင်းနိုင်ဖို့တော့ လိုတာပေါ့ဗျာ၊ အဲဒါက ပိုအန္တရာယ်ရှိတာ” လို့ ပြောပါတယ်။

နယူးဒေလီမှာ ပြုလုပ်ခဲ့တဲ့ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ ပူးပေါင်းထားတဲ့ Quad အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ပူးတွဲကြေညာချက်ကို မေ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကြေညာချက်ထွက်ပေါ်အပြီး ၂ ရက်အကြာမှာ စစ်အာဏာရှင်သမ္မတကို ဖိတ်ကြားကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ခဲ့တာပါ။

ဖြစ်စဉ် ၂ ခုဆက်တိုက် ဖြစ်ခဲ့ပေမဲ့ အိန္ဒိယရဲ့ စစ်အာဏာရှင်သမ္မတကို ဖိတ်ခေါ်မှုဟာ Quad အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ သဘောထားတော့ မဟုတ်ဘူးလို့ ဩစတြေးလျနိုင်ငံအခြေစိုက် မြန်မာနိုင်ငံနဲ့ ဆက်စပ် ပထဝီနိုင်ငံရေး၊ စီးပွားရေး သုံးသပ်သူတယောက်က မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံနဲ့ဆက်စပ် ပထဝီနိုင်ငံရေး၊ စီးပွားရေး သုံးသပ်သူ မွန်ဇင်က “ဩစတြေးလျက အိန္ဒိယကို မင်းက ဘာလို့ မင်းအောင်လှိုင်နဲ့ ဘာလို့ သွားစကားပြောတာလဲလို့ သူတို့က မေးမှာမဟုတ်ဘူး။ ဩစတြေးလျအစိုးရအနေနဲ့ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ ပေါ်လစီတွေကို ပြောင်းဖို့ရှိပါသလား ဆိုတော့ လုံးဝမရှိပါဘူး။ UN နဲ့လည်း တသားတည်းပါပဲဆိုတဲ့ စကားလုံးတွေကိုပဲ သူတို့က ထပ်ခါထပ်ခါ ပြောတယ်။ နောက် Cyber Scam၊ Cyber Security၊ ဒေသတွင်း လုံခြုံရေးနဲ့ ပတ်သက်တဲ့ စကားတွေကိုလည်း တဖြည်းဖြည်းနဲ့ ထည်လဲသုံးလာတယ်။ ဒါ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ ဩစတြေးလျအနေနဲ့ တိုးမြှင့်ပြီးတော့ မြင်လာတဲ့ အရာတခု။ ဒီ အင်ဒို-ပစိဖိတ် အတွင်းမှာ တကယ့်ကို လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ပြဿနာအကြီးကြီးဖြစ်လာတဲ့ ကိစ္စအနေနဲ့ သူတို့က မြင်လာတယ်ပေါ့” လို့‌ ပြောပါတယ်။

တရုတ်-အိန္ဒိယ အားပြိုင်မှုကို စစ်အာဏာရှင်သမ္မတက အခွင့်အရေးယူနေသလို တော်လှန်ရေးဦးဆောင် အဖွဲ့အစည်းတွေကလည်း ဗျူဟာမြောက် ချဉ်းကပ်နိုင်ဖို့ လိုအပ်နေတာပါ။

ဖက်ဒရယ်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် တော်လှန်ရေးအင်အားစုတွေမှာ ခိုင်မာတဲ့ ဘုံသဘောတူညီမှု ရှိကြောင်းနဲ့ စစ်အာဏာရှင်စနစ်အလွန်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ အကျိုးစီးပွားအတွက် ကောင်းမွန်တဲ့ အစိုးရတရပ် ထူထောင်နိုင်ကြောင်း သက်သေပြနိုင်ဖို့လည်း လိုအပ်နေတယ်လို့ မြန်မာ့အရေး ဆောင်ရွက်သူတယောက်က မှတ်ချက်ပေးပါတယ်။

အမေရိကန်ရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ကိုရင်အေးက “မင်းအောင်လှိုင်ကတော့ ဒါကြီးကို ရေးကြီးခွင်ကျယ်လုပ်ပြီးတော့ ပြည်တွင်းကလူတွေကို စိတ်ဓာတ်ကျအောင် စိတ်ဓာတ်စစ်ဆင်ရေးကတော့ လုပ်မှာပဲ။ တကယ်တမ်း ပြန်ကြည့်ရင်တော့ လုံးဝမဟုတ်ဘူး၊ သူ့ကို အသိအမှတ်ပြုတဲ့ကိစ္စ လုံးဝမဖြစ်နိုင်ဘူး။ ဒီခရီးစဉ်ကြောင့် မင်းအောင်လှိုင်က တရားဝင် အသိအမှတ်ပြုမှု ရသွားပါပြီ ဆိုတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း ဝါဒဖြန်ချိဖို့အတွက် ဓာတ်ပုံအခွင့်အရေးတခု ရသွားပြီးတော့ ဝါဒဖြန့်နေတာတွေတော့ ပြည်တွင်းမှာ ဝေဝေဆာဆာ လုပ်လာမယ်၊ မိုးလုံးပြည့် လေလုံးတိုက်ခိုက်မှုတွေ ဒါတော့ လာမှာပေါ့နော်၊ ဒီလောက်လုပ်ခွင့်တော့ ရသွားတာပေါ့” လို့ ပြောပါတယ်။

နိုင်ငံတကာရဲ့ အစိုးရတရပ်အဖြစ် အသိအမှတ်ပြုခံရရေးမှာ တော်လှန်ရေးအင်အားစုတွေက စစ်ရေးနဲ့ မြေပြင်ထိန်းချုပ်မှုတွေမှာလည်း ပိုအားကောင်းခိုင်မာဖို့ လိုအပ်နေတာပါ။

မြေပြင်စစ်ရေးကို အရှိန်မြှင့်တင်ပြီး စစ်တပ်ကို အသာစီးယူထားနိုင်ဖို့၊ စစ်အာဏာရှင်သမ္မတက သံမန်ရေးအရ ထွက်ပေါက်ရှာနေတာနဲ့ တချိန်တည်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေနဲ့ အရေးပါတဲ့ တပ်စခန်းတွေကို ပြန်ထိန်းချုပ်နိုင်ရေးဟာလည်း တော်လှန်ရေးအင်အားစုတွေအတွက် စိန်ခေါ်မှု ဖြစ်လာပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “မြေပြင်ထိန်းချုပ်မှု Defacto Control က တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှုဆိုတဲ့ De Jure Recognition ကိုရဖို့ အဓိကသော့ချက်ဆိုတာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ခိုင်ခိုင်မာမာ နားလည်လက်ခံပြီး ဆောင်ရွက်ဖို့ လိုအပ်တယ်။ အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်တွေ မီဇိုရမ်လို မဏိပူရလို ပြည်နယ်တွေ၊ နောက်တခါ ဒေသခံလူထုတွေနဲ့ ကုန်သည်တွေရှိတယ်၊ ကုန်သည်ကြီးတွေ အသင်းတွေ ဆိုတာ မြေပြင်ငြိမ်းချမ်းရေးနဲ့ ကုန်သွယ်ရေးကို လိုလားကြတဲ့သူတွေဖြစ်တယ်။ အဲဒီလို ပြည်နယ်အဆင့် ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကို တည်ဆောက်ပြီးမှ ဗဟိုအစိုးရရဲ့ မူဝါဒတွေကို အောက်ခြေကနေ ပြောင်းလဲနိုင်အောင် တွန်းအားပေးတဲ့ Sub National Diplomacy တွေကိုလည်း တော်လှန်ရေးအင်အားစုတွေနဲ့ NUG, SCEF, ERO တို့လို State Holder တွေက စနစ်တကျ အသုံးချပြီးတော့ ဗျူဟာမြောက် လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်” လို့ ပြောပါတယ်။

စီမံကိန်းတွေကို အကာအကွယ်ပေးမဲ့အကြောင်း အိန္ဒိယအစိုးရကို ကမ်းလှမ်းတာ၊ တရားဝင် အကြောင်းကြားပြီး စည်းရုံးတာမျိုးတွေ ပြုလုပ်သင့်တယ်လို့ လေ့လာသူတွေက အကြံပြုပါတယ်။

သံတမန်ရေးလမ်းကြောင်းသစ်တွေ ရှာပြီး အိန္ဒိယရဲ့ စိုးရိမ်ပူပန်နေတဲ့ အချက်တွေကို ထိန်းသိမ်းပေးနိုင်တယ်ဆိုတာ တော်လှန်ရေးအင်အားစုတွေက ခိုင်လုံမှုပေးနိုင်မှ စစ်တပ်ရဲ့ အားထုတ်မှုကို ပြိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

နယ်စပ်ဒေသနဲ့ ထိန်းချုပ်နယ်မြေတွေမှာ တော်လှန်ရေးအင်အားစုတွေက တည်ငြိမ်တဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ တရားဥပဒေစိုးမိုးအောင် ဆောင်ရွက်နိုင်စွမ်းရှိကြောင်း စံနမူနာပြသနိုင်ဖို့လည်း လိုအပ်နေတာ ဖြစ်ပါတယ်။

သုတချမ်းသာ

ဆက်စပ်သတင်းများ

AI Curated
မြန်မာစစ်အာဏာရှင်နှင့် အိန္ဒိယဝန်ကြီးချုပ်တို့ တွေ့ဆုံမှုက တော်လှန်ရေးအပေါ် ထိခိုက်နိုင်မလား | YGN Daily